သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူမီးသေနတ်နဲ့စခဲ့တဲ့ CDF မင်းတပ်တော်လှန်ရေး (၃) နှစ်ပြည့်ပြီ


ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် တပ်ဖွဲ့ဝင်များ (Photo Crd: CDF Mindat)
ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် တပ်ဖွဲ့ဝင်များ (Photo Crd: CDF Mindat)

တူမီးသေနတ်နဲ့ လွန်ခဲ့တဲ့ ၃ နှစ်က တော်လှန်ရေးစခဲ့တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) (CDF Mindat) ဟာ ၂၀၂၄ ခုနှစ်ထဲမှာ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖော်ဆောင်သွားဖို့ ရှိတယ်လို့ တော်လှန်ရေး နှစ်ပတ်လည်မှာ ပြောပါတယ်။ ပြင်းထန်တဲ့တိုက်ပွဲတွေအတွက် ပြင်ဆင်ထားဖို့လည်း ချင်းလူထုကို သတိပေးထားပါတယ်။ ၂၀၂၁ ဧပြီလ ၂၄ ရက်က စတင်ခဲ့တဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ CDF Mindat ရဲ့ တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနား အွန်လိုင်းကကျင်းပခဲ့တာကို တက်ရောက်သတင်းယူခဲ့တဲ့ ကိုငြိမ်းချမ်းအေးက အပြည့်အစုံတင်ပြပေးထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းကတည်းက ချင်းပြည်နယ် တောင်ပိုင်းက မင်းတပ်မြို့နယ်ထဲက ဒေသခံတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ချင်းပြည်နယ်အပါအဝင် တတိုင်းပြည်လုံးမှာ စစ်တပ်က ဖိနှိပ်မှုတွေတိုးလုပ်လာနေချိန် မင်းတပ်လူငယ်တွေက ဒေသကာကွယ်ရေးအတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ကို ၂၀၂၁ မတ်လ ၁၂ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ဧပြီ ၂၄ ရက်မှာတော့ မင်းတပ်မြို့ထဲ ဆန္ဒပြနေကြတဲ့ လူငယ် (၇) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ နောက် အဲဒီညပိုင်းမှာ စစ်ကောင်စီတပ်တွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က စတင်ပစ်ခတ် တိုက်ခိုက်ခဲ့လို့ အဲဒီနေ့ကို တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

အမဲလိုက် တူမီးသေနတ်တွေနဲ့စခဲ့တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲ့ တော်လှန်ရေးက အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပြီး အစောဆုံးတော်လှန်ခဲ့တဲ့အထဲက တခုဖြစ်ခဲ့ပါတယ်။ ဒါဟာ အင်အားကြီးတယ်လို့ ယူဆထားတဲ့စစ်တပ်ကို လူထုက ပြန်တိုက်နိုင်ဆိုတာကိုပြနိုင်ခဲ့တဲ့ အလှည့်အပြောင်း တခုဖြစ်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ (Salai Thang Chawm Phe) က တော်လှန်ရေး နှစ်ပတ်လည် အခမ်းအနားမှာ ပြောပါတယ်။

“ကျနော်တို့ ဧပြီလ ၂၄ ရက်နေ့မှာ ဒီတိုက်ပွဲတွေ ဖော်ဆောင်တဲ့နောက်ဆက်တွဲမှာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုကလည်း ဒါဟာ စ-က-စ (စစ်ကောင်စီ) ကို ကျနော်တို့ အားလုံးက ဝိုင်းဝန်းပြီးတော့ ဒီလို လုပ်လို့ရတယ်ဆိုတဲ့ တော်လှန်ရေးတခုကိုလည်း မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ CDF မင်းတပ်သာမကဘဲနဲ့ ချင်းပြည်နယ်မှာရှိတဲ့ ကျနော်တို့ ချင်းလူမျိုးတွေရော၊ မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ တော်လှန်ရေးအင်အားစုတွေအားလုံးက အလေးအမြတ်ထားပြီးတော့ သမိုင်းတင်ရမယ့် နေ့ထူး နေ့မြတ်လည်း ဖြစ်ပါတယ်။”

တော်လှန်ရေး ၃ နှစ် ကြာလာချိန်မှာ အားနည်းချက်တွေ၊ အားသာချက်တွေ အများကြီးရှိခဲ့သလို တော်လှန်ရေးကိုလည်း အထိုက်အလျောက် စည်းစည်းလုံးလုံးနဲ့ အောင်မြင်မှုတွေရရှိနေပြီး လက်ရှိတိုင်လည်း ချင်းပြည်နယ်အတွင်းက ချင်းညီနောင်မဟာမိတ်အပါအဝင် တခြား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို ဆက်လက် တော်လှန်နေတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) စစ်ဦးစီးချုပ်က ဆက်ပြောပါတယ်။

“ဒီလောလောလတ်လတ်မှာလည်း ကျနော်တို့ စခန်းတခုကိုသိမ်းနိုင်ဖို့ အခု ကျနော် စကားပြောနေတဲ့အချိန်အထိ တိုက်ပွဲတွေက ပြင်းထန်နေပါတယ်။ ဒီ ၂၀၂၄ ခုနှစ်ဟာ ဆိုရင်လည်း အားလုံးသိထားတဲ့အတိုင်း ပြင်းထန်တဲ့တိုက်ပွဲတွေ မဖြစ်မနေ ဖော်ဆောင်ရမယ့်ကာလတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ တိုက်ပွဲ မဖော်ဆောင်နိုင်ဘဲနဲ့တော့ ဘယ်တော့မှ အောင်မြင်မှုရရှိမှာမဟုတ်ပါဘူး။”

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ဟာ ၃ နှစ်တာ ကာလအတွင်း မင်းတပ် မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ၂၅၂ ကြိမ် တိုက်ပွဲ ဖြစ်ခဲ့သလို မင်းတပ်မြို့ကို ၈၀ ရာခိုင်နှုန်းထိန်းချုပ်ပြီး နယ်မြေစိုးမိုးထားနိုင်တယ်လို့လည်း သတင်း၊ ပြန်ကြားရေးနဲ့ မှတ်တမ်းဌာန ဌာနမှူး ဇလပ်သွေးက နှစ်ပတ်လည် အခမ်းအနားမှာ ရှင်းပြပါတယ်။ ချင်းပြည်နယ်တွင်းနဲ့မကွေးတိုင်းအပါအဝင် တခြားဒေသတွေမှာလည်း မဟာမိတ်တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲတွေ လုပ်ခဲ့နိုင်တယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်သား ရာနဲ့ချီ ဆုံးရှုံးအောင် တိုက်နိုင်ခဲ့သလို တဘက်မှာလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ဘက်က ပထမဆုံး တပ်မဟာမှူး အပါအဝင် ၆၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ရာနဲ့ချီ ရှိခဲ့တယ်လို့ ပြောပါတယ်။ ၃ နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်ထဲမှာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားထဲက ထိခိုက်ဒဏ်ရာ ရသူကတော့ ၅၆ ဦးအထိ ရှိခဲ့တယ်လို့ CDF မင်းတပ်ရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ဟာ လက်နက်ကိုင်တော်လှန်ရေး စချိန်ကစလို့ အောင်မြင်မှုတွေ ရှိခဲ့ပေမယ့် တဘက်မှာလည်း ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်ပြီး ချင်းပြည်အစိုးရဖွဲ့ခဲ့တာနဲ့ပတ်သက်ပြီး မင်းတပ်မြို့ ကာကွယ်ရေးတပ်အပါအဝင် ချင်းတော်လှန်ရေးအဖွဲ့တွေကြား တင်းမာမှု၊ သဘောထားကွဲလွဲမှုတွေ ရှိခဲ့လို့ စည်းလုံးညီညွတ်မှုမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

တော်လှန်ရေး ၃ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကိုယ်စားပြုတက်ရောက်တဲ့ ဦးတိုးကျော်လှိုင်ကတော့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲ့ ချင်းပြည်နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ၃ နှစ်တာ အသက်စွန့်ကြိုးပမ်းမှုတွေကို ဂုဏ်ပြုရင်း ညီညွတ်ရေး အကြောင်းကို ထည့်သွင်း ပြောခဲ့ပါတယ်။

“ချင်းပြည်ရဲ့ လက်ရှိအနေအထားမှာ ညီညွတ်ရေးအရ၊ သို့မဟုတ်ရင် တော်လှန်ရေးအရ တချို့ စိုးရိမ်စရာကိစ္စလေးတွေ ရှိနေတယ်ဆိုတာလည်းပဲ ကျနော်တို့ အားလုံးသိရှိပြီးဖြစ်ပါတယ်။ ဒီဟာတွေ အတွက်လည်းပဲ အားလုံးကနေ တော်လှန်ရေးကို မျက်နှာမူ၊ ပြည်သူကိုမျက်နှာမူ၊ ချင်းပြည်ကို မျက်နှာမူ၊ အားလုံးကို မျက်နှာမူပြီးတော့ မဖြစ်သင့်မဖြစ်ထိုက်တာတွေ မဖြစ်ကြဖို့ အဘက်ဘက်ကနေ နားလည်မှုရှိရှိ သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းပြီးတော့ ညှိနှိုင်းထိန်းသိမ်းရမယ်လို့ ကျနော်က ယူဆပါတယ်။ ယုံကြည်ပါတယ်။”

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေနဲ့ ညှိနှိုင်းမှုတွေမှာ လိုအပ်ခဲ့တယ်ဆိုရင် လိုအပ်တဲ့နေရာမှာဝင်ပြီးတော့ ညှိနှိုင်းကူညီပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း ဦးတိုးကျော်လှိုင်က ပြောပါတယ်။

မင်းတပ်မြို့နယ်မှာက ဒေသတွင်းလူငယ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ က ထူထောင်ထားတာပါ။ နောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလထဲမှာ ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC) ပေါ်လာတဲ့အချိန်မှာ အဲဒီကောင်စီရဲ့ နိုင်ငံရေးမူဝါဒတွေကို CDF မင်းတပ်က လက်ခံထားပါတယ်။ အနာဂတ်မှာ ချင်းပြည်ကောင်စီ (Chinland Council) အစိုးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်လာနိုင်ခြေနဲ့ ပတ်သက်ပြီး အခမ်းအနားအပြီးမှာ ဗွီအိုအေရဲ့ သီးသန့်မေးမြန်းချက်ကိုတော့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ပြောရေးဆိုခွင့်ရှိသူ ဗဟိုကာကွယ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းဟာအွမ်က “လမ်းချင်းတူတာဖြစ်လို့ တချိန်ချိန်မှာ ပြန်ဆုံကြမယ်” လို့ ဖြေပါတယ်။

“ကျနော်တို့မှာ လမ်းချင်းတူကြတယ်၊ ရည်ရွယ်ချက်တွေလည်း တူကြတယ်။ အာဏာရှင်ပြုတ်ကျဖို့ အရေး၊ တန်းတူအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး ဒါတွေက ကျနော်တို့ မူဝါဒတွေ၊ လမ်းကြောင်းတွေ တူကြတယ်။ ဒါပေမယ့်လို့ အခု အခြေအနေမှာ Chinland Council မှာလည်း သူ့မူဝါဒတွေနဲ့ သူ ရှိတယ်။ ကျနော်တို့ရဲ့ ICNCC ကနေ သွားမယ့် ချင်းညီနောင်မှာလည်း ရှိတယ်။ ဒါက နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်တဲ့အတွက် လမ်းချင်းတူရင် တချိန်ချိန်မှာပြန်ဆုံကြမှာပါ။ အားလုံးက သဘောထားကြီးကြီးနဲ့ ချင်းပြည်နယ်အစိုးရဖြစ်ဖို့အရေးကိုသာ အာလုံး တကယ်စိတ်ရင်းအမှန်နဲ့ ဖြစ်ကြရင် ကျနော်တို့ ပြန်မဆုံစရာအကြောင်းမရှိပါဘူး။”

လက်ရှိမှာတော့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) အနေနဲ့ တော်လှန်ရေးကို အရှိန်မြှင့်ဖို့ အားစိုက်သွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ဆက်လက်ပူးပေါင်း ပါဝင်ကြဖို့ ဆလိုင်းဟာအွမ်ကတိုက်တွန်းသွားပါတယ်။ အခု ကျင်းပခဲ့တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တော်လှန်ရေး (၃) နှစ်ပြည့်အခမ်းအနားကို ချင်းအမျိုးသားအဖွဲ့ချုပ်၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး အစရှိတဲ့ အဖွဲ့တွေပါတဲ့ ချင်းညီနောင် (Chin Brotherhood) အဖွဲ့၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC) အစရှိတဲ့ အဖွဲ့အစည်း အသီးသီးက ကိုယ်စားပြုသူတွေ တက်ရောက်ပြီး သဝဏ်လွှာတွေ ဖတ်ကြားခဲ့ကြပါတယ်။

Forum

XS
SM
MD
LG