သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲနဲ့ ဖားဆောင်းဒေသ တိုက်ပွဲများပြင်းထန်၊ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက်


ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များ (KNDF) ကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များ (KNDF) ကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

ရှမ်း-ကယားဒေသ မိုးဗြဲနဲ့ ဖားဆောင်းဒေသမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ကရင်နီဒေသတပ်ပေါင်းစုတွေက စစ်ကောင်စီတပ်စခန်းတွေအပြင် မြို့သိမ်းဖို့ တိုက်ပွဲတွေပါ ဆင်နွှဲနေပါတယ်။ စစ်ကောင်စီဖက်ကတော့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေသုံးပြီး အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်ပြောပြမှာပါ။

ရှမ်း-ကယားဒေသ မိုးဗြဲမြို့နဲ့ ဖားဆောင်းမြို့မှာ နေ့စဉ်ဆိုသလို စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတွေအကြား နှစ်ဖက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။ ဒေသတွင်း မြို့တွေကိုပါ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“မိုးဗြဲကတော့ စစ်ဆင်ရေးလုပ်နေတုန်းပါပဲ ဟုတ်၊ စစ်ဆင်းရေးတွေ မပြီးသေးပါဘူး။ ထို့နည်းလည်းကောင်ပဲ ဖားဆောင်းဘက်ကလည်း ဒီစစ်ဆင်းရေးတွေ လုပ်နေတုန်းပါပဲပေါ့နော်။ ဆိုတော့ ဖားဆောင်းကတော့ မြို့ကို သိမ်းနိုင်ဖို့အတွက် ဒါ မြို့ရဲ့ ဧရိယာတော်တော်များများကို ထိန်းထားနိုင်ပြီးပေါ့နော်။ စစ်ကောင်စီအခြေစိုက်တပ်ကိုပဲ ဒါကို သိမ်းနိုင်ဖို့ စစ်ဆင်ရေးလုပ်နေတုန်းပါခင်ဗျ။ ဖားဆောင်းမြို့ထဲမှာပေါ့နော် ဒီ ၁၃၄ စခန်းထဲမှာ စစ်ကောင်စီတပ်တွေ ရှိတယ်ပေါ့နော်။”

မိုးဗြဲမြို့ စစ်ကောင်စီအခြေစိုက် အမှတ်(၄၂၂) ခြေမြန်တပ်ရင်းတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေအကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ တပတ်နီးပါး ရှိလာပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကတည်းကလည်း ဖားဆောင်းမြို့သိမ်းတိုက်ပွဲဆင်နေပြီး၊ ခုချိန်ထိ ဖားဆောင်းမြို့ စစ်ကောင်စီအခြေစိုက် အမှတ်(၁၃၄) ခြေလျင်တပ်ရင်းနဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးကပြောပါတယ်။

မိုးဗြဲတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးရော လေကြောင်းပါ အသုံးပြုပြီး ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်နေတယ်လို့ မိုးဗြဲမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တုန်းပါပဲ။ ဒီ ၃ရက်နေ့ကတည်းက ခု ၈ရက်နေ့ ၅ရက် ၆ရက်လောက်ရှိပြီး တိုက်ပွဲတော့ မငြိမ်ပါဘူး ဒီတိုင်းပါပဲ။ လေယာဉ်နဲ့ လာပစ်လိုက် လက်နက်ကြီလိုက်ပဲ။”

ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က တစုံတရာထုတ်ပြန်ပြောဆိုတာလည်း မရှိသေးပါဘူး။

ဧပြီ ၁ရက်နေ့ နေ့ခင်းပိုင်းက မိုးဗြဲမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့် လူအထိအခိုက်မရှိဘူးလို့ ဒေသခံက ပြောပါတယ်။ ဧပြီလ ၂ရက်နေ့ ညပိုင်းမှာတော့ ဖယ်ခုံမြို့နယ် အနောက်ခြမ်း ဆိုင်ခွန်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာခံ ၈ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး၊ နေအိမ် ၁၂ လုံးပျက်စီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

ဒါအပြင် မတ်လ ၂၂ ရက်နေ့မှာလည်း ဖယ်ခုံမြို့နယ်၊ လအိကျေရွာ ဆေးရုံကို ပေါင် ၅၀၀ ဗုံးနဲ့ ၄ကြိမ် လာရောက်ကြဲချတိုက်ခိုက်တာကြောင့် ဆေးရုံဝန်ထမ်းနဲ့ အရပ်သားပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရရှိပြီး အဲ့ဒီထဲက ၂ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတိုက်ခိုက်မှုနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ထောင်နဲ့ ချီတဲ့ ဒေသခံတွေ အိမ်အိုးစွန့်ခွာ ဘေးလွတ်ရာမှာ ထွက်ပြေး တိမ်းရှောင်နေကြပြီး အများစုက ခုချိန်ထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။ ရှမ်း-ကယားဒေသမှာ စစ်ကောင်စီတပ်တွေကို ကရင်နီတပ်မတော်(KA) ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဖယ်ခုံ၊ မိုးဗြဲ စတဲ့ တော်လှန်ရေးအင်အားစုတပ် တွေ ပူးပေါင်း တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒေသတွင်း စစ်ကောင်စီတပ်တွေလုံးဝကင်းစင်မှာပဲ တော်လှန်ရေးတပ်ရော ဒေသခံတွေပါ အေးအေးချမ်းချမ်း နေထိုင်ပြီး လုပ်ကိုင်စားသောက်နိုင်မှာဖြစ်တယ်လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“မိုးဗြဲရယ် ဖားဆောင်းရယ်ကို ဘာလို့ သိမ်းလည်းဆိုရင်တော့ ဒါကို ကျနော်တို့ စစ်ဆင်ရေးတွေက မြို့သိမ်းတဲ့ စစ်ဆင်းရေးတွေ ဖြစ်တဲ့အတွက် တော်လှန်ရေး တပ်ပေါင်းစုကနေပြီးတော့ မြို့တွေအလိုက်ပေါ့နော် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲတဲ့ ပုံစံပဲ ဖြစ်တယ်ပေါ့နော်။ စစ်ကောင်စီကင်းစင်တဲ့ နယ်မြေတွေကတော့ ကျနော်တို့ ပြည်သူရော တော်လှန်ရေးတပ်ဖွဲ့ရော လွတ်လပ်စွာလှုပ်ရှားသွားလာနေထိုင်နေလို့ရတယ်ပေါ့နော်။ လေကြောင်းအန္တရာယ်ကလွဲလို့ပေါ့ ဆိုတော့ ကျနော်တို့ရဲ့ ဒီလူမှုဆက်ဆံရေးတွေ နောက်ပြီးတော့ ကုန်သွယ်ရေးတွေ အချိတ်အဆက် လမ်းပန်းဆက်သွယ်ရေးတွေက ပိုအဆင်ပြေနိုင်မယ့် အခြေအနေမျိုးဖြစ်ပါတယ်။”

မိုးဗြဲ၊ ဖားဆောင်းမှာ လတ်တလော တိုက်ပွဲနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမယ့် တုန်ပြန်ချက်မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG