သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းထောင်တွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေ ရှိနေ


ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဩဂုတ် ၁၊ ၂၀၂၃)
ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဩဂုတ် ၁၊ ၂၀၂၃)

ဖျာပုံအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထောင်တွင်းဝန်ထမ်းများနဲ့အငြင်းပွားမှု ဖြစ်ပွားမှုမှာ ပါဝင်တယ်ဆိုကာ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးကို ထပ်တိုးထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ တဆက်တည်းမှာဘဲ အင်းစိန်အကျဉ်းထောင်မှာလည်း နိုင်ငံရေး အကျဉ်းသား ခုနစ်ဦးကို အပြင်ကိုခေါ်ထုတ်သွားချိန် ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်သတ်ခံခဲ့ရတာရှိခဲ့သလို ထားဝယ်ထောင်မှာ လည်း နိုင်ငံရေး အကျဉ်းသား ၂ဦး ပစ်သတ်ခံရတာရှိပါတယ်။ ရန်ကုန်က စုစည်းတင်ပြတဲ့ ဒီသတင်းကို အခြေခံပြီး အလိမ္မာက ပြောပြမှာပါ။

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့အကျဉ်းထောင်မှာ မတ်လ ၃၁ ရက်နေ့ ညနေငါးနာရီဝန်းကျင်က ထောင်တွင်း ဆူပူမှုဖြစ်ခဲ့တာကြောင့် ထောင်အာဏာပိုင်တွေက ပစ်ခတ်ဖြိုခွဲခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် ရာဇဝတ် အကျဉ်းသား အများအပြားကို ရိုက်နှိက်ခဲ့တယ်လို့ ထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းတစ်ဦးက ဆဲဆိုရာကနေ ခုလို ထောင်ဆူပူခဲ့တာပါ။

ဒီဖြစ်စဉ်မှာပါဝင်ခဲ့တာကြောင့်ဆိုပြီး ရိုက်နှက်ခံထားရတဲ့ အကျဉ်းသား တဒါဇင်ကျော်ကို ထောင်စည်းကမ်း ဥပဒေ -၂၂၄ အရ ထပ်တိုးပြစ်ဒဏ် ခြောက်လစီ ကျခံဖို့ ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဦးသိုက်ထွန်းဦးက ခုလို ပြောပြလာတာပါ။

“ထောင် ၆ လ ချခံရတဲ့ လူဦးရေက ၁၈ ဦးပါ။ ရိုက်နှက်ခံရချိန်မှာတော့ ထောင်ဆရာဝန်မဟုတ်ဘဲပါလာတဲ့စစ်ဆေးက လူကခဏကြည့်ပေးတယ်ပြောတယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန်ဒဏ်ရာရသူကိုတော့ ပြည့်စုံလုံလောက်တဲ့ဆေးကုသမှုပေးခဲ့တာမရှိဘူး။ တချို့ နိုင်ငံရေးအကျဉ်း သားတွေက ရိုက်ခံရတဲ့ဒဏ်ရာတွေနဲ့ တိုက်အမှောင်ခန်းထဲမှာ ခွေယိုင်လဲမထနိုင်ဖြစ်ခဲ့တယ်။ ဖြစ်တဲ့ဖြစ်စဉ် တရက်မှာ ရေကအစဖြတ်လိုက် တယ်။ သောက်သုံးရေမပေးဘဲ တိုက်ထဲပို့ခဲ့တယ်။ ဒဏ်ရာဒဏ်ချက်တွေနဲ့ အဲလိုအခြေအနေကိုတော့ ကျနော်တို့ သိထားရတယ်။”

ထပ်တိုး ပြစ်ဒဏ် ချမှတ်ခံရသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုနန်းလင်းအောင်၊ ကိုရှိုင်းညီညီ၊ ဦးစိုး၊ ကိုသုတဇံတို့ ပါပါတယ်။ ဒီလူ ၁၈ ဦးဟာ အခုဖြစ်စဉ်မှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရသူတွေဖြစ်ပြီး ဒီထဲက ၃ ဦးဟာ အခုချိန်ထိ ထူထူထောင်ထောင် သွားလာနိုင်တာမရှိသလို ကျန်လူတွေကိုလည်း တိုက်ပိတ်ထားပါတယ်။ ဒါ့အပြင် ကျန်းမာရေးစောင့် ရှောက်မှု မပေးဘဲထားထားတာတွေ ကြုံနေရတယ်လို့ ဦးသိုက်ထွန်းဦးကပြောပါတယ်။

တဆက်တည်းမှာဘဲ အင်းစိန်အကျဉ်းထောင်မှာလည်း နိုင်ငံရေး အကျဉ်းသား ခုနစ်ဦးကို အပြင်ခေါ်ထုတ်သွားချိန် ထွက်ပြေးဖို့ ကြိုးစားတယ်ဆို တဲ့အကြောင်းပြချက်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။ ၂၀၂၃ တုန်းက အခုလို ပစ်ခတ်ခဲ့တာဖြစ်ပြီး တနှစ်ကျော်မှသာ မိသားစုက သေဆုံးသွားပြီ ဆိုတာကို သိခဲ့ရတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောပါတယ်။ ဒါဟာ ထောင်က တရားဝင်အကြောင်းကြားလို့ သိရတာမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ကနေတဆင့် စုံစမ်းခိုင်းမှသာ သိခဲ့ရတာဖြစ်တယ်လို့ သူကခုလို ပြောပါတယ်။

“မိသားစုဝင်တွေက စုံစမ်းရင်း၊ စုံစမ်းရင်းနဲ့ တကယ့်တကယ့်ကျတော့ ထောင်ထဲမှာလည်းမရှိဘူး။ ရုံးထုတ်တာလည်းမရှိဘူး။ သူတို့ ပျောက်ချင်းမလှ ပျောက်နေတာနဲ့ မိသားစုဝင်တချို့က အကူအညီတွေတောင်းတာပေါ့၊ ထောင်ကိုလည်းစုံစမ်းတယ်။ ထောင်ကလည်း နေ့ရွှေ့ညရွှေ့ပေါ့။ ICRC ကိုအကူအညီတောင်းတာမှာတော့ ICRC က အတည်ပြုတဲ့ပုံစံမျိုး ၇ယောက်စလုံး ပါသွားတယ်။ အဲ့ဒီထဲ အသက် ၅၀ကျော် ၃၊ ၄ ယောက်ပါတယ်။ သေသွားတာသေချာသွားပြီ။ ၇ယောက်ကို ရက်ရက်စက်စက်ပေါ့ဗျာ။ မိသားစုလည်း မသိရ မမြင်ရ၊ အလောင်းလဲပြန်မရ။ အလောင်းလဲ မတွေ့ ရ၊ ဒီလိုလူ့အခွင့်အရေးချိုးဖောက်တာတွေက ထောင်အသီးသီးမှာဖြစ်လာပြီ။”

သေဆုံးသူတွေဟာ အသက်နှစ်ဆယ်ကျော် နဲ့ အသက် ငါးဆယ်ကျော်အရွယ်တွေဖြစ်ပြီး သူတို့ကို ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။ နောက် တပါတ်အကြာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့ လက်နက်တွေ ရှိတဲ့နေရာကို လိုက်ပြဖို့ဆိုပြီး အင်းစိန် ထောင်ကနေ ၇ ဦးလုံးကို ခေါ်ထုတ်သွားချိန်မှာ ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဦးထွန်း ကြည်ကပြောပါတယ်။

သေဆုံးသူတွေဟာ ကိုအောင်ခန့်ဖြိုး (ခ) ကိုမိုးတိမ်၊ ကိုပြည့်ဖြိုးငြိမ်း၊ ကိုညီညီထွေးနဲ့ ဦးချစ်ကို၊ ဦးအောင်ဇော်လင်း၊ ဦးတင်စိုးနဲ့ ဦးအေးသိန်းတို့ ဖြစ်ပါတယ်။

ထားဝယ်ထောင်မှာလည်း အကျဉ်းသား ၂ ဦး ပြင်ပကို ခေါ်ထုတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ အကျဉ်းသားတွေကိုကူညီပေးနေတဲ့ ထားဝယ်ခရိုင် နိုင်ငံရေး အကျဉ်းသားများကွန်ရက် (DPPN) က ထုတ်ပြန်ပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ အသက် ၂၅ နှစ်အရွယ် ကိုမင်းသူနဲ့ အသက် ၃၅ နှစ်အရွယ် ကိုဝင်းသီဟတို့ဖြစ်ပြီး မတ်လ ၁၇ ရက်ညမှာ ထားဝယ်အကျဉ်းထောင်ကနေ စစ်ကားနှစ်စီးနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က လာရောက် ခေါ်ဆောင်သွားချိန်မှာ အသတ်ခံခဲ့ရတာပါ။ ဒီလိုသေဆုံးတာကို မတ်လ နောက်ဆုံးအပတ်မှာ မိသားစုဝင်တွေ ထောင်ဝင်စာပို့ချိန်မှသာ အကျဉ်းထောင်တာဝန် ရှိသူတွေကသေဆုံးသွားတဲ့အကြောင်း မိသားစုဝင်တွေကိုပြောပြခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါပါတယ်။ သေဆုံးခဲ့တဲ့ ကိုမင်းသူဟာ အစ္စလာမ်ဘာသာရေး မော်လဝီဆရာတစ်ဦး ဖြစ်ပါတယ်။

သူဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ထောင်ဆယ်နှစ် ကျခံနေရသူပါ။ ကိုဝင်းသီဟကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁(ဂ)နဲ့ ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခံထားရသူဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သတ်လို့ ဖျာပုံထောင်၊ အင်းစိန်ထောင် ထားဝယ်ထောင်အပြင် နေပြည်တော်အကျဉ်းဦးစီးဌာနထိပါ ဗွီအိုအေက အကြိမ်ကြိမ် ဖုန်းဆက်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွင်း လက်လွတ်စံပါယ် အသတ်ခံနေရမှုကို နိုင်ငံတကာက အလေးပေး အာရုံစိုက်ပေးဖို့လိုအပ်နေပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်ကပြောပါတယ်။

“နိုင်ငံတကာဘက်က NUG လူ့အခွင့်အရေး ဝန်ကြီးဌာနအနေနဲ့ပေါ့ဗျာ၊ နောက် ကုလသမဂ္ဂအေဂျင်စီတွေရယ်၊ နောက်တခုက ဒီမိုကရေစီမိတ် ဖက်တိုင်းပြည်တွေအနေနဲ့ ဒါတွေနဲ့ပတ်သတ်လို့ ရေငုံနှုတ်ပိတ် မနေနဲ့ပေါ့ဗျာ။ နှုတ်ဆိတ်မနေဘဲ သူတို့ကို ထိထိရောက်ရောက်ပေါ့၊ လက်တွေ့ ကျကျ အရေးယူ အပြစ်ပေးနိုင်တဲ့ပုံစံမျိုးတွေ မလုပ်နိုင်သ၍ကတော့ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်အန္တရာယ်ကို အလွန် စိုးရိမ်မကင်းဖြစ်မိပါတယ်။”

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ စာရင်းအရ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦးရှိပြီး အဲဒီထဲမှာ ထောင်အတွင်း အသတ်ခံရသူ ၁၈ ဦးနဲ့ ဆေးကုသခွင့် အပြည့်အ၀မရလို့ သေဆုံးရသူ ၁၆ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG