သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဦးလွင်မြို့အထွက်မှာ တိုက်ပွဲဖြစ်


ပြင်ဦးလွင်မြို့ (Google Maps)
ပြင်ဦးလွင်မြို့ (Google Maps)

မြန်မာ့နှစ်ဆန်းတရက်ညပိုင်းက ပြင်ဦးလွင်မြို့အထွက်မှာ တိုက်ပွဲဖြစ်ပြီး ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် မြို့အဝင်အထွက်တွေမှာ စစ်တပ်က စစ်ဆေးတာတွေ လုပ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးထားပါတယ်။

မြန်မာ့နှစ်ဆန်း ၁ ရက်၊ ဧပြီ ၁၇ ရက် ညပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်-မိုးကုတ်လမ်း ပြင်ဦးလွင်မြို့အထွက်မှာ ပစ်ခတ်သံတွေကြားရပြီး တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၁ နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရတယ်လို့ ပြင်ဦးလွင် မြို့ခံတွေက ပြောပါတယ်။

မြေကြီးတွေပါ တုန်ခါတဲ့အထိ တိုက်ပွဲပြင်းထန်တယ်လို့ ပြင်ဦးလွင်မြို့ခံတဦးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ၉ နာရီကျော်ပေါ့လေ၊ ၁၀ နာရီကျော်ကျော်မှ သိမ်းသွားတာပေါ့ ပစ်တာတွေက။ အသံတွေကတော့ ဟိန်းနေတာပဲ။ ပစ်ခတ်တဲ့အသံက ကျွန်တော်တို့နဲ့ ဝေးလားဆိုတော့လည်း မဝေးဘူး။ သူတို့က (လက်နက်ကြီး) ကျော်ပြီးကျတော့ အသံကတော့ ဟိန်းနေတာပဲ။ တုန်နေတာပဲမြေတွေက။”

စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တာလို့ ဒေသခံတွေက ပြောပေမဲ့ စစ်ကောင်စီဘက်ကော မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကကော သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပြင်ဦးလွင်မြို့အနီးမှာ တိုက်ပွဲဖြစ်တာကို နောက်ထပ် ဒေသခံတဦးကလည်း အတည်ပြုပြီး တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဧပြီ ၁၈ ရက် ဒီကနေ့ မနက်ပိုင်းမှာတော့ မြို့ထဲမှာ ပုံမှန်သွားလာနေကြပေမဲ့ မြို့ဝင်၊ မြို့ထွက်တွေမှာ စစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“(တိုက်ပွဲ) အသံတွေဘာတွေ ကြားတော့ အဲ့နားက မိုးကြိုးပစ်ရွာတွေ ဘာတွေက မီးတွေဘာတွေပိတ်၊ အမှောင်ချ ဘာညာပေါ့။ ပြင်ဦးလွင်-မိုးကုတ် အထွက်ဘက်မှာ မိုးကြိုးပစ်၊ သက်တံ၊ ညောင်ကုန်း၊ အဲ့မှာ ရွာတွေလည်း ရှိတာပေါ့။ ဂိတ်တွေလည်းရှိတယ်။ အဲ့ဟာတွေပါ။ မန္တလေးဘက်အထွက် အနီးစခန်းဘက်မှာတော့ သူတို့ စစ်တာဆေးတာရှိတယ်။ ကျွန်တော်တို့ ဖြတ်သွားတော့ ကားတွေဘာတွေ စစ်နေတာတွေ့တယ်။ မေမြို့ အဝင်လမ်းကို။ ပြန်လာတော့ဘာမှ မတွေ့တော့ဘူး။”

ပြင်ဦးလွင်မှာရှိတဲ့ စစ်တက္ကသိုလ်ကို ပြီးခဲ့တဲ့ ဧပြီ ၈ ရက်ကလည်း ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးသလို ဧပြီ ၈ ရက်မှာဆိုရင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ရှော့တိုက်ဒုံး အလုံး ၂၀ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရှော့တိုက်ဒုံးတွေဟာ စစ်တက္ကသိုလ် ကျောင်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့တယ်လို့လည်း မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးကလည်း စစ်ခေါင်းဆောင်တွေရှိတဲ့နေရာကို ဦးတည် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားတွေ နေထိုင်တဲ့နေရာကို ပစ်မှတ်မရောက်အောင် ရှောင်လွှဲခဲ့ကြောင်း ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။ ဒီတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သံဃာ ၂ ပါး အပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး NUG နဲ့ PDFတွေက အရပ်သားနဲ့ဆေးရုံ အဆောက်အအုံတွေကို ဦးတည်တိုက်ခိုက်ခဲ့တာလို့ တုန့်ပြန်ထားပါတယ်။

အခုလို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး မြို့အနီးမှာ တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် မြို့ခံတွေအနေနဲ့ နောက်ထပ် တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG