သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မိုးဗြဲမြို့အနီး တိုက်ပွဲပြင်းထန်နေ


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက စစ်ကောင်စီအခြေစိုက် တပ်ရင်းစခန်း တခုကို ဒီကနေ့မှာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ကရင်ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၂ရက် မနေ့ည ၉ နာရီလောက်တုန်းကတော့ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ဖယ်ခုံမြို့နယ် ဆိုင်ခွန်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာခံ တချို့ ထိခိုက်ဒဏ်ရာရသလို နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက တင်ပြမှာပါ။

ဧပြီလ ၃ ရက် ဒီကနေ့မှာ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ မြောက်ဘက် ၂မိုင်ကျော် အကွာမှာရှိတဲ့ စစ်ကောင်စီအခြေစိုက် စခန်းကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက အခုလို ပြောပါတယ်။

“မိုးဗြဲဖက်မှာပေါ့ တိုက်ပွဲဖြစ်တယ်ပေါ့နော်။ ဒီ ၄၂၂ ပေါ့နော် ကျနော်တို့ ခေါ်တာ မိုးဗြဲ ရေကာတာမှာရှိနေတဲ့ စစ်ကောင်စီတပ်ကို ကျနော်တို့ ကရင်နီ တော်လှန်ရေးအင်အားစုကနေ ဝင်ရောက်တိုက်ခိုက်တာပေါ့နော်။ ဒါက ဒီမနက်ဖြစ်တဲ့ဟာပါ၊ လောလောဆယ် မိုးဗြဲမြို့ပေါ်မှာ တချို့နေရာတွေမှာ လူနည်းနည်းပါးပါး အနည်းအကျဉ်းရှိပါတယ်။”

ကရင်နီလို့လည်း ခေါ်တဲ့ ကယားပြည်နယ် နယ်စပ်နားက စစ်ကောင်စီအခြေစိုက် အမှတ် (၄၂၂) ခြေမြန်တပ်ရင်းဟာ မိုးဗြဲ ရေကာတာအနီးမှာ အထိုင်ချထားတဲ့ တပ်ရင်းဖြစ်ပါတယ်။ အဲ့ဒီတပ်ရင်းဟာ မိုးဗြဲနဲ့ ဖယ်ခုံ ကြားမှာ တည်ရှိနေပြီး စစ်ရေးအရ အဓိက ကျတဲ့ နေရာတခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ တစ်လေးလုံး စစ်ဆင်ရေး ပထမနေ့မှာတော့ ဖယ်ခုံ မိုးဗြဲဒေသ စစ်ကောင်စီတပ်က ခြေကုပ်ယူထားတဲ့ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း (၃)၊ ပွဲကုန်း (၁)၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား (၂) စတဲ့ စခန်း ၈ခု ထက်မနည်း ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာပါ။ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က နယ်မြေထိန်းချုပ်ထားနိုင်ပြီး စစ်ရေးအရ မြေပြင် အသာစီး ရနေပြီး မိုးဗြဲမြို့ အနီး အမှတ် (၄၂၂) ခြေမြန်တပ်ရင်းမှာပဲ စစ်ကောင်စီက ကျန်ရှိနေခဲ့တာလို့ ကရင်နီအမျိုးသားများ ကွယ်ကာရေးတပ် (KNDF) က ဗွီအိုအေကို ပြောထားပါတယ်။

အဲ့ဒီတုန်းက မိုးဗြဲမြို့မှာ တိုက်ပွဲပြင်းထန်ကတည်းက မြို့ခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြပြီး လက်ရှိ မြို့ထဲမှာ နေအိမ်သန့်ရှင်းရေး ပြန်လုပ်သူနဲ့ အိမ်စောင့်အဖြစ် နေထိုင်သူ အနည်းငယ်သာ ကျန်ရှိနေတာလို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ပြောပါတယ်။ ဒေသအခြေအနေ မလုံခြုံသေးတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက နေရပ်ပြန်ခွင့် မပြုသေးပါဘူး။

စစ်ကောင်စီအခြေစိုက် အမှတ် (၄၂၂) ခြေမြန်တပ်ရင်းအနား တိုက်ပွဲနဲ့ ပတ်သက်လို့ အနီးအနားမှာ ရှိနေတဲ့ ဒေသခံတဦးက ခုလို ပြောပါတယ်။

“အခုလည်း မိုးဗြဲမှာတော့ လုပ်တယ်။ အသံတော့ ကျမတို့ နေတဲ့နေရာ မိုးဗြဲနဲ့ လွိုင်လင်ကြားမှာ အသံနှစ်ဖက်စလုံးတော့ ကြားနေရတာပေါ့နော်။ ဒီရက်ရော မနေ့ညရော တောက်လျှောက်ကြားရတယ်။ (လက်နက်)အကြီးရော အငယ်ရော တိုက်ပွဲပဲလို့ ထင်တာပဲ၊ အသံတော့ မတိတ်သေးဘူးပေါ့နော် ၄၂၂ နားမှာတော့ လုပ်နေသေးတယ်။”

ဧပြီလ ၂ရက် မနေ့ည ၉ နာရီလောက်မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ဖယ်ခုံမြို့နယ် အနောက်ခြမ်း ဆိုင်ခွန်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကိုဗညားက ခုလို ပြောပါတယ်။

“လောလောဆယ် လူကတော့ ၈ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ပြောတယ်ပေါ့နော်။ ဗုံးကြီးက ၆ကြိမ်လာကြဲတယ်ပြောတယ်ပေါ့နော်။ ၈ယောက်ထဲက ၂ယောက်တော့ နည်းနည်းလေး ဒဏ်ရာပြင်းထန်တယ်လို့ ပြောတယ်။ နေလုံး ၁၂ လုံးထိခိုက်ပျက်စီးတယ်လို့ အကြမ်းဖျင်းတော့ ကျနော်တို့ အဲ့လိုထားတာရှိပါတယ် ဟုတ်။”

ဒေသခံတစ်ဦးကလည်း ခုလို ပြောပါတယ်။

“လေယာဉ်လာပြီးတော့ ကျမတို့အထင် အဲ့မိုးဗြဲမှာကြဲလာလို့ နောက် ကြည့်နားထောင်ကြည့်တော့ ဖယ်ခုံရဲ့ အနောက်ဖက်ခြမ်းမှာ ဖြစ်သွားတာပေါ့နော်။ အဲ့နေရာမှာလေ တခါမှာ မဖြစ်ဘူး။ ဒီတခေါက်မှာပဲ ပထမဆုံးကျတယ်ပေါ့နော်။ တိုက်ပွဲလည်း တခါမှ မဖြစ်သေးဘူးပေါ့နော်။ အဲ့မှာလည်း ပြည်သူတွေပဲ ရှိတယ်ပေါ့နော်၊ တောင်သူလယ်သမားတွေ အဲ့လိုမျိုးတော့ ရှိတယ်။ စစ်ရှောင်တချို့ တလေတော့ ရှိတယ် ဒါပေမယ့် အခုထိတဲ့လူက စစ်ရှောင်လား ရွာသားလားတော့ ကျမတို့လည်း အတိအကျမသိဘူးပေါ့နော်။”

လတ်တလော လေယာဉ်ဗုံးကြဲမှု၊ တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ အဆက်အသွယ်မရပါဘူး။

အလားတူ ဧပြီ ၁ ရက်နေ့ နေ့ခင်းပိုင်းက မိုးဗြဲမြို့ကို လေယာဉ်နဲ့ ၂ဗုံးကြဲခဲ့ပေမယ့် လူအထိအခိုက်မရှိဘူးလို့ ဒေသခံက ပြောပါတယ်။ မတ်လ ၂၂ ရက်နေ့မှာလည်း တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ ဆေးရုံကို ပေါင် ၅၀၀ ဗုံးနဲ့ ၄ ကြိမ် လာရောက်ကြဲချ တိုက်ခိုက်တာကြောင့် ဆေးရုံဝန်ထမ်းနဲ့ အရပ်သားပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရရှိပြီး အဲ့ဒီထဲက ၂ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG