သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါးမှာ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံရ 


ချင်းပြည်နယ်ထဲရှိ ဟားခါးမြို့နယ်၊ မတူပီမြို့နယ်နဲ့ မင်းတပ်မြို့နယ်
ချင်းပြည်နယ်ထဲရှိ ဟားခါးမြို့နယ်၊ မတူပီမြို့နယ်နဲ့ မင်းတပ်မြို့နယ်

ချင်းပြည်နယ် ဟားခါးမြို့မှာ ပစ်ခတ်ခံရလို့ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပြီးနောက် အနီးအနားက ဒေသခံတွေ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး နေအိမ်တွေကို ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဟားခါး CDF (ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့) ကတော့ ဖမ်းဆီးခံရသူတွေဟာ သူတို့အဖွဲ့နဲ့မဆိုင်ဘူးလို့ ပြောပါတယ်။ ချင်းပြည်နယ်တွင်း စစ်ရေးတင်းမာမှုအခြေအနေကို ကိုအောင်အောင်က တင်ပြပါမယ်။

ဇန်နဝါရီ ၂၅ ရက်က ချင်းပြည်နယ်မြို့တော် ဟားခါးရဲ့ ကျော်ဘုတ်ရပ်ကွက်မှာရှိတဲ့ မြန်မာစစ်တပ် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်မှာ၊ ထမင်းလာပို့တဲ့ စစ်သား ၂ ဦးကို ဟားခါး CDF (ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့) က တိုက်ခိုက်ခဲ့လို့ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ မြန်မာစစ်တပ်က အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိစစ်ဆေးတာတွေ လုပ်ခဲ့ပြီး အနီးအနားက နေအိမ် ၃ လုံးကိုလည်း ဖြိုဖျက်သွားသလို၊ လမ်းသွားလမ်းလာ ၁၃ ဦးကိုလည်း ဖမ်းဆီးသွားပြီး အခုအချိန်ထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“အိမ်ဖျက်တာ ၃ အိမ်ကိုဖျက်တယ်။ ဒီဘက်က အခေါ်အဝေါ်ပေ့ါနော် JCB စက်ဆိုတာရှိတယ် မြေတူးလည်းတူးတယ် ဂေါ်လည်းကော်တယ်စက်ပေါ့နော် အဲ့ဒီ JCB နဲ့ ဖျက်ဆီးတယ်။ ၁၃ ယောက်ပါခင်ဗျ။ ၁၃ ယောက်ကို ဖမ်းပါတယ်။ အဲ့ဒီ့ဘက်က မတူပီဘက်သွားတဲ့လမ်းဆိုတော့ အဲ့ဒီ့ဘက်က လမ်းသွားလမ်းလာတွေပဲဖြစ်ဖို့များတယ်။ အခုချိန်ထိတော့ တယောက်မှ မလွတ်ကြသေးပါဘူးခင်ဗျ။”

ဖမ်းဆီးသွားတဲ့သူတွေထဲမှာ အရွယ်မရောက်သူတွေ ပါဝင်ပြီး၊ ဖမ်းဆီးခံရသူတွေဟာ ဒီဖြစ်စဉ်နဲ့သက်ဆိုင်ခြင်းမရှိဘူးလို့် CDF ဟားခါး ပြန်ကြားရေး တာဝန်ခံက အခုလို ပြောပါတယ်။

“ဘေးကရှိတဲ့သူတွေသူတို့က ခေါ်သွားတယ်။ ကလေး အပါပေါ့နော်။ သူတို့ခေါ်သွားတဲ့ ကလေးတချို့ဆို ငိုတောင်ငိုသွားပြီးတော့လေ ကြောက်ပြီးတော့လေ အဲ့ဒါကို သူတို့က အတင်းကိုခေါ်သွားတာ။ တကယ်တမ်းကြတော့ အဲ့ဒီ့ဘေးက ရှိတဲ့လူတွေက လုံးဝဒီစစ်ဆင်ရေးအကြောင်းကို မသိခဲ့ရဘူးပေါ့နော်။”

စစ်သား ၂ ဦးလုံးသေဆုံးခဲ့ပြီး သေနတ်တလက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စားခါး CDF က ပြောပါတယ်။ ကျော်ဘုတ်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်ဟာ ဟားခါးကနေ မတူပီ - မင်းတပ်ကို သွားတဲ့လမ်းပိုင်းဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းကစလို့ မတူပီ မင်းတပ် သွားလာသူတွေအနေနဲ့ ရပ်ကွက်ထောက်ခံစာပါမှ သွားလာခွင့်ပြုဖို့ ကန့်သတ်တာတွေ လုပ်ခဲ့ပါသေးတယ်။ ဟားခါးမှာ အခုလို ပစ်ခတ် ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူကိုလည်း ဆက်သွယ်လို့မရပါဘူး။

မင်းတပ်ဘက်မှာဆိုရင်လည်း စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ အခက်အခဲတွေအပြင် ဆေးဝါးကုသမှု မလုံလောက်တဲ့ အခြေအနေတွေရှိနေပါတယ်။ စစ်ဘေးရှောင် အခြေအနေနဲ့ ပတ်သက်လို့ မင်းတပ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူ ၁ ဦးက အခုလို ပြောပါတယ်။

“လမ်းကြောင်းပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာတွေကော အခြေခံလူသုံးကုန်ပစ္စည်းတွေကော တွေရှားပါးတာ မလုံလောက်တာ ဒါကတော့ အဆိုးရွားဆုံးပဲ။ စစ်ဘေးရှောင်တွေမှာ ကိုယ်လိုချင်တဲ့ပစ္စည်းကို ပိုက်ဆံနဲ့ဝယ်မယ်ဆိုရင်တောင် ဝယ်လို့မရတဲ့အခြေအနေ ဝင်ငွေတွေမရှိကြတော့ဘူး အလုပ်အကိုင် အခွင့်အလမ်းတွေမရှိကြတော့ဘူး။ အလှူငွေတွေလည်း နည်းပါးလာတယ်ပေါ့နော်။ အဲ့ဒီ့အတွက်ကြောင့် ရှင်သန်ရပ်တည်ရေးက အရမ်းခက်ခဲတယ်။ လုံခြုံမှုမရှိဘူး။ လုံလောက်တဲ့ဆေးဝါး မရှိဘူးပေါ့နော်။ အဲ့ဒီအခါကျတော့ မိခင်တွေ ကလေးတွေ ဆုံးရှုံးရတာမျိုးရှိတယ်ပေါ့နော်။”

ဒီတပတ်ထဲမှာ မြန်မာစစ်တပ်ဟာ စစ်ဘေးရှောင်တွေရှိတဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် စစ်ဘေးရှောင် အဆောက်အဦးတွေထိခိုက်ပျက်စီးခဲ့တာရှိပြီး စစ်ဘေးရှောင်ကူညီပေးနေသူတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မင်းတပ်မြို့ထဲမှာ စစ်ဘေးရှောင် ၁ သောင်းကျော်လောက်ရှိပြီး လက်ရှိအချိန်မှာ စစ်ကောင်စီက နယ်မြေချင်းထိစပ်နေတဲ့ ထီးလင်းဘက်မှာပါ နယ်မြေရှင်းလင်းတာတွေလုပ်နေတဲ့အတွက် စစ်ဘေးရှောင်အရေအတွက်တွေ တိုးလာတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]











XS
SM
MD
LG