သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်းအခြေစိုက် စစ်ကောင်စီတပ်စခန်း KIA သိမ်းပိုက် 


KIA တပ်ဖွဲ့ဝင်များ
KIA တပ်ဖွဲ့ဝင်များ

ကချင်ပြည်နယ်အနောက်ပိုင်း တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတခုကို ဒီကနေ့ မနက်ပိုင်းမှာ KIA က ထပ်မံ သိမ်းပိုက်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ဖားကန့်မြို့နယ်က ကာမိုင်းမြို့ကိုလည်း KIA က တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေဟာ မြို့ကို စွန့်ပြီး တိမ်းရှောင်တာတွေ ရှိနေကြပါတယ်။ရန်ကုန်က ပေးပို့လာတဲ့ ကချင်ပြည်နယ်ကနောက်ဆုံးရသတင်းတွေကို အလိမ္မာ တင်ပြထားပါတယ်။

ဒီလပိုင်းအတွင်း ကချင်ပြည်နယ်အရှေ့ပိုင်း ဗန်းမော်၊ မိုးမောက်နဲ့ မံစီဘက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေရာက ဒီရက်ပိုင်းမှာတော့ ကချင်ပြည်နယ်အနောက်ခြမ်းရှိ တနိုင်းမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းတခုကို KIA က သိမ်းယူလိုက်တာပါ။ တနိုင်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းကို ၂ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းယူလိုက်တာ ဖြစ်ပြီး ဒီသတင်းကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ ရွှေမှော်ဘက်မှာ သူတို့ ထိုင်ထားတဲ့ စခန်းတခုကို ကျနော်တို့ သိမ်းလိုက်တာဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားအခေါ်နဲ့တော့ ကချင်အခေါ်နဲ့တော့ နွယ်ဂျယ်ဘွမ်လို့ ခေါ်တာပေါ့နော်။ ၂ရက်ရှိပါပြီ အဲဒီမှာ တိုက်တာကတော့ ။ ရွှေမှော်တို့ ပယင်းမှော်တို့ ဒေသတွေဖြစ်ပါတယ်။ အရင်ကတော့ ကျနော်တို့ တပ်ရင်း ၁၄ နယ်မြေတွေဖြစ်ပါတယ်။ ၂၀၁၄လားမသိဘူး။ သူတို့ ဝင်တိုက်ပြီးမှ သူတို့ နေရာယူထားတာ ဖြစ်ပါတယ်။ အခု ကျနော်တို့ ပြန်သိမ်းတာဖြစ်ပါတယ်။ ”

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း နွယ်ဂျယ်ဘွမ် တပ်စခန်းအနီးက နမ့်ကောန် တပ်စခန်းကို KIA က သိမ်းယူခဲ့ပါတယ်။ တချိန်တည်းမှာတော့ မြစ်ကြီးနား- မိုးကောင်း -ဖားကန့်လမ်း ကို KIA က အသွားအလာ ပိတ်ပင်ထားပြီး ကာမိုင်းမြို့မှာ စစ်ရေးတင်းမာမှုတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ လောလောဆယ်မှာ ကာမိုင်းမြို့ခံတွေဟာ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး နေရပ်စွန့်ခွာ တိမ်းရှောင်တာတွေရှိနေကြောင်း ကာမိုင်းမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

“ KIA ၊ PDF တွေက စာပစ်လိုက်တယ်တဲ့ မင်းတို့ ရက် ၂၀အတွင်းမှာ ရှောင်ချင်ရှောင်။ မရှောင်ရင် ငါတို့ တွယ်တော့မယ် အဲလိုမျိုးပြောတဲ့အခါကျတော့ သင်္ကြန်ပြီးတဲ့နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတဲ့အတွက်ကြောင့် အခု နည်းနည်းပိုက်ဆံတတ်နိုင်တဲ့လူတွေက မိုးကောင်း၊ နမ္မတီး အဲဒီမှာ ရှောင်ကြတာ။ ပိုက်ဆံမတတ်နိုင်တဲ့သူကျတော့ အဲဒီ အနီးအနားကရွာ နမ့်ဟိုင်၊ အိတုံ၊ ကောင်ဇီ အဲဒီဘက်ရွာမှာ သွားနေကြတာ။ ကျန်တဲ့အဖွဲ့တွေကျ ကိုယ့်ရဲ့ခြံ၊ ကိုယ့်ရဲ့လယ် အဲဒီတောဘက်မှာ ရှောင်ကြတာ။ လူတွေက အားလုံးက ထွက်ပြေးကြကုန်ပြီ။ ”

ကာမိုင်းမြို့ကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ကာမိုင်းအနီး လွယ်ဆိုင်ရွာဘက်က စစ်ကောင်စီတပ်စခန်းတခုဟာ ကာမိုင်းဗျူဟာကို လာရောက်ပူးပေါင်းတာရှိကြောင်း အခြားဒေသခံတဦးက ပြောပါတယ်။

“ ကထန်ယန်၊ လွယ်ဆိုင် တာဝါကုန်းမှာ ထိုင်တဲ့ စစ်သားတွေ တချို့က အဲဒီကနေ မနေ့ညက ကာမိုင်းဗျူဟာဘက် ပူးပေါင်းသွားကြတယ်ဆိုတဲ့ သတင်းတော့ ကြားရတယ်။ စစ်ရှောင်တော့ ရှိတယ်ဗျ။ ကာမိုင်းမြို့မှာဆို တော်တော်များများ ၊ အားလုံးနီးပါး ရှောင်သွားကြပြီဗျ။”

ကာမိုင်းနဲ့ ဖားကန့်အကြားက စစ်ကောင်စီရဲ့ အကြီးဆုံး စစ်ဆေးရေးဂိတ်ဖြစ်တဲ့ နန့်ယားတပ်စခန်းကို ဒီလ ၁၁ရက်နေ့က KIAနဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။ အခုအခါမှာ မြစ်ကြီးနား- မိုးကောင်း- ဖားကန့်လမ်းပေါ်မှာ အဓိကကျတဲ့စစ်စခန်းအဖြစ် ကာမိုင်း တပ်စခန်း တခုတည်းသာ ကျန်နေတာလည်း ဖြစ်ပါတယ်။ ဖားကန့်မြို့နယ် ဆယ်ဇင်းဘက်မှာတော့ ဒီလ ဒုတိယပတ်ကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ဒီရက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာရှိသလို လက်ရှိမှာလည်း စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG