သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားထောင်တွင်းဆန္ဒပြပွဲ နှိမ်နင်းခံရမှု ၄ ဦး သေဆုံး


မြစ်ကြီးနားအကျဉ်းထောင် (Photo-မြစ်ကြီးနားသတင်းဂျာနယ်) (မှတ်တမ်းပုံ)
မြစ်ကြီးနားအကျဉ်းထောင် (Photo-မြစ်ကြီးနားသတင်းဂျာနယ်) (မှတ်တမ်းပုံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြစ်ကြီးနား အကျဉ်းထောင်မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့် မျှတမှုမရှိတဲ့အပေါ် အကျဉ်းသားတွေ ဆန္ဒပြခဲ့ကြတာကို ထောင်အာဏာပိုင်တွေက ပစ်ခတ်နှိမ်နင်းမှု လုပ်ခဲ့တာမို့ အကျဥ်းသား လေးဦးသေဆုံးပြီး ဒဏ်ရာရခဲ့သူတွေလည်း ရှိပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပြီးမှ ပြန်ထိန်းသိမ်းခံလိုက်ရတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကိုတော့ စစ်ကောင်စီက မြစ်ကြီးနားအကျဉ်းထောင် ရိပ်သာဆောင်မှာ ဆက်လက်ခေါ်ဆောင်ထားဆဲ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က တင်ပြပေးပါမယ်။

မြန်မာနှစ်ဆန်း ၁ရက်၊ ဧပြီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဟာ မျှတမှုမရှိဘူးဆိုပြီး မြစ်ကြီးနား အကျဉ်းထောင်မှာရှိတဲ့ အကျဥ်းသားတွေက ဧပြီလ ၁၈ ရက်၊ မနေ့ နေ့လယ်ပိုင်းကစလို့ ထောင်တွင်း ဆန္ဒပြခဲ့တာပါ။ ညနေပိုင်းမှာတော့ အာဏာပိုင်တွေက နှိမ်နင်းခဲ့တာမှာ အကျဉ်းသား ၄ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို အသေးစိတ် ဆက်လက်စုံစမ်းနေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် ကပြောပါတယ်။

“မြစ်ကြီးနားထောင်အခြေအနေကတော့ သပိတ်နောက်ဆက်တွဲ ပစ်တာခတ်တာတွေ ဖြစ်တယ်။ အကြမ်းဖက်ဝင်စီးတာဖြစ်တယ်။ သေချာတာကတော့ ကျတာတော့သိတယ်။ အရေအတွက် ၄ ယောက်ဆိုတာလည်းသိတယ်။ ဒါပေမယ့် ဘယ်သူတွေလည်းဘယ်ပုဒ်မလည်း အဲဒါတွေဆက် ကွန်ဖမ်းလုပ်နေတယ်။ ထိခိုက်ဒဏ်ရာကလည်း အရေအတွက်တော့ ကွန်ဖမ်းလုပ်လို့မရသေးဘူး။ အခုတော့ထောင်အတွင်းအပြင်လုံခြုံရေးအပြည့်ယူထားတယ် စစ်တပ်ကောရဲကော။ လောလောဆယ် သတင်း အမှောင်ချထားတယ်။”

အကျဉ်းသား ၄ ဦး သေဆုံးသွားတယ်ဆိုတာကို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ပြီး အတည်ပြုထားပါတယ်။

အမည်မဖော်လိုသူ အကျဉ်းထောင်နဲ့နီးစပ်သူပြောဆိုချက်အရကတော့ သေဆုံးသူဟာ ၄ဦးရှိသလို ထိခိုက်ဒဏ်ရာရသူ ၁၀ဦးထပ်မနည်း ရှိတာမှာ ၅ဦးက ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်လို့ အတည်ပြုပါတယ်။ စစ်ကောင်စီကတော့ ထိခိုက် ဒဏ်ရာရသူတွေကို မြစ်ကြီးနား ပြည်သူ့ဆေးရုံမှာ ကုသမှုပေးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ မြစ်ကြီးနား အကျဥ်းထောင်ကနေ အကျဥ်းသား ၄၂ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းတို့ နိုင်ငံရေးအကျဥ်းသား သုံးဦးသာ ပါဝင်ပါတယ်။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသား သုံးဦးထဲက ဒေါက်တာခလမ်ဆမ်ဆွန်ကိုတော့ ဧပြီလ ၁၇ ရက်နေ့ ညပိုင်းမှာပဲ စစ်ကောင်စီတပ်က ပြန်လည် ဖမ်းဆီးသွားပါတယ်။ လက်ရှိ ဒေါက်တာခလမ်ဆမ်ဆွန် အခြေအနေနဲ့ပတ်သတ်လို့ နီးစပ်သူတဦးကတော့ အခုလိုပြောပြပါတယ်။

“လောလောဆယ်မနေ့ညကအထိတော့ ထောင်ကရိပ်သာမှာဘဲ ရှိသေးတယ်။ သူနဲ့အနီးကပ်နေတာက PCG က လမိုင်ဂွန်ဂျာ ရှိနေတယ်။ ဖုန်းတွေဘာတွေလည်း ပြောလို့ရပါတယ်။ လောလောဆယ်သူတို့ အလုပ်မအားသေးလို့ အထက်လူကြီးတွေက ဘာများပြောစရာရှိမလဲတော့မသိဘူးပေါ့။ လောလောဆယ်တော့ ခဏခေါ်ထားတဲ့သဘောရှိတယ်။”

၂၀၂၂ ဒီဇင်ဘာ ၅ ရက်နေ့ မနက်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေး မေးမြန်းစရာရှိလို့ ဆိုပြီး ဖမ်းဆီးခဲ့ပြီးနောက်ပုဒ်မ ၃ခုနဲ့ထောင် ၆နှစ်ချခဲ့တာပါ။ တနှစ်ကျော်အကြာ ဧပြီ ၁၇ရက်နှစ်ဆန်း ၁ရက်နေ့မှာ ပြန်လွှတ်ပေးအပြီး နေ့မကူးခင် စစ်မေးစရာရှိတဲ့အတွက်ဆိုကာပြန်လည်ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် "KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံရသူတဦးဖြစ်ပါတယ်။

ဒါတွေနဲ့ပတ်သတ်လို့ ကချင်ပြည်နယ်အစိုးရနဲ့ စစ်ကောင်စီ ပြန်ကြားရေး တာဝန်ရှိသူဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG