သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့် ရောက်လာတဲ့ ကရင်နီဒေသက စိန်ခေါ်မှုများ


ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌ ခွန်ဘီထူး
ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌ ခွန်ဘီထူး

မြန်မာနိုင်ငံတဝှမ်း နယ်မြေတွေ အကြီးအကျယ် ဆုံးရှုံးလာနေတဲ့ စစ်ကောင်စီအနေနဲ့ အရပ်သားတွေအပေါ် အညှိုးနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ဖို့၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က တောင်းဆိုလိုက်ပါတယ်။ ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နို၀င်ဘာလက စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း ၅ လအတွင်း၊ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသိမ်းယူနိုင်ဖို့အထိ ကြိုးပမ်းနိုင်တဲ့ အခြေအနေ ရရှိလာကြောင်း KNDF ဥက္ကဌ ခွန်ဘီထူးက ဗွီအိုအေကို ပြောပါတယ်။ တဘက်မှာလည်း လွတ်မြောက်နယ်မြေ ဖြစ်လာတဲ့ ကရင်နီပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ခွန်ဘီထူး ။ ။ ကျနော်တို့ရဲ့ စစ်ရေး ရည်မှန်းချက် ဒီ ၂၀၂၄ မှာ အိမ်ပြန်ကြမယ်လို့ ရည်မှန်းထားတဲ့ ရည်မှန်းချက်ကိုတော့ ဆက်လက်ပြီး အကောင်အထည် ဖော်နေတုန်းဘဲ ဖြစ်တယ်။ စစ်ရေးဘက်မှာ ကျနော်တို့ စစ်ကောင်စီဒေသတွေကို သူတို့ရဲ့ တပ်ရင်း၊ တပ်စခန်းတွေကို ပြန်ဆုတ်သွားအောင် ကျနော်တို့ ပြီးခဲ့တဲ့ ကာလတလျှောက်လုံးမှာ တိုက်ပွဲတွေ တိုက်ခဲ့ပြီး ဖိအားပေးနိုင်ခဲ့သလို၊ အခုရက်ပိုင်းတွင်းမှာဆိုရင် ကျနော်တို့ဘက်က တပ်ရင်းစခန်းတွေကို ပိုပြီးသိမ်းနိုင်ဖို့ ကြိုးစားနေတယ်။ ဒါကြောင့်မို့ ဖားဆောင်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီးတော့ ဖားဆောင်းမှာရှိနေတဲ့ ၁၃၅ တပ်ရင်းကို အပြီးသတ်ချေမှုန်းနိုင်ဖို့ ကြိုးစားနေသလို မိုးဗြဲဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီးတော့မှာ မိုးဗြဲဘက်မှာလည်း ၄၄၂ တပ်ရင်းကို အပြီးသတ်တိုက်နိုင်ဖို့ တိုက်ပွဲကြိုးစားနေတဲ့ အခြေအနေမျိုး ရှိပါတယ်။

မအင်ကြင်းနိုင် ။ ။ မြို့သိမ်းတိုက်ပွဲတွေ နယ်မြေသိမ်းတိုက်ပွဲတွေ အနေအထားအရ ကြည့်ရင် အခုကရင်နီမှာ အနေအထားကဘယ်လိုလဲရှင့်။

ဖြေ ။ ။ အစောပိုင်းက ပြောသလို စစ်ကောင်စီဒေသတွေရဲ့ တပ်ရင်းစခန်းတွေ အလွန်ဆုံး ၈ ခုလောက်ပဲ ကျန်တော့တယ်။ အဲ့ဒီတပ်ရင်းစခန်း ၈ ခုကို ကျနော်တို့က အပြတ်တိုက်နိုင်အောင် ကြိုးစားနေတဲ့ အခြေအနေမျိုး ဖြစ်တယ်။ အဲ့ဒီတော့ ဘယ်ဟာတွေကို အရင်ဦးစားပေးပြီး အမြစ်ပြတ်ချေမှုန်းမလဲ ဆိုတာကတော့ ကျနော်တို့ရဲ့ စစ်ရေးဗျူဟာအပိုင်းဖြစ်တဲ့အတွက် အဲ့ဒီအပေါ်မှာ အထူးတလည် ထုတ်ပြောစရာ မရှိသေးဘူး။ ဒါပေမဲ့ အခုနပြောတဲ့ မြို့တွေ တော်တော်များများကို ၂၀၂၄ ထဲမှာ ဆက်လက်ပြီးမှ ချေမှုန်းနိုင်ဖို့ကို ကျနော်တို့ ကြိုးစားနေတယ်။ လွိုင်ကော်ကလည်း ကျနော်တို့ ရဲ့ One of the Target Area ဖြစ်တယ်။ အဲ့ဒီနေရာကိုတော့ ကျနော်တို့က ဆက်ပြီးမှ ချေမှုန်းနိုင်ဖို့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။

မေး ။ ။ အဲ့ဒီတော့ စစ်ကောင်စီအနေအထားက စောစောက ပြောသွားတယ်ဆိုလို့ရှိရင် တဘက်မှာလည်း သူတို့တွေက စစ်မျက်နှာတွေများနေတော့ တခြားပြည်နယ်တွေမှာလည်း များနေတဲ့အခါကြတော့ အခု ကရင်နီမှာ စစ်ကောင်စီတပ်တွေ လှုပ်ရှားမှုတွေက သိပ်မရှိသလောက် ဖြစ်သလို၊ တဘက်မှာလည်း သူတို့တွေက အင်အားဖြည့်ဖို့ ကြိုးစားနေတာတွေ ရှိနေတော့ တကယ်တမ်း စစ်ကောင်စီအင်အားက စစ်ကောင်စီတပ်တွေရဲ့ အင်အားက ဖြည့်တင်းနိုင်အောင် ကြိုးစားနေတဲ့ အနေအထားက ဘယ်လိုရှိလဲရှင့်။

ဖြေ ။ ။ စစ်ကောင်စီတွေရဲ့ အင်အားဖြည့်တင်းမှုက ဘယ်အရာတွေမှာ သွားတိုင်းတာလို့ရလဲဆိုတော့ လက်နက်ကြီးပစ်အားတွေ နောက်လေယာဥ်နဲ့ ထောက်ပို့လုပ်တာတွေက အားနည်းလာတာပဲလို့ ကျနော်တို့က ခန့်မှန်းတယ်။ ဒီလိုအားနည်းလာတာကြောင့် ကျနော်တို့က လွယ်လွယ်လေးနဲ့ ကျနော်တို့ဘက်က အောင်မြင်မှုရသွားတဲ့ အနေအထားမျိုးတော့ မဟုတ်သေးဘူးပေါ့နော်။ စစ်ကောင်စီဘက်က အင်အားအတိုင်းအတာလေးတခု ရှိတယ်။ သို့သော်လဲပဲ လက်နက်ကြီး ပစ်ခတ်မှုတွေက အရင်ကာလထက် နည်းနည်းလေး နည်းသွားတယ်။ နောက်တခုက မြေပြင်ထိုးစစ်တွေ အင်အားဖြည့်တင်းတဲ့ကိစ္စမှာ အားနည်းနေတုန်းပဲ ဖြစ်တယ်။ အခုထိ လုံလုံလောက်လောက် ဖြည့်ဆီးနိုင်တဲ့ အင်အားမျိုး မရှိသေးဘူး။ ဒါကြောင့်မို့လည်း သူတို့ရဲ့ စစ်မှု့မထမ်းမနေရ ဥပဒေကို ပြဌာန်းပြီးမှ တပ်သားအင်အားအရေအတွက် စုဆောင်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်သလို ကျနော်တို့နဲ့ဆိုရင် ရှမ်းပြည်နယ်မှာ ရှိနေတဲ့ ပအို့ဝ်တွေကို ပြည်သူ့စစ်တွေကို လက်နက်တွေတပ်ဆင်ပြီးမှ သူတို့နဲ့ အတူတူတိုက်ဖို့ ပြောနေတဲ့ လုပ်နေတဲ့ဟာတွေကို တွေ့ရတယ်။ အဲ့ဒီတော့ စစ်ကောင်စီရဲ့အင်အားတွေက ဘယ်လောက်ထိ အင်အားများလာပြီးမှ ချေမှုန်းရေးမှာ ဘယ်လောက်ထိ တိုးတက်လာလဲဆိုတာ ခန့်မှန်းရခက်ပေမယ့် အခုချိန်ထိကတော့ သိသိသာသာ တိုးတက်တဲ့ အခြေအနေမျိုး သိသိသာသာ တိုက်ခိုက်ရေးစွမ်းရေး မြင့်တက်လာတဲ့ အခြေအနေမျိူးတော့ မတွေ့ရသေးဘူး။ ဒါ့ကြောင့်မို့ ကျနော်တို့ဘက်က စစ်ရေးပြင်ဆင်မှုနဲ့ တည်ဆောက်မှု့တွေကိုလည်း အဆက်မပြတ်ဆက် လုပ်နေတယ်။

မေး ။ ။ အဲ့ဒီအခါမှာ အခုစစ်ကောင်စီက သူတို့ အသက်သွင်းလိုက်တဲ့ မဖြစ်မနေ စစ်မှု့ထမ်းတဲ့ ဥပဒေကြောင့် ကရင်နီပြည်နယ်ဘက်ကို ထွက်လာတဲ့လူတွေကော ရှိပါလားရှင့်။

ဖြေ ။ ။ အဲ့ဒါကိုတော့ အထူးတလည် မဖြေကြားချင်ဘူး။ ဒါပေမဲ့ သေချာတာကတော့ စစ်မှု့မထမ်းမနေရ ဥပဒေကြောင့် လူငယ်အများအပြားက လွတ်မြောက်နယ်မြေလို့ ယူဆရတဲ့နေရာတွေကို သွားနေတဲ့ထဲမှာ ကရင်နီကလည်း ပါပါတယ်။ အဲ့ဒီအတွက်လည်း ကျနော်တို့ ကြိုဆိုတယ်။ လူ ၃ မျိူးကို ကြိုဆိုရလိမ့်မယ်လို့ ယုံကြည်တယ်။ နံပါတ်တစ်ကတော့ ကျနော်တို့ဆီကို လာပြီးတော့မှ စစ်မှု့ထမ်းဖို့ လိုတယ်။ တပ်ဖွဲ့မှာ ပါဝင်ပြီးတော့မှ တော်လှန်ရေးလုပ်ငန်းကို လုပ်လိုတဲ့ လူငယ်လူရွယ်တွေ။ ဒါတွေက ကျနော်တို့ ဖိတ်ခေါ်သလို ကျနော်တို့ဆီကိုလာပြီးမှ CDM အနေနဲ့၊ လုပ်အားအနေနဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးမှာ လာပြီးတော့ တာဝန်ထမ်းဆောင်လိုတဲ့ လူတွေလည်း ဖိတ်ခေါ်သလို၊ ကျနော်တို့ဆီမှာ လာပြီးမှ ခိုလှုံလိုတဲ့ မိသားစုလိုက်ဖြစ်ဖြစ် လူမှုစီးပွားရေး တနေနေရာရာမှာ လုပ်လို့ရတဲ့အရာတွေကို လာလုပ်တာပဲဖြစ်ဖြစ်၊ ကျနော်တို့ ဒါတွေကို ပြင်ပြင်ဆင်ဆင်နဲ့ ကြိုဆိုနေပါတယ်။ ဒီလိုကြိုဆိုတဲ့အတွက် ဝန်ထုတ်ဝန်ပိုးတွေတော့ ရှိပေမယ့် တဘက်မှာလည်း အားလုံးရဲ့ ခံနိုင်ရည်၊ အားလုံးခိုလှုံနိုင်တဲ့ နေရာလေးတခုဖြစ်အောင် ကရင်နီပြည်က လုပ်ဆောင်သလို ကျနော်တို့နဲ့ ချိတ်ဆက်နေတဲ့ တော်လှန်ရေးအဖွဲ့အသီးသီးကလည်း ကျနော်တို့ ဒီလိုလုပ်ဆောင်နေတဲ့အပေါ်မှာ အတူတူလုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ အဲ့ဒီတော့ စစ်မှု့မထမ်းမနေရရဲ့ အကျိုးဆက်တွေကို ကျနော်တို့ တနည်းအားဖြင့် အပြုသဘောအသွင်ယူပြီးတော့မှ ကျနော်တို့ ပြင်ဆင်မှု့တွေနဲ့ ရှေ့ဆက်လုပ်ဆောင်မှုတွေ လုပ်ဆောင်နေပါတယ်။

မေး ။ ။ အဲ့ဒီတော့ ပထမအစပိုင်းမှာ ပြောသွားတဲ့ စစ်သုံ့ပန်းတွေပေါ့နော်။ စစ်ကောင်စီက ဒီစစ်သုံ့ပန်းတွေ အများအပြားရရှိနေတဲ့ အနေအထား တဘက်မှာလည်း လက်နက်ချပြီးတော့ ထွက်ပြေးလာတဲ့ စစ်သားတွေရဲ့အခြေအနေကော ကရင်နီပြည်နယ်မှာ ဘယ်လိုရှိပါလဲရှင့်။

ဖြေ ။ ။ ဒီလောလောလတ်လတ်ထဲမှာ ဖားဆောင်းမှာ စစ်သုံ့ပန်း အားလုံးပေါင်း ၅၀ ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ ဘောလခဲကနေ ဖားဆောင်းကို လာပြီးတော့မှ တိုက်ကူဖို့ ပြသနိုင်ခဲ့တဲ့အတွက် စစ်သုံ့ပန်းတွေ အများအပြား ရရှိခဲ့တယ်။ ဆိုတော့ အခုလက်ရှိ စစ်သုံ့ပန်းတွေကော အရင် စစ်သုံ့ပန်းတွေ ကျနော်တို့က စစ်ခုံရုံးမှာလည်းကောင်း၊ အရပ်ခုံရုံးမှာလည်းကောင်း တချို့ဟာတွေ တရားစွဲပြီးတော့မှ ပြစ်ဒဏ်တွေ သတ်မှတ်ပေးနေတယ်။ အဲ့ဒီတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူအင်အား အရမ်းများတဲ့အတွက် စုံစမ်းစစ်ဆေးမှု့တွေ အချိန်ယူပြီးတော့မှ လုပ်နေရတဲ့ အခြေအနေမျိုး ရှိတယ်။ အားလုံးစုစုပေါင်းဆိုရင် ဖားဆောင်းက လူ ၅၀ ကျော်၊ နောက် ရှားတောမှာလည်း ၃၀ ကျော် ပြီးတော့ လွိုင်ကော်မှာလည်း ၅၀‌ ကျော် ရှိခဲ့တဲ့ လူအင်အားတွေကို အခုထိ စုံစမ်းစစ်ဆေးမှု့တွေ လုပ်ပြီးတော့မှ အခုနပြောတဲ့ ထိန်းသိမ်းမှု့တွေ ဆက်လုပ်နေရတုန်းပဲ ဖြစ်တယ်။ ဒီလူတွေအားလုံးကို နံပါတ်တစ်ကတော့ နိုင်ငံတကာ Humanitarian ဥပဒေအတိုင်း သူတို့ရဲ့ အသက်ရှင်ခွင့် War Prisoner ဖြစ်တဲ့အတိုင်း သူတို့ကို စစ်သုံ့ပန်းအရ ထိန်းသိမ်းထားတာတွေ ဖြစ်သလို။ တဘက်မှာလည်း သူတို့ရဲ့ အခွင့်အရေးကို အတိုင်းအတာ တခုထိပေးပါတယ်။ သူတို့မိသားစုနဲ့ ဆက်သွယ်ဖို့တွေ စားဝတ်နေရေး ပြေလည်ဖို့တွေ အတတ်နိုင်ဆုံး ပံ့ပိုးမှုတွေလုပ်နေသလို၊ သူတို့ရဲ့ဆေးဝါးကုသမှုတွေလည်း လုပ်ပါတယ်။ အခု ဖားဆောင်းဘက်မှာဆိုရင်လည်း အကြီးအကျယ် ဒဏ်ရာရထားတဲ့လူက ၃ ယောက်လောက် ရှိတယ်။ ကျန်တဲ့လူ ၄၀ ကျော်လောက်ကတော့ အနည်းငယ် ဒဏ်ရာရထားတာ ရှိတယ်။ ဒဏ်ရာမရဘဲ နေတာက ၃ ယောက် ၄ ယောက်လောက်ပဲ ရှိတယ်။ ဒီလိုမျိုး အခြေအနေတွေကို ကျနော်တို့ ရင်ဆိုင်ပြီးမှ ကိုင်တွယ်နေတယ်။

မေး ။ ။ အခုလက်တလောမှာ နေပြည်တော်တို့ ပြင်ဦးလွင်တို့ မော်လမြိုင်တို့မှာ ရှောတိုက်ဒုံးတွေရယ် အဝေးထိန်း ဒုံးတွေနဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်တဲ့ အနေအထားကကော ဒီကရင်နီပြည်နယ်မှာ စစ်ရေးအခြေအနေပေါ် ရိုက်ခတ်မှု့တွေကော ရှိနေပါလားရှင့်။ ဘယ်လို ဆက်စပ်မှု့တွေ ရှိနေလားရှင့်။

ဖြေ ။ ။ ကျနော်တို့‌ တော်လှန်ရေးအင်အားစုတွေကတော့ အချိတ်အဆက်ရှိရှိ အလုပ်လုပ်နိုင်ဖို့ ကြိုးစားနေဆဲပဲ ဖြစ်တယ်။ အခုလိုမျိုး ပြင်ဦးလွင်ဘက်မှာ ရှော့တိုက်ဒုံး ၁၀၇ တွေနဲ့ ပစ်တာကော၊ နောက်ပြီးတော့ နေပြည်တော်မှာ ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့ အရာတွေ အားလုံးက ကောင်းတယ်။ အခုလိုမျိုး ကရင်ပြည်နယ်ဘက်မှ မြဝတီမြို့ကို ဝိုင်းထားပြီးမှ စီးထားနိုင်တဲ့အရာတွေကလည်း စစ်ရေးအရလည်း အပြန်အလှန်ချိတ်ဆက်မှု့တွေ ရှိသလို၊ အပြန်အလှန်အားဖြင့် အကျိုးပြု့မှု့တွေ ရှိတယ်။ စစ်ရေးကတော့ ဒီ့ထက် ပိုဆိုးရွားတဲ့အရာတွေကိုတော့ ကျနော်တို့ မမျှော်လင့်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီဘက်ကနေပြီးမှ လေယာဉ်နဲ့ ဗုံးကြဲတာတွေကတော့ နေ့တိုင်းကြုံနေရတယ်။ ပြီးတော့ အခုနပြောသလိုပဲ လူတွေကို ဖမ်းစီးသတ်ဖြတ်တာတွေက နေရာတိုင်းမှာ ဖြစ်နေတဲ့အတွက်၊ ဒီ့ထက် ပိုဆိုးရွားတဲ့အရာတွေကတော့ မမျှော်လင့်တော့ဘူး။ ကျနော်တို့ အဓိက တောင်းဆိုချင်တခုကတော့ အရပ်သားပစ်မှတ်တွေကို တတ်နိုင်သမျှ ရှောင်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုချင်တာပဲ။ ကျနော်တို့ ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ တပတ်တည်းမှာဆိုရင် ၁၁ ရက်နေ့မှာဆိုရင် ကယမ်းအမျိုးသားနေ့ပြီး နောက်တရက်မှာ အရပ်သားတွေနေတဲ့ နေအိမ်တွေ၊ စာသင်ကျောင်းလို့ ယူဆရတဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဖြစ်တယ်။ အဲ့ဒီနေရာတွေက နောက်တန်းစခန်းတွေ ဖြစ်သလို၊ နောက်တန်းနေရာတွေ ဖြစ်တဲ့အတွက် လူစုတွေနေတယ်။ စာသင်ကျောင်းတွေမှာ ကလေးတွေ စာသင်နေကြတဲ့ အခြေအနေမျိူး ရှိတယ်။ အဲ့ဒီနေရာတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာကတော့ ဆိုးရွားတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ စစ်ကောင်စီရဲ့ နောက်ဆုံး ပြစ်မှု့ကျူးလွန်တဲ့အရာတွေကိုပဲ မျှော်လင့်လို့ ရတော့မယ်။ မြင်နေရမယ့် အခြေအနေမျိုးပဲ ဖြစ်တယ်။

မေး ။ ။ အခုဆိုရင် ကရင်နီမှာဆိုရင် KNDF အပါအဝင်၊ ကရင်လက်နက်ကိုင်အဖွဲ့တွေဘက်ကနေ စိုးမိုးထားတဲ့ နယ်မြေတွေ ပိုင်ဆိုင်ထားတဲ့နယ်မြေတွေ ရှိလာတာနဲ့ တပြိုင်နက်တည်း IEC ဆိုတဲ့ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီကိုလည်း ဖွဲ့စည်းပြီးတော့ အုပ်ချုပ်ရေးအပိုင်းကိုလည်း ဆောင်ရွက်နေတဲ့ အနေအထားကို တွေ့ရတယ်။ နောက်ပြီးတော့ အုပ်ချုပ်ရေးအဖွဲ့ကလည်း အဓိက ဖက်ဒရယ်စနစ်ပေါ်မှာ ဦးတည်တယ်ဆိုပေမယ့်၊ လက်ရှိ တဘက်မှာလည်း တိုက်ပွဲတွေ၊ စစ်ရေးအရ စစ်ကောင်စီနဲ့ကလည်း အကြိတ်အနယ် တိုက်ခိုက်နေရတဲ့အခါကြတော့ ဒီ IEC အုပ်ချုပ်ရေးကောင်စီအဖွဲ့ရဲ့ အဓိက လက်ရှိစိန်ခေါ်မှု့တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေက ဘာတွေလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ စစ်ကူးကာလ တော်လှန်ရေးလုပ်နေတဲ့ ကာလမှာဘဲ အုပ်ချုပ်ရေးတွေကို ကျနော်တို့ လုပ်ဆောင်ရတာ ဖြစ်တယ်။ အုပ်ချုပ်ရေးရဲ့ အဓိကတာဝန်ကတော့ ပြည်သူတွေကို ဝန်ဆောင်မှု့တွေ ပြန်ပေးနိုင်ဖို့ ရည်မှန်းတာ ဖြစ်တယ်။ ဆို‌တော့ ပြည်သူတွေ လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးတွေ နောက် တည်ငြိမ်အေးချမ်းရေးတွေ၊ တရားဥပဒေစိုးမိုးရေးတွေကို ကျနော်တို့ အကောင်အထည် ဖော်နိုင်ဖို့အတွက် ကြိုးစားရတဲ့ အုပ်ချုပ်ရေးတွေ ရှိတယ်။ အဲဒီတော့ အုပ်ချုပ်ရေးမှာ‌တော့ ကျနော်တို့ လောလောဆယ် ၈ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ မြို့နယ့်အဆင့်ပေါ့နော်။ အုပ်ချုပ်ရေးတွေကို ကျနော်တို့ ပြန်ပြီးမှ ရွေးချယ်ထားတာတွေ ရှိပါတယ်။ ကျနော်တို့ရဲ့ Model ကတော့ ဒီအရပ်သားအုပ်ချုပ်ရေးကို ကျနော်တို့က ၄ ယောက် ဖိတ်ခေါ်ထားပြီးမှ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ပါဝင်နိုင်မယ် ၃ ယောက်ကို ကိုတာတွေ ပေးထားပြီးမှ ကျနော်တို့ လက်နက်ကိုင် အုပ်ချုပ်ရေးနဲ့ အရပ်သားအုပ်ချုပ်ရေးတွေကို ပေါင်းစပ်လိုက်တဲ့ အုပ်ချုပ်ရေးတွေကို တည်ဆောက်နေတာ ဖြစ်တယ်။ အဲ့ဒီတော့ တည်‌ဆောက်မှု့က ဟန်ချက်ညီစေပြီးမှ ဒေသန္တရအုပ်ချုပ်ရေးလို့ ခေါ်မှာပေါ့။ မြို့နယ်အဆင့် အုပ်ချုပ်ရေးတွေ အားကောင်းလာရင် သူတို့ဘာသာသူတို့ လူမှုရေး၊ ကျန်းမာရေးတွေကို တည်ဆောက်လာနိုင်တယ်။ အဲ့ဒီတော့ Resilience ကောင်းလာသလို၊ ကျနော်တို့ ပြည်သူလူထု ပါဝင်မှု့ကိုလည်း ရရှိစေတယ်။ အဲ့ဒီတော့ အခု ကျနော်တို့ ၈ မြို့နယ်ကို ပြီးဆုံးအောင် အုပ်ချုပ်ရေးတွေကို စတင်ထားနိုင်သလို၊ မကြာခင်မှာ နောက်ထပ် ၃ မြို့နယ်ကို ကျနော်တို့ ချထားလိမ့်မယ်။ တချို့ မြို့နယ်တွေကတော့ - ဥပမာ လွိုင်ကော်မြို့ဆို အရေးပေါ်အုပ်ချုပ်ရေး ပြဌာန်းပေးပြီးမှ ကြားကာလတခုပေါ့နော် သတ်မှတ်ပေးလိုက်ရတယ်။ ဒါပေမယ့် အခု လွိုင်ကော်မြို့ရဲ့ အုပ်ချုပ်ရေးကိုလည်း အမြန်ဆုံး ဆက်လက်ပြီး ဖွဲ့စည်းပေးမှာ ဖြစ်တယ်။ ဒီအုပ်ချုပ်ရေးတွေက ၂၀၂၄ ဇွန်လလောက်ထိ ကျနော်တို့ရဲ့ Budget Year ထိကတော့ ၁၃ မြို့နယ် အပြီးအစီး ဖွဲ့စည်းနိုင်ပြီမှ ၂၀၂၄ - ၂၀၂၅ အုပ်ချုပ်ရေးအတွက် ရန်ပုံငွေတွေကိုလည်း ရှာဖွေပြီးတော့မှ ဝန်ဆောင်မှု့တွေကို ပြန်ပြီးမှ ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဲ့ဒီအတွက် ရဲတွေကော၊ အကျဥ်းထောင်တွေ နောက် လဝကတွေကော ဒီလူဦး‌ရေစာရင်း ပြန်ကောက်တာတွေ နောက်ဆုံး ကျနော်တို့ရဲ့ စစ်ရှောင်ပြည်သူတွေနဲ့ ပြန်လည်နေရာချထားရေးကိစ္စတွေကို ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်နိုင်ဖို့ ကျနော်တို့က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီအုပ်ချုပ်ရေးတွေကတော့ ဒီလိုပေါ်လာပေမယ့် တဘက်မှာကတော့ အခက်အခဲလေးတွေ ရှိတယ်။ အထူးသဖြင့် ဆက်သွယ်ရေးပေါ့။ ကျနော်တို့ရဲ့ ပြည်နယ်ထဲမှာ ဆက်သွယ်ရေးတွေ အားလုံးပျက်စီးနေတယ်။ အဲ့တော့ အင်တာနက် ရနိုင်ဖို့အတွက် ဆက်သွယ်ရေး လွယ်ကူနိုင်ဖို့အတွက်ကို မနည်းကြိုးစားနေရသလို လမ်းပန်းဆက်သွယ်ရေးကလည်း ပျက်စီးခဲ့တယ်။ အဲ့တော့ IEC အတွက် ဝန်ထုပ်ဝန်ပိုးတွေ တော်တော်ဖြစ်တယ်။ ဒီလမ်းပန်းဆက်သွယ်ရေးတွေ အုပ်ချုပ်ရေးထောက်တိုင်တွေ ပြန်ရဖို့အတွက် ကျနော်တို့အင်နဲ့အားနဲ့သုံးပြီးမှ တည်‌ဆောက်နေရတဲ့ ကာလလေးတွေ ဖြစ်တယ်။

မေး ။ ။ အခုကရင်နီပြည်နယ်မှာ ဖြစ်နေတဲ့ သတင်းမီဒီယာတွေထားတဲ့ မူဝါဒပေါ့နော်။ အဲ့ဒီတော့ တကယ်တမ်းကြတော့ ကရင်နီပြည်နယ်မှာ သတင်းသွားပြီးတော့ယူဖို့ နိုင်ငံတကာမှာ သတင်းဌာနတွေ လွတ်လွတ်လပ်လပ် သွားယူခွင့်ရတယ်ဆိုတာကတော့ ဒါ နိုင်ငံတကာ သတင်းမီဒီယာအသိုင်းအဝိုင်းမှာလည်း သိပြီးသားအနေအထားပေါ့လေ။ အခုနော်ပိုင်းမှာမှ ပြီးခဲ့တဲ့ ရက်ပိုင်းက IEC ဘက်ကနေ မီဒီယာတွေအတွက် သူတို့ ကြေညာချက် ထုတ်ပြန်ထားတာပေါ့နော်။ တနည်းအားဖြင့် သူတို့ ကန့်သတ်ထားတဲ့ အနေအထားတွေ တွေ့ရတဲ့အခါကြတော့ အဲ့ဒါ ဘာ့ကြောင့်လဲရှင့်။

ဖြေ ။ ။ ကျနော်တို့ လောလောလတ်လတ်လေးပဲ သတင်းထောက် တယောက်ဘက်ကနေပြီးတော့ ကျနော်တို့ IEC ဘက်ကို ဘယ်သူက ခြိမ်းခြောက်ခံနေရတယ်ဆိုတဲ့ အကြောင်းအရာကို ပို့လာတာ ရှိတယ်။ အဲ့ဒီတော့ ဒီသတင်းထောက်တွေရဲ့ တိုင်ကြားမှုတွေကို ကျနော်တို့ လက်ခံရရှိတဲ့အချိန်မှ IEC ဘက်မှာ ဒီ သတင်းသမားတွေနဲ့ ပတ်သက်ပြီးမှ မီဒီယာတွေနဲ့ ပတ်သက်ပြီးမှ ကိုင်တွယ်ထားမယ့် အခြေအနေတွေက မရှိသေးဘူး။ အုပ်ချုပ်ရေးကလည်း လပိုင်းလောက်ပဲ ရှိနေသေးတော့၊ ဒီဟာကို မဖြစ်မနေ ကိုင်တွယ်ရမယ်လို့ ယုံကြည်တယ်။ အဲ့ဒါကြောင့်မို့ အခုနကပြောတဲ့ မီဒီယာ Guideline လေးကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG