သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ဆန်း ၁ ရက်၊ လွတ်မြောက်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသားတချို့ပါဝင် 


နှစ်ဆန်းတရက်နေ့ အင်းစိန်းထောင်ရှေ့မြင်ကွင်း (ဧပြီ ၁၇၊ ၂၀၂၄)
နှစ်ဆန်းတရက်နေ့ အင်းစိန်းထောင်ရှေ့မြင်ကွင်း (ဧပြီ ၁၇၊ ၂၀၂၄)

ဒီကနေ့ မြန်မာနှစ်ဆန်းတရက်နေ့ ဧပြီ ၁၇ရက်နေ့မှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၃,၃၀၀ ကျော် လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် နိုင်ငံတဝန်း ထောင်တွေက အကျဉ်းသားတွေ လွတ်မြောက်လာကြပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူတချို့လည်း ပါဝင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အကျဉ်းသားတွေ ပြန်လွတ်လာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး မခင်လေး က တင်ပြထားပါတယ်။

နိုင်ငံခြားသားတွေ အပါအဝင် မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရသူတွေထဲက ၃၃၀၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးမယ့်အကြောင်း ကြေညာခဲ့ပြီးနောက် ဒီကနေ့ အကျဉ်းသားတွေ ပြန်လွတ်လာခဲ့ကြပါတယ်။

ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ရာနဲ့ချီတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူတွေပါဝင်တယ်လို့လည်း ပြန်လွတ်လာသူတယောက်က ပြောပါတယ်။ ဒီကနေ့ အင်းစိန်ထောင်က လွတ်လာသူတွေနဲ့ ပတ်သက်လို့အကျဉ်းထောင်နဲ့နီးစပ်သူ ဥပဒေပညာရှင် တဦးက အခုလိုပြောပါတယ်။

“အင်းစိန်က ၈၈၇ ယောက် လောလောဆယ်တော့ နိုင်ငံရေးအကျဉ်းသားနည်းတယ်။ ၅၀ ကျော်လောက်ပါတယ်။ သူကတော့ဒါထုံးစံပါပဲ၊ တည်ဆဲအစိုးရတရပ်ကတော့ အခါကြီးရက်ကြီးတွေမှာ လွှတ်ပေးတဲ့ထုံးစံရှိတယ်၊ အကျဉ်းသားတွေကို ပြစ်ဒဏ်ကနေလွှတ်ငြိမ်းချမ်းသာပေးတယ်ဆိုတာက အစိုးရတရပ်အနေနဲ့ အခါကြီးရက်ကြီးတွေမှာလုပ်ရမယ့် အစဉ်အလာ ဓလေ့လေးတခုဖြစ်တဲ့အတွက် အဲဒီအတိုင်းပဲပေးတယ်လို့ ဆရာတို့ကတော့ မြင်ပါတယ်။ ဘာမှထူးထူးခြားခြား နိုင်ငံရေးရည်ရွယ်ချက်တွေ ဘာတွေ မပါပဲနဲ့ ဒီအတိုင်းပဲရိုးရိုးအစိုးရတရပ်ရဲ့ အစဉ်အလာအရပေးတဲ့သဘောလို့ပဲမြင်ပါတယ်။”

နှစ်ဆန်းတရက်နေ့ အင်းစိန်းထောင်ရှေ့မြင်ကွင်း (ဧပြီ ၁၇၊ ၂၀၂၄)
နှစ်ဆန်းတရက်နေ့ အင်းစိန်းထောင်ရှေ့မြင်ကွင်း (ဧပြီ ၁၇၊ ၂၀၂၄)

၂၀၂၄ ဧပြီ ၁၇ ရက် မတိုင်ခင် ပြစ်ဒဏ်ချမှတ်ခံထားရသူတွေရဲ့ ပြစ်ဒဏ် ၆ ပုံ ၁ ပုံကို လွတ်ငြိမ်း သက်သာခွင့်ပေးပြီး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီက ကြေညာခဲ့တာပါ။ လွတ်ငြိမ်းခွင့်ပြုတဲ့အကျဉ်းသားတွေကို "နောက်တကြိမ်ပြစ်မှုကျူးလွန်ခဲ့ရင် ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိတဲ့ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်" ဆိုတဲ့ ခံဝန်ကတိနဲ့ လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပြစ်ဒဏ်လျှော့ပေးတဲ့ ပုဒ်မတွေ ထဲမှာ နိုင်ငံရေးပုဒ်မတွေဖြစ်တဲ့ မတရားအသင်းအက်ဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင် NLD အစိုးရလက်ထက် ထိပ်ပိုင်းခေါင်းဆောင်တွေကိုစွဲဆိုတဲ့ အဂတိနဲ့ သဘာဝဘေး ဥပဒေ၊ လက်နက်ဥပဒေ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ မုဒိန်းမှုနဲ့ လူသတ်မှုတွေစတဲ့ဥပဒေတွေနဲ့ တရားစွဲဆို ထောင်ချခံ ထားရသူတွေတော့ မပါဝင်ခဲ့ပါဘူး။

ဒီအတွက် လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်နေသူတွေ အများအပြား မပါခဲ့တာလို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ဦးသိုက်ထွန်းဦးက သုံးသပ်ပါတယ်။

နှစ်ဆန်းတရက်နေ့ အင်းစိန်းထောင်ရှေ့မြင်ကွင်း (ဧပြီ ၁၇၊ ၂၀၂၄)
နှစ်ဆန်းတရက်နေ့ အင်းစိန်းထောင်ရှေ့မြင်ကွင်း (ဧပြီ ၁၇၊ ၂၀၂၄)

“စစ်ကောင်စီအနေနဲ့က သူတို့ကိုဆန့်ကျင်တွန်းလှန်ပုန်ကန်လို့ အကျဉ်းထောင်ထဲကို သူတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့လူတွေကိုတော့ လွှတ်ပေးဖို့က အင်မတန်မှ ရှားပါတယ်။ လွှတ်ပေးခဲ့ရင်တောင်မှ ဟန်ပြအနေနဲ့ နိုင်ငံရေးအကျဉ်းသားပါတယ်ဆိုတဲ့ ဂုဏ်ပုဒ်တခုကိုပဲ ယူပြီးမှ လွှတ်ပေးနေတာဖြစ်တဲ့အတွက်တော့ အကျဉ်းထောင်ထဲမှာရှိတဲ့ နှစ်ကြီးကျခံနေရတဲ့သူတွေ ၅၀၅ ၃နှစ်ရဲ့အထက်မှာကျခံနေရတဲ့သူတွေအတွက်ကတော့ ပိုပြီးမှတောင်မှပေါ့နော် မင်းအောင်လှိုင်လွှတ်ပေးမယ့် လွတ်ငြိမ်းထက်စာရင် တော်လှန်ရေးကနိုင်မယ့် တော်လှန်ရေးအောင်ပွဲကို ပိုပြီးမှ မျှော်လင့်ကြတာရှိတယ်။ စစ်ကောင်စီအနေနဲ့ သူတို့ရန်သူလို့ သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေကိုတော့ သဘောထားကြီးစွာနဲ့ လွှတ်ပေးဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ထင်တယ်။ တကယ်တော့ဖမ်းဆီးထားတယ်ဆိုတဲ့ စကားထက်စာရင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေက ပြန်ပေးဆွဲခံထားရတာဖြစ်တယ်။ သူတို့အကျိုးအမြတ်ရဖို့အတွက် အလဲအလှယ်လုပ်ဖို့အတွက် ပစ္စည်းတခုသဖွယ်ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် လွတ်ငြိမ်းထဲမှာ နိုင်ငံရေးအကျဉ်းသားမပါတာက မထူးဆန်းဘူး၊ နိုင်ငံရေးအကျဉ်းသားနည်းတာက မထူးဆန်းတဲ့ကိစ္စတခုလို့ပဲ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေရဲ့ကိုယ်စား သဘောထားမှတ်ချက်ပေးချင်ပါတယ်။”

မြစ်ကြီးနားထောင်ကနေ နိုင်ငံရေးအကျဉ်းသားတချို့လွတ်တာမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အထူးအကြံပေး သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ပါဝင်ခဲ့ပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက အကြမ်းဖက်မှု ပုဒ်မ၊ မတရားအသင်းဆိုင်ရာဥပဒေပုဒ်မ၊ တပ်မတော်ကို အကြည်ညိုပျက်အောင် ပြုမူတယ်ဆိုတဲ့ စွဲချက်ပုဒ်မ သုံးခုနဲ့ စုစုပေါင်း ထောင်ဒဏ် ၆နှစ်ချမှတ်ထားတာပါ။

ပြန်လွတ်လာတာနဲ့ပတ်သတ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကတာဝန်ရှိသူတဦးက အခုလို အတည်ပြုပြောဆိုလိုက်တာပါ။

ဒေါက်တာခလမ်ဆမ်ဆွန်ကို မိသားစုနဲ့အတူတွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၄)
ဒေါက်တာခလမ်ဆမ်ဆွန်ကို မိသားစုနဲ့အတူတွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၄)

“ဟုတ်ကဲ့ လွတ်လာပါတယ်။ ကျွန်တော်တို့ရုံးကတော့ သူ့ကိုကြိုဆိုဆုတောင်းပေးပြီးတော့ အခုဆိုအိမ်ရောက်လောက်ပြီ။ ဆရာနဲ့တွေ့ပြီးမှပဲ အခြေအနေဘယ်လိုရှိမှန်း သေချာသိရမယ်”

မြစ်ကြီးနားအကျဉ်းထောင်ကနေ ဒေါက်တာခလမ်အပြင် NLD အစိုးရလက်ထက်က ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ လဝကဝန်ကြီးဦးဇော်ဝင်းတို့လည်းပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP- Myanmar) က ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ထားချက်အရ စစ်ကောင်စီစစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ပထမပတ်အထိ လွတ်ငြိမ်းခွင့်ပေးခဲ့တာမှာ အခုအကြိမ်အပါနဲ့ဆိုရင် ၁၅ ကြိမ်ရှိပြီဖြစ်ပါ တယ်။ ၁၄ ကြိမ်အတွင်း အကျဉ်းကျခံနေရသူ ၉သောင်း၃ထောင်ထပ်မနည်း ပြန်လွှတ်ထား ခဲ့တာမှာ အဲဒီအထဲ နိုင်ငံရေး အကျဉ်းသား ၇၇၀၀ နီးပါးသာပါဝင်ခဲ့တာမို့ရာခိုင်နှုန်းအားဖြင့် ပြန်လွှတ်ပေးသူတွေရဲ့ ၈ ဒသမ ၃ ရာခိုင်နှုန်းပဲ ရှိတယ်လို့ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖမ်းဆီးခံထားရသူ အကျဉ်းသား ၂၆,၀၀၀ ကျော်ရှိပြီး အဲဒီအထဲက ၆၂၀၀ နီးပါး ပြန်လွှတ်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ AAPP စာရင်းတွေက ချဲ့ကားထားတဲ့စာရင်းဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။

အကျဉ်းသားတွေ ပြန်လွှတ်မပေးခင် မနေ့တုန်းကတော့ စစ်ကောင်စီက နေပြည်တော်မှာ ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ငူထောင်မှာ ဖမ်းဆီးထားတဲ့ ဦးဝင်းမြင့်တို့ကို ထောင်ကနေ ပြောင်းရွှေ့လိုက်ကြောင်းနဲ့ အကျဉ်းထောင်တွင်း အပူဒဏ်ကြောင့် ပြောင်းရွှေ့ပေးခဲ့တာဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG