သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ခိုက်မှုနောက်ပိုင်း ပြင်ဦးလွင်မှာ လုံခြုံရေးတင်းကြပ် 


ပြင်ဦးလွင်ဆေးရုံ အရိုးကုသဆောင် ဗုံးထိမှန်ခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေရှိခဲ့ (ဧပြီ ၁၄၊ ၂၀၂၄)
ပြင်ဦးလွင်ဆေးရုံ အရိုးကုသဆောင် ဗုံးထိမှန်ခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေရှိခဲ့ (ဧပြီ ၁၄၊ ၂၀၂၄)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ သင်္ကြန်အကျနေ့က သူသေဆုံးတဲ့အထိ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးနောက် အခုအခါ လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်တက္ကသိုလ်အနီးဝန်းကျင် အပါအဝင် ပြင်ဦးလွင်က နေရာတချို့မှာ မနေ့က တိုက်ခိုက်မှုနဲ့ ကြုံခဲ့သလို၊ မန္တလေးမြို့မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ သင်္ကြန်ကာလ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကို ကိုစံကျော် ကတင်ပြထားပါတယ်။

ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၊ ဆေးရုံကြီးနဲ့ ဘုန်းတော်ကြီး ကျောင်းတကျောင်းနဲ့ လူနေအိမ်အနီးနားနေရာတချို့ကို မနေ့ညပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲရာက ထိခိုက်သေကျေမှုတွေ ကြုံခဲ့ရပြီးနောက် ဒီနေ့မှာတော့ လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုကြောင့် သံဃာ ၂ ပါး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း သတင်းထောက်တွေကို ပြောပါတယ်။

"သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရသူ ၁၂ ဦးရှိပါတယ်။ စစ်တက္ကသိုလ်က လူနေရပ်ကွက်ထဲကို ကျခဲ့တာလည်းရှိပါတယ်။ ပြီးလို့ရှိရင် ဘုန်ကြီးကျောင်း၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင် ကျရောက်ပေါက်ကွဲခဲ့တာရှိပါတယ်။ "

တိုက်ခိုက်မှုကြောင့် စစ်တက္ကသိုလ်က ဗိုလ်လောင်း ၃ ဦး အပါအဝင် ဒဏ်ရာရသူ ၁၂ ဦး ရှိတယ်လို့လည်း ပြောပါတယ်။ တိုက်ခိုက်မှုတွေဟာ အတိုက်အခံ လက်နက်ကိုင်အင်အားစုတွေ လက်ချက်အဖြစ်နဲ့လည်း စွပ်စွဲခဲ့တာပါ။ တိုက်ခိုက်မှုအတွက် လတ်တလောအချိန်အထိ ဘယ်အဖွဲ့အစည်းကမှတော့ သူတို့လက်ချက်အဖြစ် ကြေညာတာတော့ မရှိသေးပါဘူး။

ပြင်ဦးလွင်မြို့က တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေနဲ့ ပတ်သက်လို့ မြို့ခံတယောက်ကတော့ အခုလို ပြောပါတယ်။

"ဆုံးတာတွေရှိတယ် မနက်ဖန်ချမယ်။ အဲလိုသတင်းရတယ်။ အသင်းတွေကိုတော့မအပ်ဘူး။ ကျောင်းထဲတင် ဘုန်းကြီး ၂ပါး ကပ္ပိယ ရယ် ကပ္ပိယကတော့ပွဲချင်းပြီးတာ။ ဘုန်းကြီး ၂ပါးကတော့ဆေးရုံရောက်မှပါ။ နောက်ဆေးရုံခွဲစိတ်ခန်းကျတာ အဲမှာလူနာထပ်ဆုံးပေါ့။ အဲတယောက်ဘဲဆုံးတာကျန်တာဒဏ်ရာတွေရတာ။ သေတာတွေအကုန်စစ်ဆေးရုံမှာမနက်ဖန် အရပ်ဆေးရုံပြန်ပို့မယ်။ အရပ်ဆေးရုံကမှ ချမယ်။"

သေဆုံးသူတွေကို မနက်ဖြန်သင်္ဂြိဟ်ဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။ မနေ့ညက တိုက်ခိုက်မှုတွေအပြီး စစ်တက္ကသိုလ်- DSA ၊ တပ်မတော်နည်းပညာတက္ကသိုလ်- DSTA တဝိုက် မြို့အဝင်အထွက် ပိတ်ကာစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ပြောပါတယ်။ တင့်ကားတွေနဲ့ ညလုံးပေါက် ကင်းလှည့်နေတာ တွေ့ရ တယ်လို့ မြို့ခံတွေကပြောပါတယ်။ ဒီကနေ့ သင်္ကြန်အကြတ်နေ့မှာလည်း လူသွားလူလာ နည်းပါးနေတယ်လို့ မြို့ခံက ပြောပါတယ်။

"ရေပက်မဏ္ဍပ်တွေဘာတွေအကုန်တိတ်ဆိတ်သွားတာပေါ့ လုံခြုံရေးတော့အရမ်းထူးထူးခြားခြားမတွေ့ပါဘူး။ မနေ့ကတော့ဆူညံနေတာပေါ့ မဏ္ဍပ်တွေသီချင်းသံတွေနဲ့ပေါ့ ဒီနေ့ဘာမှမကြားရ လည်တာပြုတာပတ်တာဘာမှမတွေ့ရ။ တော်တော်တိတ်သွားတာ။ ဒါ့ကြီးက တော်တော်ကို တခါမှမဖြစ်ဘူးကို ခါတိုင်းက ၂ကြိမ်၃ကြိမ် ပစ်ပြီးပြီးတာဘဲ။ မနေ့ကတောက်လျှောက်တောက်လျှောက်ကြောက်စရာကြီး။ အဆင်းကားတွေများတယ် တချို့ဟိုတယ်တွေဘယ်နှစ်ရက်စာဆိုပြီးယူထားပြီးတော့ပြန်တာများတယ်။"

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့တုန်းကတော့ ပြင်ဦးလွင်မှာရှိတဲ့ စစ်တက္ကသိုလ် DSA ကို မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက် ခိုက်ခံခဲ့ရတာရှိပြီး အဲဒီတုန်းကတော့ NUG ကာကွယ်ရေးဌာနက သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကြေညာခဲ့ဖူးပါတယ်။

မနေ့အစောပိုင်းမှာ တုန်းကလည်း မန္တလေးမြို့ မြို့တော်ဝန် မဏ္ဍပ်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင်လူ ၁၂ ဦး ထပ်မနည်းဒဏ်ရာရခဲ့ကြောင်းလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီး လက်နက်ကိုင် PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့လက်ချက်ဖြစ်တယ်လို့ မြန်မာစစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

တိုက်ခိုက်မှု ကြုံခဲ့ရပြီး နောက်တရက်ဖြစ်တဲ့ ဒီကနေ့ မန္တလေးမြို့ အခြေအနေနဲ့ ပတ်သက်လို့ မြို့ခံတယောက်က အခုလိုပြောပါတယ်။

"ခုကတော့လူကတော့တော်တော်စည်တယ်။ ဗုံးပေါက်တာကတော့ ၇၁ လမ်းပေါ့ ၂၇ နဲ့ ၂၈ ကြားပေါက်တာပေါ့။ ဒီနေ့တွေ့တာတော့ ၂၇နဲ့ ၂၈ကြား တော့ပိတ်လိုက်ပြီ။ ပိတ်ပြီးလုံခြုံရေးထပ်တိုးထားတယ်။ ၂၈နဲ့ ၂၉ဘက်ကိုရွှေ့လိုက်တာပေါ့နော်။ အဲဘက်တကြောကိုလည်းလုံခြုံရေးထပ်တိုး ချ ထားတယ်။ လုံခြုံရေးက ဥပမာဆိုင်ကယ်ဆိုရင် ဝင်လာမယ်ဆိုမီးသတ်တွေကအဓိကထားစစ်တယ်။ ဘေးမှာရဲနဲ့စစ်တပ်တော့ရှိတယ်။ စစ်ကား တွေလည်းမြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်ပတ်ပတ်လည်မှာပေါ့ စစ်ယာဉ်တန်းတွေလက်နက်အပြည့်အစုံနဲ့လုံခြုံရေးယူထားတယ်။ ရဲတွေကော ပေါ့ ဆိုင်ကယ်အပ်မယ်ဆိုရင်လည်း တူးဘောက်တွေအကုန်စစ်ပြီးမှအအပ်ခံတယ်။အဲလိုတော့ဖြစ်သွားတယ်။"

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေလည်း ကြီးထွားလာနေတာပါ။ လက်နက်ကိုင် အတိုက်အခံ အင်အားစုတွေက နယ်စပ်ဒေသတွေကို ပိုမိုထိန်းချုပ်လာနေသလို၊ မြို့ပြဒေသတွေမှာလည်း မကြာခဏ တိုက်ခိုက်မှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG