သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွတ်ခိုင်အခြေစိုက် KIA ဆက်ဆံရေးရုံးပိတ်ဖို့ TNLA တောင်းဆို


ကွတ်ခိုင်မြို့
ကွတ်ခိုင်မြို့

တအန်းအမျိုးသားလွတ်မြောက်တပ် TNLA က သူတို့ သိမ်းပိုက်ထားရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ် KIA ဆက်ဆံရေးရုံးကို ပိတ်သိမ်းဖို့ အတွက် သတိပေးပြောဆိုကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေပြီး KIA ဘက်ကတော့ ပဋိပက္ခမဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်သွားဖို့ လိုကြောင်း ပြောဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစည်သူ တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်မြို့ကို တအန်းအမျိုးသားလွတ်မြောက်တပ် TNLA က ၁၀၂၇ စစ်ဆင်ရေးကာလ ဇန်နဝါရီလ ၈ရက်နေ့က သိမ်းယူခဲ့တာပါ။ ဒီရက်ပိုင်းမှာတော့ ကွတ်ခိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့ KIA ရဲ့ ဆက်ဆံရေးရုံးကို ပိတ်သိမ်းဖို့အတွက် TNLA ဘက်က တောင်းဆိုထားကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ TNLA နဲ့ KIA အကြားမှာ ပဋိပက္ခတွေနည်းနည်းလေး ဖြစ်နေတယ်လို့တော့ ကြားရတယ်ပေါ့။ TNLA အနေနဲ့ ဒီ KIA ဆက်ဆံရေးရုံးတွေ ရှိတာကိုး။ ကွတ်ခိုင်မှာ KIA ဆက်ဆံရေးရုံးတွေ ထားထားတယ်ဆိုတော့ အဲဒါကို ထွက်သွားဖို့ လာပြီးတော့ ပြောတယ်လို့တော့ ကြားရတယ်။”

ဒီလ ၁ ရက်နေ့ကလည်း KIA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအတွင်းကို TNLA က လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်ပြီး စစ်ကောင်စီထုတ်ကုန်တွေကို သိမ်းယူဖျက်ဆီးတာလုပ်ခဲ့သလို ၆ရက်နေ့ကလည်း TNLA က မူဆယ်မြို့နယ် နမ့်အွမ်ရွာရှိ KIA တပ်တွေ ကို ထွက်သွားဖို့ တောင်းဆိုတာတွေရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကွတ်ခိုင် ဒေသခံပြည်သူတွေကတော့ ၁၀၂၇ စစ်ဆင်ရေးမှာ ထိခိုက်သေကျေတာတွေနဲ့ နေအိမ်တွေပျက်စီးတာတွေရှိခဲ့သလို နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေလည်း ရှိခဲ့တာကြောင့် နောက်တကြိမ် တိုက်ပွဲတွေ ထပ်ဖြစ်မှာကို စိုးရိမ်နေကြကြောင်း ကွတ်ခိုင်ဒေသခံက ဆက်ပြောပါတယ်။

“မြင်ရသလောက်ကတော့ နေရပ်ပြန်ကြတာလည်း တော်တော်များနေပြီပေါ့။ ၃ပုံပုံ ၂ပုံလောက်တော့ ပြန်နေကြပြီပေါ့။ အဲလိုအချိန်မှာ ပြန်ရောက်တဲ့အချိန်မှာ ထပ်ပြီးတော့ လက်နက်ကိုင်အချင်းချင်း EOA အကြားမှာ တိုက်ပွဲတွေ ဖြစ်မှာကိုလည်း သူတို့အနေနဲ့ စိုးရိမ်ရတယ်ပေါ့။ အခုမှ ပူပူနွေးနွေးကြီး ဖြစ်ထားတာကိုး။ ပဋိပက္ခဒဏ်တွေကို ခံထားရတယ်ဆိုတော့ ဘာထပ်ဖြစ်လာမလဲပေါ့။ ဒီ EAO တွေကြားထဲမှာ နယ်မြေလုတဲ့ ကိစ္စ အဲလိုမျိုးတွေ ထပ်ဖြစ်လာမှာလည်း သူတို့ စိုးရိမ်နေတယ်ပေါ့။ ”

လောလောဆည်မှာတော့ စစ်ကောင်စီက လားရှိုးဘက်ကနေ ကုန်ပစ္စည်း တင်ပို့တာတွေကို ပိတ်ပင်ထားတာ ကွတ်ခိုင်မြို့မှာ ကုန်ပစ္စည်းပြတ်လပ်တာနဲ့ ဈေးနှုန်းမြင့်တက်တာတွေရှိနေပါတယ်။ KIA ဆက်ဆံရေးရုံး ဖယ်ရှားရေးနဲ့ပတ်သက်ပြီး မေးမြန်းဖို့ TNLA ဘက်ကို ဆက်သွယ်ရာမှာတော့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က ၎င်းအနေဖြင့်ပြောရေးဆိုခွင့်မဟုတ်တော့ကြောင်း တုံပြန်ခဲ့သလို ပြန်ကြားရေးဌာနကိုလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ကွတ်ခိုင်က KIA ဆက်ဆံရေးရုံးကို ဖယ်ရှားဖို့ တောင်းဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ ဒေသခံပြည်သူလူထုတွေ ပြောတာတော့ ကြားပါတယ်။ ကျနော်တို့ KIA သတင်းရင်းမြစ်ဘက်ကတော့ ဘာမှ ပြောလာတာ မကြားဘူးခင်ဗျ။ မှန်ကန်မှုတော့ ရှိမယ်ထင်တယ်။ ပြောတာတော့ မှန်မယ်လို့ ထင်တယ်။”

TNLA ဘက်က KIA ဗဟိုကို တရားဝင် အကြောင်းကြားလာတာလည်း မရှိသေးကြောင်း ပြောပါတယ်။ KIA ဘက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ပဋိပက္ခမဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်သွားဖို့ လိုကြောင်းလည်း ဆက်ပြောပါတယ်။

“ အကောင်းဆုံးကတော့ အချင်းချင်း ပဋိပက္ခမဖြစ်ဖို့ကတော့ ထိန်းထိန်းသိမ်းသိမ်းနေဖို့ကတော့ အရေးကြီးဆုံးဖြစ်ပါတယ်။ ကျနော်တို့ KIO ရဲ့ သဘောထားကတော့ ခုနက ပြောသလိုပေါ့နော်။ ထိတွေ့မှု မဖြစ်အောင်၊ ပဋိပက္ခမဖြစ်အောင် အချင်းချင်း နားလည်မှုနဲ့ နေဖို့၊ အချင်းချင်း တန်ဖိုးထားဖို့ပေါ့နော်။ Respect ထားဖို့တော့ အရေးကြီးဆုံးဖြစ်ပါတယ်။ မဟုတ်ဘဲနဲ့ အခုလိုမျိုးတွေပေါ့နော် လက်နက်အားကိုးပြီးမှ အလုပ်လုပ်တာမျိုးတွေ၊ ဘာမှ မဟုတ်တဲ့နေရာမှာ အမိန့်တွေ လာချတာတွေကတော့ အဖွဲ့အစည်းအချင်းချင်း ကြားမှာ ပွတ်တိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ”

ဖေဖော်ဝါရီလ ၅ရက်နေ့မှာ ကျရောက်တဲ့ KIA တည်ထောင်တဲ့ ၆၃နှစ်မြောက်နှစ်ပတ်လည်နေ့မှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း အချင်းချင်းပွတ်တိုက်မှုတွေကို စစ်ရေးနဲ့ မဖြေရှင်းဘဲ သမိုင်းကြောင်းအရ ဆွေးနွေး ဖြေရှင်းဖို့ ပြောဆိုထားပါတယ်။

ဖေဖော်ဝါရီလ ၄ရက်နေ့က အင်အား ၅၀ခန့်ရှိ KIA တပ်ဖွဲ့ဟာ TNLA ကို အကြောင်းမကြားဘဲ ကွတ်ခိုင်မြို့ အတွင်း ဝင်ရောက်ပြီး KIA တည်ထောင်တဲ့ အခမ်းအနားကျင်းပဖို့ ပြင်ဆင်ခဲ့ကြောင်း TNLA ဘက်က ပြောဆိုတာတွေရှိခဲ့သလို ကွတ်ခိုင်မြို့ အတွင်းမှာ KIA အလံတွေ လွှင့်ထူတဲ့အခါမှာ TNLA က တားမြစ်တာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ အတွင်းက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ် ၃ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက ကွတ်ခိုင်၊ သိန္နီ၊ နမ့်ခမ်း၊ နမ္မတူ၊ လောက်ကိုင်၊ချင်းရွှေဟော်၊ ကွမ်းလုံ စတဲ့မြို့ပေါင်း ၁၅မြို့လောက်ကို သိမ်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်အတွင်းမှာတော့ MNDAA ကိုးကန့်တပ်ဖွဲ့ သိမ်းယူထားတဲ့ သိန္နီမြို့နယ်အတွင်းမှာ MNDAA နဲ့ SSPP ရှမ်းမြောက် တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG