သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီတိုက်ပွဲကြောင့် နယ်စပ်လုံခြုံရေး ထိုင်းတိုးမြှင့်


ထိုင်း-မြန်မာ နယ်စပ်မှာ ထိုင်းဘက်က လုံခြုံရေး ယူထားတဲ့ မြင်ကွင်း
ထိုင်း-မြန်မာ နယ်စပ်မှာ ထိုင်းဘက်က လုံခြုံရေး ယူထားတဲ့ မြင်ကွင်း

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာ စနေ့နေ့က တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ နယ်စပ်လုံခြုံရေး တိုးမြှင့်ချထားပြီး ထိုင်းဝန်ကြီးချုပ်ကလည်း အခြေအနေ အမျိုးမျိုး အတွက် ပြင်ဆင်ထားဖို့ အမိန့်ပေးထားပါတယ်။ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင် (Srettha Thavisin) က မတည်မငြိမ် ဖြစ်နေတဲ မြန်မာနိုင်ငံ အခြေအနေကို အနီးကပ် စောင့်ကြည့် နေပြီး မြန်မာဘက်ကနေ ထောင်နဲ့ချီတဲ့ အရပ်သားတွေ ထိုင်းဘက်ကို ထွက်ပြေးလာနေတာကြောင့် လိုအပ်ရင် လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ X လူမှုကွန်ရက်က ထုတ်ပြန်ချက်ထဲမှာ လာမယ့် ဧပြီလ ၂၃ ရက် (အင်္ဂါနေ့) ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မဲဆောက်ကို ခရီးထွက်ပြီး လုံခြုံရေး တာဝန်ရှိသူတွေကို အားပေးကာ နယ်စပ်ကုန်သွယ်ရေး အပါအဝင် အဲဒီက နောက်ဆုံး အခြေအနေ အစီရင်ခံချက်တွေကို နားထောင်မယ်လို့ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်နေတာကို မလိုလားဘဲ ထိုင်း ပြည်သူလူထုနဲ့ နယ်စပ်လုံခြုံရေးကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မကြာခင် အခြေအနေတွေ ပုံမှန်ပြန်ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်းနဲ့ နယ်စပ်မှာ တိုက်ပွဲတွေ မပြန့်ပွားစေဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။ “ထိုင်းနိုင်ငံရဲ့ အချုပ်အခြာပိုင် နယ်မြေနဲ့ လေပိုင်နက်ကို ကျူးကျော် ချိုးဖောက်ပြီး နယ်စပ်မှာရှိတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့ ထိုင်းနိုင်ငံက မြန်မာသံရုံးကို အကြောင်းကြားထားတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောပါတယ်။

မြဝတီ အခြေအနေ ထိုင်း စောင့်ကြည့်
please wait

No media source currently available

0:00 0:06:10 0:00

မြဝတီနဲ့ မဲဆောက်ကို ချိတ်ဆက်ထားတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) အနီးမှာ စနေနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့လို့ မြန်မာဘက်ကခြမ်းက အရပ်သား ထောင်နဲ့ချီ ထိုင်းဘက်ကို ထွက်ပြေးခဲ့ရတာပါ။ ဧပြီ ၅ ရက်နေ့ကတည်းက အဲဒီတံတားအနီးမှာ ခိုအောင်းနေတဲ့ စစ်ကောင်စီ တပ်သားတွေကို ကရင်အမျိုးသားလွဝ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက ၄၀ မီလီမီတာ စက်သေနတ်တွေ၊ အဝေးထိန်း ဒရုန်းတွေနဲ့ ဧပြီ ၂၀ ရက်၊ စနေနေ့က တိုက်ခိုက်ခဲ့ကြောင်း ထိုင်း ရုပ်သံလိုင်း NBT သူ့ရဲ့ X လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ထိုင်း ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တိုက်ပွဲတွေကြောင့် စနေနေ့က မဲဆောက်ဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူ ထောင်ကျော် ရှိပြီး ကလေးသူငယ်အများအပြား ပါတယ်လို့ ဖော်ပြထားပါတယ်။ ထွင်ပြေးလာသူတွေထဲမှာ ဗုံးစထိမှန်လို့ ဒဏ်ရာရသူ တဦးလည်း ပါဝင်တယ် ဆိုပါတယ်။ ထိုင်းစစ်တပ်နဲ့ မဲဆောက်အာဏာပိုင်တွေ ပြုစုထားတဲ့ ကိန်းဂဏန်းတွေအရ စနေနေ့ တရက်တည်း မဲဆောက်မြို့ဘက်ကို ယာယီခိုလှုံဖို့ ရောက်ရှိလာသူ လူပေါင်း ၃,၀၂၇ ဦး ရှိတယ် ဆိုပါတယ်။ နယ်စပ်တလျှောက် ဖြတ်ကျော် ထွက်ပြေးကြသူတွေလည်း အများအပြား ရှိတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောလို့ ထိုင်းဘက်ကို ခိုလှုံလာသူ အရေအတွက်က ဒီထက်ပိုနိုင်ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ အကြီးတန်း သုတေသီ Sunai Phasuk ရဲ့ စနေနေ့က X လူမှုကွန်ရက်မှာ ရေးသားချက်မှာတော့ မြန်မာစစ်ကောင်စီတပ်တွေက တော်လှန်ရေးအင်အားစုတွေကို MIG-29 ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ပြီးနောက်မှာ မြဝတီဘက်ကနေ လူထောင်ကျော် ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေး ခိုလှုံရောက်ရှိလာတယ်လို့ ဆိုပါတယ်။

မြန်မာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံရဲ့ စနေ ညပိုင်း ကြေညာချက်နဲ့ တနင်္ဂနွေနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေထဲမှာတော့ KNU အဖွဲ့က စစ်ကောင်စီ အခေါ် အကြမ်းဖက်မှုကို လိုလားသူများ၊ KKO (ခွဲထွက် အဖွဲ့) နဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေက လက်နက်ကြီးတွေ၊ အဝေးထိန်း ဒရုန်း Drop Bomb တွေ အသုံးပြုပြီး သာလွန် အင်အားနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဝင်တိုက်လို့ ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် လေကြောင်း တိုက်ခိုက်မှုနဲ့ တုံ့ပြန်ခဲ့ပြီး အကြမ်းဖက် ပူးပေါင်း အဖွဲ့က အကျအဆုံး အများအပြားနဲ့ ဆုတ်ခွာခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG