သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းအမျိုးသားတပ်ဦး CNF က ပြည်နယ်အတွင်း ခရီးသွားခွင့် ကန့်သတ်


ချင်းအမျိုးသားတပ်ဦး (CNF)
ချင်းအမျိုးသားတပ်ဦး (CNF)

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အများပြည်သူခရီးသွားယာဉ်တွေသုံးပြီး အရပ်ဝတ်နဲ့ စစ်အင်အားဖြည့်တင်းနေတာကြောင့်လို့ဆိုကာ ချင်းဒေသခံပြည်သူတွေမှအပ ပြင်ပ ခရီးသည်တွေ ဝင်ရောက်တာကို ချင်းအမျိုးသားတပ်ဦး (CNF) က ကန့်သတ်လိုက်ပါတယ်။ ချင်းပြည်နယ်ကို အရေးတကြီး ကိစ္စနဲ့ လာရောက်မယ်ဆိုရင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထောက်ခံစာပါမှသာ ဝင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီရက်ပိုင်းအတွင်း ချင်းပြည်နယ် ဟားခါး-ထန်တလန် ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ချင်းအမျိုးသားတပ်ဦးက ပြင်ပက ခရီးသည်တွေကို ချင်းပြည်နယ်အတွင်း ဝင်ရောက်ခွင့် တားမြစ်ကြောင်း ထုတ်ပြန်လိုက်တာပါ။ ခုလို ကန့်သတ်လိုက်တာဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အရပ်ဘက် ခရီးသွားယာဉ်တွေကိုသုံးပြီး အရပ်ဝတ်နဲ့ ဝင်ရောက်တာတွေ ရှိတာကြောင့်လို့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခု စစ်ကောင်စီက အရပ်ဘက်သုံးယာဉ်တွေပေါ်မှာ အရပ်ဘက်ပုံစံနဲ့ ချင်းတောင်ကို အင်အားဖြည့်တင်းလာတယ်လို့ ကျနော်တို့ သိရတယ်ပေါ့။ ပြီးတော့ ကျနော်တို့ မသင်္ကာတဲ့သူတွေကိုလည်း တချို့ တချို့တော့ ကျနော်တို့က ထိန်းသိမ်းထားပြီးတော့ စုံစမ်းမေးမြန်းမှုတွေ လုပ်နေတယ်ပေါ့။ အဲဒါကြောင့် စစ်ရေးအရ အခုလိုမျိုး ကျနော်တို့ ထုတ်ပြန်ချက်တစ်ခု အဲသလို လုပ်လိုက်တာဖြစ်ပါတယ်။”

အခြားဒေသက ခရီးသည်တွေ အရေးပေါ်ကိစ္စနဲ့ ချင်းပြည်နယ်ကို လာရောက်မယ်ဆိုရင် သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထောက်ခံစာ ယူဆောင်လာရမယ်လို့လည်း ပြောပါတယ်။

“အရေးကြီးတဲ့ မလွဲမရှောင်သာတဲ့ လူမှုရေးကိစ္စတွေ ဘာတွေကတော့ ကျနော်တို့နဲ့ ချိတ်ဆက်ထားတဲ့ ဒီ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ မြေပြန့်ကဆိုရင်တော့ ဒီ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိတယ်ပေါ့။ ဥပမာ PDF တပ်ဖွဲ့တွေပေါ့။ သူတို့ရဲ့ ထောက်ခံချက် ပါသင့်တာပေါ့။ အဲ့လိုမှ မလုပ်ဘဲနဲ့ သူတို့ အဲဒါတွေ အထောက်အထားမရှိဘူးဆိုရင် ဒါကတော့ ကျနော်တို့ ဖမ်းဆီး ထိန်းသိမ်းထားမယ်။ စစ်ဆေးမေးမြန်းမှုတွေ ကျနော်တို့ လုပ်သွားမှာပေါ့နော်။”

ချင်းဒေသခံပြည်သူတွေမှအပ ပြင်ပ ခရီးသည်တွေ ဝင်ရောက်တာကို ကန့်သတ်လိုက်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ထုတ်ပြန်ချက် (ဇွန် ၈၊ ၂၀၂၃)
ချင်းဒေသခံပြည်သူတွေမှအပ ပြင်ပ ခရီးသည်တွေ ဝင်ရောက်တာကို ကန့်သတ်လိုက်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ထုတ်ပြန်ချက် (ဇွန် ၈၊ ၂၀၂၃)

ဒါ့အပြင် ခရီးသွားယာဉ်တွေအနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းအပါအဝင် စစ်ဘက်ဆိုင်ရာပစ္စည်းတွေ မသယ်ဆောင်ဖို့ကိုလည်း တားမြစ်ကြောင်း ပါရှိပါတယ်။ ဒီတားမြစ်ချက်တွေကို မလိုက်နာရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လောလောဆည် ချင်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပေမဲ့ ခရီးသည်တင်ယာဉ်တွေကိုတော့ လိုအပ်ချက်အရ သွားလာခွင့်ပြု့ထားကြောင်း ဆလိုင်း ထက်နီက ပြောပါတယ်။ ကလေးမြို့ခံတစ်ဦးကတော့ CNF ရဲ့ ထုတ်ပြန်ချက်ကို လောလောဆည်မသိရသေးကြောင်း အခုလို ပြောပါတယ်။

“အဲဒါမျိုး အရင်တုံးက မရှိဖူးဘူးနော်။ ကိုဗစ်တုံးကတော့ ကိုဗစ်ထောက်ခံစာပါရမယ်။ အဲဒါမျိုး စာထွက်တော့ ကျနော်တို့လည်း လက်မှတ်သွားဝယ်ရင် ကိုဗစ်ထောက်ခံစာပါရမယ်နော် အဲဒါမျိုးမှာတယ်။ လက်မှတ်ဝယ်လို့ ရောင်းတဲ့သူက ပြောရင်တော့ အဲဒါ ဝယ်မှ သိမှာ။ ကျနော်တော့ အဲဒါမျိုး မကြုံဖူးဘူး။”

ချင်းပြည်နယ် ဟားခါး-ထန်တလန်လမ်းမှာ ပြီးခဲ့တဲ့ မေလ ၂၆ရက်နေ့လောက်က စတင်ပြီး စစ်ကောင်စီဘက် လေကြောင်းက တိုက်ခိုက်ခဲ့သလို လက်ရှိမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ဒေသတွင်း သတင်းမီဒီယာတွေကတော့ စစ်ကောင်စီဘက်ကရော ချင်းလက်နက်ကိုင်တွေဘက်ကပါ ထိခိုက်ကျဆုံးမှု များပြားနေကြောင်း သတင်း ဖော်ပြကြပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်-မတူပီဘက်မှာလည်း ဒီလ ၆ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ချင်းကာကွယ်ရေးအဖွဲ့ - CDF မင်းတပ်က မင်းတပ်-မတူပီလမ်းကို သွားလာခွင့် ပိတ်ထားပါတယ်။

XS
SM
MD
LG