သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဦးလွင် စစ်တက္ကသိုလ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ


ပြင်ဦးလွင် စစ်တက္ကသိုလ်ကိုတိုက်ခိုက်ခဲ့ကြောင်း NUG ထုတ်ပြန် (ဧပြီ ၈၊ ၂၀၂၄)
ပြင်ဦးလွင် စစ်တက္ကသိုလ်ကိုတိုက်ခိုက်ခဲ့ကြောင်း NUG ထုတ်ပြန် (ဧပြီ ၈၊ ၂၀၂၄)

ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆောက်အဦး အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ မြင်းခြံမြို့နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး အတွင်း အရပ်သား ၃ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်တွေမီးရှို့ခံရတာတွေရှိနေပါတယ်။ မန္တလေးတိုင်းထဲက နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ထဲမှာရှိတဲ့ စစ်တက္ကသိုလ်ကို မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဧပြီ ၈ ရက် မနက် ၄ နာရီမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်က ပြောပါတယ်။ စစ်တက္ကသိုလ်ကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ မန္တလေးတိုင်း ပကဖ တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“ကျွန်တော်တို့ ပြင်ဦးလွင်မှာရှိတဲ့ DSA ကျောင်းကို Target ထားပြီး ပစ်ပါတယ်။ ၅ လုံးပစ်တာ ၄ လုံးက ထွက်ပါတယ်။ ၁ လုံးက ချို့ယွင်းချက်ဖြစ်ပါတယ်။ စကစ ရဲ့ သင်တန်းရှိပါတယ်။ သင်တန်း အပတ်စဉ်တွေရှိတယ်။ ပြီးရင် အဲ့မှာ တပ်ရဲ့ အကြီးပိုင်း တယောက် ရောက်နေတယ်လို့ သိရှိထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ၃ လုံးကတော့ စစ်တက္ကသိုလ်ထဲကို တည့်တည့်ကျပါတယ်။ အဆောင်တွေထိမှန်တာလည်း ရှိပါတယ်။ တည့်တည့်ကျတယ်ဆိုတာတော့ ကျွန်တော်တို့ ပြောရဲပါတယ်။ ၁ လုံးကတော့ စစ်တက္ကသိုလ်ရဲ့ ဒီဘက်က မြနန္ဒာဟိုတယ် နားကို ကျပါတယ်။ အဲ့ဒါက ပြည်သူ ထိခိုက်မှုတော့ မရှိပါဘူး။”

စစ်တက္ကသိုလ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တက္ကသိုလ်ဝင်းထဲကို လူနာတင်ကားတွေ ဝင်သွားပြီး သေဆုံးထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို မသိရှိရသေးဘူးလို့လည်း ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ဧပြီ ၄ ရက်ကလည်း အာဏာသိမ်း စစ်ခေါင်းဆောင်ရုံးစိုက်နေထိုင်တဲ့ နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာ လေတပ်ကို ကာကွယ်ရေး တပ်ဖွဲ့တွေက အဝေးထိန်း ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ အခုလို စစ်တက္ကသိုလ်ကို တိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး VOA က စစ်ကောင်စီကို မေးမြန်းရာမှာ ပြန်လည် ဖြေကြားတာမျိုး မရှိသေးပါဘူး။

မန္တလေးတိုင်း၊ မြင်းခြံ မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်တပ်ကတော့ မြို့အရှေ့ဘက်က ကျေးရွာတွေကို ဧပြီ ၈ ရက် မနက်ပိုင်းမှာဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ နယ်မြေရှင်းလင်းရေးအတွင်း ဖက်ရင်းကျေးရွာသား ၂ ဦးနဲ့ ရသာကျေးရွာသား ၁ ဦးတို့ သတ်ဖြတ်ခံခဲ့ရပြီး ရသာကျေးရွာနဲ့ တောပုကျေးရွာက အိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မြင်းခြံဒေသခံတဦးက အခုလို ပြောပြပါတယ်။

“သေနတ်တွေပစ်ခတ်ပြီး ဝင်လာတော့ ဒေသခံရွာသားတွေအကုန်လုံးက ထွက်ပြေးကြတာ။ သားအဖ ၂ ယောက် သူတို့က ပုံမှန်လမ်းကြောင်းအတိုင်းပဲ ထွက်ပြေးတာ။ ထွက်ပြေးတော့ ဖက်ရင်းရွာထဲရောက်နေတဲ့ အိမ်စီးကားနဲ့ရောက်နေတဲ့စစ်ကားက ထွက်ပြေးတာမြင်တော့ အနောက်ကနေလိုက်ပြီး သေနတ်နဲ့ လှမ်းပစ်တာ အဲ့ဒါမှာ ဖက်ရင်းရွာက သားအဖ ၂ ဦးသေတယ်ပေါ့နော်။ ၆ ခွဲလောက်ကြတော့ ဖက်ရင်းကနေ ရသာရွာကို ဝင်ပြီးတော့ ရသာရွာထဲမှာ ပစ်ခတ်ပြီးတော့ ဝင်ပြီးတော့ ရသာရွာက အိမ်တွေကိုမီးရှို့တယ်။ အဲ့မှာကလည်း ရွာသား ၁ ဦးထွက်ပြေးရင်းနဲ့ ရွာသား ၁ ဦး အပစ်ခံလိုက်ရတယ်။ ရသာမှာ မီးလောင်တဲ့ အိမ်ခြေက ၅ အိမ် ၆ အိမ်လောက်ပဲရှိတယ်။ တပြိုင်တည်းပဲ အဲ့မနက် ၉ နာရီကျော်လောက်မှာ တောပုရွာကို ဝင်ပြီးမီးရှို့တာတွေရှိတယ်။ အဲ့ဒါကတော့ အိမ်ခြေ တော်တော်များတယ်“

ဒီကျေးရွာတွေအနီးမှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်ဘက်က အကြောင်းမဲ့ နယ်မြေရှင်းလင်း မီးရှို့ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ကျေးရွာက ဒေသခံတွေဟာ နောက်ထပ် ပစ်ခတ်လာမှာကို စိုးရိမ်နေတဲ့အတွက် ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ အခုလို နယ်မြေရှင်းလင်းတာ၊ ပစ်ခတ်တာနဲ့ ပတ်သတ်လို့ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်ထားတာတာမျိုး မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG