သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့က စစ်သားတွေ ထိုင်းဘက်မှာခိုလှုံခွင့်ရဖို့ ကြိုးစားနေ


မြဝတီတံတားအမှတ် (၂) အနီးတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဧပြီ ၁၁၊၂၀၂၄)
မြဝတီတံတားအမှတ် (၂) အနီးတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဧပြီ ၁၁၊၂၀၂၄)

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ နောက်ဆုံး ကျန်တော့တဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ စခန်း ကျသွားပြီတဲ့နောက် စစ်သားတွေဟာ BGF ထိန်းချုပ်ထားတဲ့နေရာဖြစ်တဲ့ တံတား ၂ ဘက်မှာ လက်နက်တွေနဲ့ ရောက်ရှိနေပြီး ထိုင်းဘက်ကို ဝင်ခွင့်ရဖို့ အကူအညီတောင်းခံနေပါတယ်။ မြ၀တီမြို့မှာ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်တဲ့အခါမှာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေကိုပါ ဆက်လက် ကိုင်တွယ်မယ့်အခြေအနေရှိနေတယ်လို့လည်း ကုန်သည်တွေကရှုမြင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ တခုတည်း သာကျန်တော့တဲ့စစ်ကောင်စီရဲ့ ခလရ ၂၇၅ စခန်း ကျသွားပြီတဲ့နောက် ခလရ ၂၇၅ကစစ်သားတွေဟာ လက်နက်တွေနဲ့ BGF ထိမ်းချုပ်ထားတဲနေရာဖြစ်တဲ့ တံတား၂ ဘက်ကို ရောက်ရှိသွားတာကြောင့် KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဘက်က လိုက်လံရှင်းလင်းတာတွေ မလုပ်တော့ဘူးလို့ ပူးပေါင်းတပ်ရဲ့ ခေါင်းဆောင်တဦးက VOA ကို ပြောပါတယ်။

"တံတား (၂)နားမှာက BGF လို့ခေါ်တဲ့ KNA က ဗိုလ်မှူးချစ်သူ ဦးဆောင်တဲ့အဖွဲ့ ရှိနေတယ်။ သူတို့(ခလရ ၂၇၅)ကို ကာကွယ်ပေးတဲ့ပုံစံလားတော့ မသိဘူး။ ကျနော်တို့ကတော့ တိုင်းရင်းသားအချင်းချင်းလည်း ဆက်မတိုက်ချင်ဘူး။ ပြီးတော့ စစ်ရှုံးနေတဲ့သူတွေကိုလည်း ကျနော်တို့က လိုက်လံရှင်းလင်းဆောင်ရွက်တာတွေလည်း မလုပ်ဘူး။ တံတား ၂ နား ဖြစ်တော့ တဖက် (ထိုင်း)နိုင်ငံကလည်း သူတို့နယ်စပ်လည်းဖြစ်နေတော့ စိုးရိမ်ကြောင့်ကြမှုလည်း ရှိနိင်တယ်လေ။ တံတား (၂)နားမှာ ရောက်နေပြီး ထိုင်းကို အကူညီတောင်းနေတယ်လို့ သိရပါတယ်။"

တံတား (၂)နားမှာတော့ ထိုင်းဘက်ကလည်း မြန်မာဘက်ကဝင်လာတဲ့ စစ်သားတွေကို အိမ်စီးကားတွေနဲ့ စိစစ်ခေါ်ထုတ်နေတယ်လို့ သတင်းရပေမဲ့ ထိုင်းဘက်က သတင်းမထုတ်ပြန်သေးတဲ့အတွက် သီးခြား အတည်ပြုလို့မရသေးပါဘူး။

ခလရ ၂၇၅ တပ်က မြ၀တီမြို့ကနေ ဆုတ်ခွါခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်ကလည်း မြ၀တီမြို့ပြင်ဘက်ကို နေ့လည် ၁၂နာရီလောက်က ဗုံးတလုံးကြဲချခဲ့ပါတယ်။ အဲဒီနောက် ၂၇၅အတွက် စစ်ကူလာတဲ့ တပ်အင်အားတွေလည်း ဂျိုင်းတံတားအရှေ့ဘက်ကနေ လာနေကြောင်း၊ ဒါပေမဲ့ မြ၀တီဘက်ကိုလာဖို့ကတော့ လမ်းမှာ ကျိုဒိုး-ကော့ကရိတ်တကြောကို ထိန်းချုပ်ထားတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်တိုက်မှာဖြစ်တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ရှိမယ်လို့လည်း ပူးပေါင်းတပ်ဘက်ကပြောပါတယ်။

"သတင်းအရတော့ စစ်ကားအစီး တရာကျော် ဂျိုင်းတံတားဘက်က လာနေတယ်ကြားတယ်။ ဒါပေမယ့် ဂျိုင်းတံတားကျော်ရင်တော့ ကျနော်တို့ဘက်လည်း ဖြတ်တိုက်ဖို့ရှိပါတယ်။"

စစ်ကောင်စီရဲ့ စစ်ကားတွေကတော့ လမ်းတလျှောက်မှာ ပစ်ခတ်ပြီး ရှေ့တိုးလာနေသလို လမ်းတလျှောက်က ဒေသခံတွေကို ပေါ်တာဆွဲတာတွေ၊ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုဆိုရင် မြ၀တီမြို့ထဲမှာ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီး ကင်းလှည့်နေပါတယ်။ သာမန်ကုန်ပစ္စည်းလေးတွေ သယ်ဆောင်နေတဲ့ ကားငယ်တွေသာ ဖြတ်သန်းသွားလာနိုင်တဲ့ ချစ်ကြည်ရေးတံတား (၁)ကတော့ ဖွင့်ထားဆဲဖြစ်ပြီး လူတွေ အဝင်အထွက်တွေ ရှိနေပါတယ်။ ကုန်စည်စီးဆင်းမူတွေ အဓိကလုပ်တဲ့ ချစ်ကြည်ရေးတံတား (၂)ကတော့ မနက်ကတည်းက ပိတ်ထားရပြီး ကုန်စည် အဝင်အထွက်တွေလည်း မရှိတော့ပါဘူး။ ဒီ ချစ်ကြည်ရေး တံတား (၂) ဟာ ဆယ်ဘီးကား ၁၂ဘီးကားကြီးတွေနဲ့ ကုန်စည်တွေသွားလာနေတဲ့ ထိုင်း-မြန်မာ အဓိက ကုန်သွယ်မှုလုပ်တဲ့ တံတားလည်းဖြစ်ပါတယ်။

အခုလိုမြ၀တီမြို့မှာ စစ်ကောင်စီရဲ့အုပ်ချုပ်မှု မရှိတော့ဘူးဆိုရင် နယ်စပ်ကုန်သွယ်မှုအခြေအနေတွေက ဘယ်လိုဖြစ်လာနိုင်သလဲလို့ ကုန်ပစ္စည်းတွေ ပို့ဆောင်နေတဲ့ ကုမ္ပဏီတခုက တာဝန်ရှိသူတဦးကို မေးကြည့်တဲ့အခါမှာ သူက အခုလိုပြောပြပါတယ်။

"သူတို့ထိန်းချုပ်ပြီးရင်တော့ ကုန်စည်စီးဆင်းမှုရအောင်တော့ ထိန်းချုပ်မယ်ထင်တယ်။ သူတို့လည်း ထိန်းချုပ်ချင်မှာပေါ့။ ထိန်းချုပ်ဖို့ရှိမှာပဲ။ သူတို့မှာ စနစ်တကျထိန်းချုပ်ဖို့တွေအတွက် ပြင်ဆင်ထားတာလေးတွေ ရှိနိုင်ပါတယ်။ ရှိဖို့များပါတယ်။ သူတို့က ကုန်စည်စီးဆင်းမူတွေ ပြန်လည်တည်ငြိမ်အောင် သူတို့ဆီမှာ သယ်ယူပို့ဆောင်ရေးတွေ အဆင်ပြေအောင်၊ မြန်မာဘက် ကရင်ပြည် မြ၀တီဘက်မှာ ကုန်စည်စီးဆင်းမူတွေ မြန်ဆန်အောင် လုပ်မယ်လို့ ယူဆရပါတယ်။"

မြ၀တီမြို့က ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံး တိမ်း‌‌ရှောင်သွားပြီဖြစ်လို့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေပြီ ဖြစ်ပါတယ်။

အခုဆိုရင်အခြေအနေတွေက ဘာဖြစ်လာမယ် မသိတာကြောင့် မြ၀တီမြို့ခံတွေဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်ကိုပဲတိမ်းရှောင်နေဆဲဖြစ်ပြီး အခြေအနေ တည်ငြိမ်မှ နေရပ်ပြန်ကြမယ်လို့ ဆိုပါတယ်။ မြ၀တီတမြို့လုံးကို ပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ မှတ်ချက်ပေးတာ၊ သတင်းထုတ်ပြန်တာတွေ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG