သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ စစ်ကြောင်းထိုးတဲ့ ရွှေဘိုခရိုင်မှာ ဒေသခံတချို့ သတ်ဖြတ်ခံရ


ရွှေဘိုမြို့
ရွှေဘိုမြို့

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းက ရှားတောရွာနဲ့ တောင်နှဲကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဧပြီ ၆ ရက်နေ့မှာ မီးရှိုံခဲ့ပြီး ရွာခံ ၇ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်လှကျေးရွာ ပျူစောထီးအဖွဲ့တွေက ဧပြီ ၆ ရက် စနေနေ့က ဂွေးပင်ကုန်းအုပ်စု ရွေကျင်ကျေးရွာနဲ့ ဝက်လက်မြို့နယ် ထုံးဘိုကုန်း ကျေးရွာက ဒေသခံတွေ နေထိုင်တဲ့အိမ်ကို ဒရုန်းနဲ့ ဗုံးချပြီး တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တဦး သေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် ပြောပြပါမယ်။

ရွှေဘိုခရိုင် ရွှေဘိုမန္တလေး လမ်းမကြီးပေါ်က ရှားတောကျေးရွာနဲ့ တောင်နှဲကျေးရွာတို့ကို စစ်ကောင်စီတပ်တွေက ဧပြီ ၅ ရက်နေ့ကတည်းက အင်အား ၁၅၀ ဝန်းကျင်နဲ့ စတင် စစ်ကြောင်းဝင်ရောက်ခဲ့ပြီး စနေနေ့မှာ ရှားတောနဲ့ တောင်နှဲကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့သလို ဒေသခံတွေ ၇ ဦးလည်း သတ်ခံရတယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“သောကြာနေ့ နေ့လယ်ခင်းကို တောင်နှဲကိုစရှို့တယ်ဗျာ၊ စနေနေ့မနက်ကို ထွက်ရင်းနဲ့ ၉ လုံး ထပ်ရှို့သွားတယ်။ တောင်နှဲကတော့ ၃၁ လုံးပါသွားတယ်။ ရှားတောက အိမ်ခြေ ၂၀၀ ကျော်ပါသွားတယ်။ တောင်နှဲက အမျိုးသမီးတစ်ဦး လက်နက်ကြီးမှန်လို့သေတယ်။ နောက်အမျိုးသမီးတစ်ဦးကတော့ ထွက်ပြေးရင်းနဲ့ ၄၀( မပေါက်ကွဲသေးတဲ့ ၄၀ မမ လက်နက်ကြီးကျည်) နင်းမိပြီးသေတယ်။ ၂ ယောက်ပေါ့။ ရှားတောဖက်က လူငယ်၂ ယောက်က ပစ်သတ်ခံလိုက်ရတယ်။ နောက် သက်ကြီးရွယ်အို ၃ ယောက်က မီးလောင်ပြီးသေတယ်၊ ထွက်မပြေးနိုင်တော့လေ မီးထဲပါသွားတာ။”

အဲဒီစစ်ကြောင်းက စနေ့နေ့ ညနေမှာ ရွှေဘိုမြို့ဖက်က စစ်ကောင်စီစခန်းကို ပြန်ဝင်သွားကြတယ်လို့ ပြောပါတယ်။ ရှားတောကျေးရွာဟာ အိမ်ခြေ ၄၅၀ ကျော်ရှိတဲ့ ကျေးရွာကြီးဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ ဝင်လာချိန်မှာ ရှားတောနဲ့ တောင်နှဲကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်ရှောင်ကြတာကို စစ်ကောင်စီက လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရွှေဘိုမြို့နယ် အမှတ်၃ ခရိုင်ချင်းဆက် လမ်းမကြီးပေါ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးပစ်ချ တိုက်ခိုက်တာမျိုးတွေ ဧပြီ ၆ ရက် စနေ့နေ့က ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခရိုင်ချင်းဆက် လမ်းမပေါ်က ကျေးရွာ အနည်းဆုံး ၄ ရွာလောက်ကို ဒီလို တိုက်ခိုက်မှု လုပ်ခဲ့တာဖြစ်ပြီး ဂွေးပင်ကုန်း ကျေးရွာအုပ်စု ရွေကျင်ရွာက ဒေသခံ ၃ ဦး ပြင်းထန် ထိခိုက်ဒဏ်ရာ ရခဲ့သလို ဝက်လက်နယ်ထဲက ထုံးဘိုကုန်း ကျေးရွာက ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“စစ်ကိုင်းနဲ့ မိုင်တိုင် ၆၀ အကွာက ဂွေးပင်ကုန်း ရွှေကျင်ရွာပေါ့၊ အဲ့ ကားလမ်း နှုတ်ခမ်းမှာ မခေါက်တို့က ပျူအဖွဲ့တွေက တောင်လှပေါ်ကနေ ဒရုန်းနဲ့ ဗုံးသီး လာချတာပေါ့၊ ဒရုန်းနဲ့ လာချတာက ပြည်သူ ၃ ယောက် အထိနာပြီးတော့ အိမ်တလုံးက လောင်ချာသီး ခေါ်မလားမသိဘူး အဲ့ဒါနဲ့ ချလို့ အိမ်တလုံးလည်း မီးလောင်သွားတယ်ပေါ့။ အဲ့ဖက် တတန်းကတော့ ရည်ရွဘ်ချက် ရှိရှိကို ဖြစ်နေတာပေါ့ ဒေသခံ ပြည်သူတွေ နေတဲ့ဖက်ကို တမင် ရည်ရွယ်ချက် ရှိရှိ လှည့်ချနေတာပေါ့။ ဒါက ဒို့က တောင်လှရဲ့ အနောက်ဖက် ကျတောပေါ့၊ တောင်လှရဲ့ တောင်ဖက်ဖြစ်တဲ့ ထုံးဘိုကုန်းဖက်လည်း ဒေသခံ ၃ ယောက် ထိတယ်၊ တစ်ယောက်က သေသွားပြီ။”

ရွှေဘိုမြို့နယ် အမှတ် ၃ လမ်းမကြီးပေါ်က ကျေးရွာတွေကို အရင်တုန်းက စစ်ကောင်စီတပ်တွေက မကြာခဏ နယ်မြေရှင်း စစ်ကြောင်းထိုးပြီး ကျေးရွာမီးရှို့တာတွေ ရှိပေမယ့် အခု အဲ့ဒီလို စစ်ကြောင်းတွေ မဝင်တော့တာ ၆ လဝန်းကျင် ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေအပြင် လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ နေ့စဥ် သေဆုံးသူတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ စစ်ကောင်စီကတော့ အဲ့ဒီဒေသ ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်တာဖြစ်တယ်လို့ ထုတ်ပြန်လေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG