သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဝန်ထမ်းတွေ ပြန်ပို့ရေး မသေချာသေး


KNU က ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့မိသားစုဝင်များ (ဧပြီ ၂၀၂၄)
KNU က ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့မိသားစုဝင်များ (ဧပြီ ၂၀၂၄)

မြဝတီမှာ မကြာသေးခင်က တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၅ရက်နေ့က လက်နက်ချခဲ့တဲ့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်ပို့ရေး စစ်ကောင်စီက စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေပေမဲ့၊ KNU နဲ့ပူးပေါင်းတပ်ဖွဲတွေကို ညှိနှိုင်းတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။ ထိုင်းနိုင်ငံကတဆင့် အရေးပေါ် လေယာဉ်တွေနဲ့ ခေါ်ထုတ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဝန်ထမ်းတွေ ပြန်ပို့ရေး မရေမရာ ဖြစ်နေတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာ ပိတ်မိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၅ရက်နေ့က လက်နက်ချခဲ့တဲ့ စစ်တပ်အင်အား ၆၀၀ ကျော်ကို ပြန်ပို့ရေးအတွက် မြန်မာစစ်ကောင်စီက ထိုင်းဘက်ကိုညှိနိုင်းခဲ့ပြီး မဲဆောက်ကနေလေကြောင်းခရီးစဉ်တွေစီစဉ်ခဲ့တာတွေရှိတယ်လို့သတင်းရပေမဲ့ KNU ကထိန်းသိမ်းထားတဲ့ တပ်သားတွေကိစ္စဘယ်သူကမှ ညှိနှိုင်းတာမရှိသေးဘူးလို့ KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကပြောပါတယ်။

ဒါအပြင် နေရပ်မပြန်လိုတဲ့စစ်သုံ့ပန်းတွေနဲ့ သူတို့မိသားစုတွေကို အတင်းအကျပ်ပြန်ပို့မှာမဟုတ်ဘူးလို့လည်းပူးပေါင်းတပ်ဖွဲ့ဘက်ကခေါင်းဆောင်တဦးကပြောပါတယ်။

" ညှိနိုင်းထားတာမရှိဘူးလို့ကေအန်ယူက အဲဒီလိုပဲထုတ်ပြန်တယ် ၊ သူတို့ကိုပြန်ပို့မယ်မပို့ဘူးဆိုတဲ့ကိစ္စကတော့သူတို့အပေါ်မှာလည်း မူတည်တယ် သူတို့ကိုသုံ့ပန်းအဖြစ်ပဲထားတယ်၊ သုံ့ပန်းအနေနဲ့ဆိုတော့ သူတို့ဘယ်လိုလုပ်မလဲဆိုတာကတော့ ညှိနိုင်းနေတုန်းပါပဲ လောလောဆည်ကျတော့ သုံ့ပန်းအနေနဲ့ကူညီစောင့်ရှောက်လို့ရသလောက်စောင့်ရှောက်ပေးထားတာပါ ၊ သူတို့ကိုပြန်ပို့မယ်ဆိုရင် သူတို့သဘောထားလည်းမူတည်တယ် သူတို့ဆန္ဒသဘောထားဆိုတာ ပြန်တဲ့အခါမှာအပြစ်ပေးအရေးယူခံရမှာစိုးရိမ်ပြီး မပြန်ချင်တဲ့သူတွေလည်းရှိကောင်းရှိမယ်၊ ကျွန်တော်တို့ကအတင်းအကျပ်ပြန်ပို့မှာတော့မရှိဘူး"

ဧပြီလ ၇ရက်နေ့ညက မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မြဝတီခရိုင်အတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေ တာဝန်ရှိသူတွေကို ပြန်ပို့မယ်လို့သတင်းထွက်ပေမဲ့ လူမပါပဲ လေယာဉ်ကပျံသန်းသွားခဲ့သလို အဲဒီလေဆိပ်ထဲမှာထိုင်းဘက်က လုံခြုံရေးတွေတင်းကြပ်ထားပြီး ထိုင်းသတင်းထောက်တွေကိုလည်းဝင်ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် ငွေကြေးတွေ သယ်ဆောင်သွားတယ်လို့ယူဆရကြောင်းထိုင်းသတင်းထောက်တွေကလည်းပြောပါတယ်။

ဒါဟာ ဘဏ္ဍငွေကြေးတွေကိုသာပို့ဆောင်ခဲ့တာဖြစ်တယ်လို့ လည်းပူးပေါင်းတပ်ဖွဲ့တွေဘက်ကပြောပါတယ်။

"အဲဒါ ဘဏ်ကငွေတွေဖြစ်မယ် ရုံးကငွေတွေ နယ်စပ်ကုန်သွယ်ရေးလုပ်နေတော့အဲဒီငွေကြေးတွေသယ်ပြီးပြန်သွားတယ် ၊ အဲဒီမှာလူတော့ပါမသွားဘူး"

ဧပြီလ (၆)ရက်၊ နေ့စွဲနဲ့ ရန်ကုန်ကနေ မဲဆောက်ကို အရေးပေါ်လေကြောင်းခရီးစဉ်ပျံသန်းခွင့်ပေးဖို့ ထိုင်းနိုင်ငံဘက်ကို အကြောင်းကြားစာပေးပို့ခဲ့ပြီးတဲ့နောက် အများစုက မြဝတီမြို့က ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ သင်္ဃန်းညီနောင်အခြေချစစ်ဗျူဟာက ဗျူဟာမှူး အပါအဝင် အရာရှိအဆင့် (၆၇) ဦး၊တပ်သားအဆင့် (၄၀၁)ဦး၊ ရဲ‌မေ (၅၉)ဦး တပ်မိသား စုဝင် (၈၁) ဦး စုစုပေါင်း (၆၁၇) ဦးကို ပြန်ခေါ်မယ်လို့ယူဆထားပေမဲ့ ဧပြီလ ၇ရက်နေ့က လာခဲ့တဲ့မြန်မာလေယာဉ်နဲ့ ဘဏ်တွေကငွေသေတ္တာတွေကိုသာ သယ်ယူမှုတွေဖြစ်ခဲ့တာပါ။

ထိုင်းနိုင်ငံကို အရေးပေါ် လေယာဉ် စေလွှတ်တဲ့ကိစ္စနဲ့ လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝန်ထမ်းတွေ ကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဖက်ကတော့ တရားဝင်ပြောတာ လတ်တလော မကြားရသေးပါဘူး။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အရေးပေါ်လေယာဉ် ဆင်းသက်ခွင့် တောင်းခံထားတဲ့ စစ်ကောင်စီကတော့ နောက်ထပ် လေယာဉ် ၂ ခေါက် စေလွှတ်မယ့် အစီအစဉ်ကို ဖျက်လိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ပဲ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG