သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့နယ်မှာ ၆ ဦးသေဆုံး


လွိုင်ကော်မြို့နယ် အနောက်ခြမ်း ကုန်းသာကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရ (ဧပြီ ၂၀၊ ၂၀၂၄)
လွိုင်ကော်မြို့နယ် အနောက်ခြမ်း ကုန်းသာကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရ (ဧပြီ ၂၀၊ ၂၀၂၄)

စစ်ရေးတင်းမာနေတဲ့ ကရင်နီဒေသ လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် လူ ၆ ဦး သေဆုံးရတာဟာ စစ်ရာဇဝတ်မှုအဖြစ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက စွပ်စွဲလိုက်ပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်နီဒေသက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မခင်လေး တင်ပြထားပါတယ်။

လွိုင်ကော်မြို့နယ် အနောက်ခြမ်း ကုန်းသာကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် စနေနေ့က ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို လူ ၁ ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။ နေအိမ် အလုံး ၃၀ လောက် ပျက်စီးခဲ့တဲ့ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု ကျုးလွန်ရာ ရောက်တယ်လို့လည်း ပြောပါတယ်။

“စစ်ကောင်စီကတော့ စစ်ရာဇဝတ်မှုကတော့ အမြဲတမ်း ကျူးလွန်နေကြတယ်ပေါ့နော်၊ အရင်ကလည်း ကျူးလွန်တယ် ခုလည်း ဆက်ပြီး ကျူးလွန်တာရှိတယ်။ နောက်ပြီးတော့မှ ဒီလိုမျိုးတိုက်ခိုက်မှုက ရည်ရွယ်ချက် ရှင်းရှင်းလင်းလင်းရှိတယ်လို့ ကျနော်တို့ မြင်တယ်။ ဒီတိုက်ခိုက်မှုပုံစံကို ကြည့်ရင်စစ်ရာဇဝတ်မှုအပြင် လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်သော ရာဇဝတ်မှုဖြစ်တယ်လို့တော့ ပြောလို့ရတယ်ပေါ့နော်။”

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကလည်း ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် မနက် ၁၁ နာရီလောက်က ကုန်းသာကျေးရွာကို စစ်ကောင်စီတပ်တွေ Su-30 ဂျက်လေယာဉ် ၁ စင်းနဲ့ ပေါက်ကွဲအားပြင်းတဲ့ ပေါင် (၃၀၀) ဗုံး ၂လုံးကြဲချ တိုက်ခိုက်ခဲ့မှုကြောင့် အသက် ၃နှစ်အရွယ် မနေမ၊ အသက် ၇နှစ်အရွယ် မောင်တို့၊ အသက် ၃၅ နှစ်အရွယ် မလေး၊ အသက် ၄၅ နှစ် အရွယ် မညွန့်၊ အသက် ၆၅ နှစ်အရွယ် ဒေါ်ဇွမ်းနဲ့ အသက် ၇၅ နှစ်အရွယ် ဦးလူး တို့ စုစုပေါင်း ၆ဦး ထိခိုက်သေဆုံးခဲ့ပြီး၂၀ ဦးထက်မနည် ပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ကုန်းသာကျေးရွာဟာ အိမ်ခြေ ၂၀၀ လောက်နဲ့ လူဦရေး ၇၀၀ ကျော် နေထိုင်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ကျူးလွန်နေတာဟာ ထင်းရှာတဲ့အကြောင်း NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန် ထားပါတယ်။

ဒီမတိုင်ခင် ဧပြီ ၁၉ ရက်နေ့မှာတော့ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာနဲ့ ၄မိုင်အကွာ မိုးဗြဲမြို့ အခြေစိုက် အမှတ် ၄၂၂ ခြေမြန်တပ်ရင်းမှာတော့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေနဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုဗညားက ပြောပါတယ်။ နောက်တရက်မှာပဲ ကုန်းသာကျေးရွာမှာ လေကြောင်းက တိုက်ခိုက်ခံခဲ့ရတာလို့လည်း ပြောပါတယ်။

တချိန်တည်းမှာပဲ ဒီရက်ပိုင်းအတွင်း ကရင်နီဒေသမှာ စစ်ကောင်စီက လေကြောင်းပျံသန်းမှုတွေ ရှိနေခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဗဟိုပြန်ကြားတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“ဖားဆောင်းမှာလည်း စစ်ဆင်ရေးက မပြီးပျက်သေးဘူး၊ မိုးဗြဲ ၄၂၂ စစ်ဆင်ရေးလည်း မပြီးပျက်သေးဘူးပေါ့နော်။ စစ်ကောင်စီဖက်ဘက်က ၂၀ ရက်နေ့တုန်းက လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာပေါ့နော်၊ မိုးဗြဲနဲ့ ၃မိုင်လောက်အကွာက ကျေးရွာကို ပေါင် ၅၀၀ ဗုံးနဲ့ လာကြဲသွားတယ်ပေါ့နော်။ အဲ့ဒါ ကလေးသူငယ် ၂ဦးအပါအဝင် မိသားစုဝင် ၆ဦးသေဆုံးသွားခဲ့တယ်။ ၁၀ ဦးကျော် ဒဏ်ရာရရတယ်ပေါ့။ ဆိုတော့ စစ်ကောင်စီကတော့ ဒီကရင်နီတဝိုက်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်။ ပြီးတော့မှ ရဟက်ယာဉ်နဲ့ ထောက်ပို့တွေ လုပ်နေတယ်ပေါ့။ လေယာဉ်ပျံသန်းမှုတွေလည်း ခပ်စိတ်စိတ်ပဲ၊ နောက်ပြီးတော့ ဒီရဟတ်ယာဉ်သွားလာမှုက ခပ်စိတ်စိတ်ပဲပေါ့နော်။”

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ဖက်ဆိုင်ရာ မဟုတ်တဲ့ ပစ်မှတ်တွေကို မကြာခဏ တိုက်ခိုက်လေ့ ရှိတယ်လို့လည်း ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“စစ်ကောင်စီတပ်တွေ အသေအကြေများတဲ့ ရက်တွေဆိုရင် အကြောင်းမဲ့ပေါ့နော် လူထုတွေရှိတဲ့ အရပ်ကို ဦးတည်ပြီးတော့မှ တိုက်ခိုက်တာ ဒါလုပ်လေ့လုပ်ထရှိတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ဘာလို့ဆို လူထုတွေ ကြောက်အောင်ပေါ့နော်။ နောက်ပြီးတော့မှ တော်လှန်ရေး အင်အားစုတွေ စိတ်ပိုင်ဆိုင်ရာအရ ဇဝေဇဝါဖြစ်အောင် လုပ်တဲ့နည်းလမ်းတခုပေါ့နော်။ ဒါလည်း အခုမှမဟုတ်ပါဘူး နှစ်ပေါင်းများစွာ စစ်ကောင်စီ စစ်တပ် အဆက်ဆက်က လုပ်ခဲ့တဲ့ အခင်းအကျဉ်းတခုဖြစ်ပါတယ်။ ဒီလိုမျိုးသူတို့က အသေအကျေ အကျအဆုံးရှိတဲ့အချိန်မှာ သူတို့ တိုက်ခိုက်တာရှိတယ်။ တခါကျရင် ဘာမှတိုက်ပွဲမရှိပဲ တကယ့်ကို သက်သက်မဲ့မဲ့ လူထုတွေ နေလို့မရအောင် ကျောင်းတွေကို ဖွင့်လို့မရအောင်ပေါ့နော် လုပ်တဲ့ဟာလည်း ရှိပါတယ်။”

စစ်ရေးတင်းမာနေတဲ့ ဒေသတွေမှာ ဒေသခံတွေ သေကျေထိခိုက်မှုတွေအတွက် မကြာခဏ အပြန်အလှန် အပြစ်ဖို့လေ့ ရှိကြပါတယ်။

ကရင်နီဒေသမှာ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ၃နှစ်ကျော် ကာလအတွင်း အရပ်သားပြည်သူ ၅၈၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုဖို့ကတော့ လုံခြုံရေးအခြေအနေအရ ခက်ခဲနေပါတယ်။

Forum

XS
SM
MD
LG