သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာ ခလမ်ဆမ်ဆွမ် ပြန်ဖမ်းခံရ


ဒေါက်တာခလမ်ဆမ်ဆွန် ထောင်မှလွတ်လာအပြီး တွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၄)
ဒေါက်တာခလမ်ဆမ်ဆွန် ထောင်မှလွတ်လာအပြီး တွေ့ရစဉ် (ဧပြီ ၁၇၊ ၂၀၂၄)

မြန်မာနှစ်ဆန်း ၁ ရက်၊​ မနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်လာတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက မနေ့ညနေပိုင်းမှာ သူ့နေအိမ်ကနေ ပြန်လည်ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်ချိန်မှာ ဒေါက်တာခလမ်နဲ့အတူ သူ့အမျိုးသမီးနဲ့ KBC အဖွဲ့ဝင်တဦးကိုပါ ခေါ်ဆောင်သွားတယ်လို့ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး မအိသန့်စင်က တင်ပြပေးထားပါတယ်။

ပုဒ်မ ၃ ခုနဲ့ထောင်ဒဏ် ၆နှစ် ချမှတ်ထားခံထားရတဲ့ ‌‌ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက မနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့အတူ ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် နာရီပိုင်းအကြာမှာဘဲ သူ့နေအိမ်ကနေ ပြန်လည်ဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့ နီးစပ်သူတဦးက အတည်ပြုပါတယ်။

ဖမ်းဆီးခေါ်ဆောင်ချိန်မှာ ဒေါက်တာ ခလမ်ဆမ်ဆွမ်နဲ့အတူ ဇနီးဖြစ်သူနဲ့ KBC အဖွဲ့ဝင်တဦးကိုပါ ခေါ်ဆောင်သွားတယ်လို့ပြောပါတယ်။

“မနေ့က ၁၀နာရီ ၁၁နာရီ ကြားထင်တယ်။ မေးစရာလေးတွေရှိလို့ဆိုပြီး အထက်ကခေါ်ခိုင်းလို့ဆိုပြီး ခေါ်သွားတာ။ အမျိုးသမီးနဲ့ KBC အဖွဲ့ဝင်တဦး လိုက်သွားတယ်။ ခုချိန်ထိတော့ပြန်မလာသေးဘူး။ ကျနော်တို့ဘာမှ ထပ်မသိရသေးဘူး။ မနေ့က ပြန်လွတ်လာလို့ ကျနော်တို့လည်း ဝမ်းသာနေကြတာ။ ဆုတွေတောင်းပေးနေကြတာ။ မနေ့ညက ပြန်ခေါ်သွားတော့ကျနော်တို့လည်း အံ့ဩနေတယ်။”

နီးစပ်သူအဆိုအရ ဒေါက်တာ ခလမ်ဆမ်ဆွမ်ရဲ့ ဇနီးနဲ့ အဖွဲ့ဝင်တို့ မနေ့ညက မြစ်ကြီးနားထောင်အတွင်းက ရိပ်သာမှာ ထားရှိထားတယ်လို့ ပြောပါတယ်။ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကိုတော့ အကျဉ်းထောင်တွင်း ဘယ်နေရာမှာထားလဲ မသိရသေးပါဘူး။

ဒေါက်တာခလမ်ဆမ်ဆွမ်ကို ဘာကြောင့် ပြန်ဖမ်းဆီးခဲ့သလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ကချင်ပြည်နယ်အစိုးရနဲ့ စစ်ကောင်စီ ပြန်ကြားရေး တာဝန်ရှိသူဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူ့နေအိမ်ကို ဝိုင်းလာပြီးခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။ ၂၀၂၂ ဒီဇင်ဘာ ၅ ရက်နေ့ မနက်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေး မေးမြန်းစရာရှိလို့ ဆိုပြီး ဖမ်းဆီးခဲ့တာပါ။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတ ဒူးဝါလရှီးလ အပြင် သယံဇာတ ဝန်ကြီးအဆင့်ရှိတဲ့ ဦးတူးခေါင်၊ ပညာရေးဝန်ကြီး ဆရာမ ဒေါ်ဂျာထွယ်ပန် တို့နဲ့ လိုင်ဇာမြို့မှာတွေ့ဆုံခဲ့တာကြောင့် ၂၀၂၃ ဇန်နဝါရီ ၁၁ ရက်မှာ ဗိုလ်မှူး သူအောင်ဇော်ဆိုသူက မြစ်ကြီးနား ရဲစခန်းမှာ မတရားအသင်းဆက် သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညိုပျက်အောင် သွေးထိုးလှုံ့ဆော်မှု ၅၀၅(က) တို့နဲ့ အမှုဖွင့်ခဲ့ပါတယ်။ တရားရင်ဆိုင်နေချိန်မှာ အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၂(က) နဲ့ ထပ်မံတရားစွဲဆိုခဲ့ပြီး ထောင် ၆နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အကျဉ်းထောင်ထဲမှာ တနှစ်ကျော်နေပြီး မနေ့က ပြစ်ဒဏ် လွှတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ နှလုံးနဲ့ သွေးတိုးရောဂါရှိတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် လေပြွန်ယောင်ရောဂါ ခံစားနေရသူလည်း ဖြစ်ပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် "KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံရပါတယ်။

လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ Donald Trump ကို အမေရိကန်ပြည်ထောင်စု၊ သမ္မတအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီလို သွားရောက်ခဲ့တဲ့အတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး နောက်ပိုင်း အမှုကို ပြန်ရုတ်သိမ်းပေးခဲ့ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွမ် ပြန်ဖမ်းခံရ
please wait

No media source currently available

0:00 0:03:40 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG