သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ကရင်အုပ်ချုပ်ရေးထူထောင်ဖို့ ညှိနှိုင်းကြိုးပမ်းနေ” KNU


မြဝတီမြို့က BGF တပ်ဖွဲ့ဝင်တွေကို တဘက်ကမ်းထိုင်းနိုင်ငံမှ မြင်တွေ့ရစဉ် (ဧပြီ ၁၁၊ ၂၀၂၄)
မြဝတီမြို့က BGF တပ်ဖွဲ့ဝင်တွေကို တဘက်ကမ်းထိုင်းနိုင်ငံမှ မြင်တွေ့ရစဉ် (ဧပြီ ၁၁၊ ၂၀၂၄)

ထိုင်းနိုင်ငံနယ်စပ်က အဓိက ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ကို ပြန်လည် သိမ်းယူဖို့တက်လာတဲ့ စစ်ကောင်စီတပ်တွေကို KNU ပူးပေါင်းတပ်တွေဘက် ပြန်လည်တိုက်ထုတ်နေပါတယ်။ တချိန်တည်းမှာပဲ ဒီဒေသတွေမှာ အုပ်ချုပ်ရေးသစ်ထူထောင်ဖို့ ကရင်လက်နက်ကိုင်အစုအဖွဲ့တွေကြား ညှိနှိုင်းဆွေးနွေးနေတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက ပြောပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြဝတီမြို့ကိုတော့ KNA ကရင်အမျိုးသားတပ်ဆိုပြီး နာမည်ပြောင်းလိုက်တဲ့ ယခင် ကရင်နယ်ခြားစောင့်တပ်တွေက ထိန်းချုပ်ထားပြီး မြို့အခြေအနေကတော့ ပုံမှန်အတိုင်းလည်ပတ်နေတာပါ။ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ နယ်စပ်စည်းကိုကျောခိုင်းပြီး မြဝတီမြို့နဲ့ တဘက်နိုင်ငံ မဲဆောက်မြို့အကူး တံတားအမှတ် (၂) ဝန်းအတွင်းမှာ ကတုပ်ကျင်းတွေတူးပြီး လာမယ့်စစ်ကူကို စောင့်နေပုံရပါတယ်။ မြဝတီမြို့ဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေကိုတော့ KNU နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူထားပါတယ်။ မြဝတီမြို့ကိုပြန်သိမ်းယူဖို့တက်လာတဲ့ စစ်ကောင်စီတပ်တွေကို KNU ပူးပေါင်းတပ်တွေဘက်က ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်တွေအထိနာနေတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရသူ ဖဒိုစောတောနီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“ဒီနေ့ပဲ ရှေ့တန်းက သတင်းရပါတယ်။ သေတာရော၊ ဒဏ်ရာရတာကြောင့်ပါ အားလုံးပေါင်းရင် ၁၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။ အတော့်ကိုများတဲ့ ကိန်းဂဏန်းပါ။ သူတို့ လွယ်လွယ်နဲ့လာလို့မရပါဘူး။ အခက်အခဲတွေနဲ့ ကျနော်တို့ဘက် ဟန့်တားတွေကို ကြုံရမှာပါ။”

စစ်ကောင်စီဘက်က သံချပ်ကာကားတစင်းနဲ့ စစ်ကားတစင်းဆုံးရှုံးခဲ့တယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီဘက်က အခုလို ဆုံးရှုံးထိခိုက်မှုတွေနဲ့ပတ်သက်လို့တော့ သီးခြားအတည်မပြုနိုင်ပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်သောကြာနေ့တုန်းကတော့ မြဝတီကို ပြန်သိမ်းယူဖို့ တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNU ပူးပေါင်းတပ်တွေကြား ကော့ကရိတ်နဲ့ ကော့နွဲ့က်က အမှတ် (၁) အာရှလမ်းမကြီးပေါ်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဖဒိုစောတောနီးက ပြောပါတယ်။

နယ်စပ်မြဝတီမြို့တွင်းမှာတော့ KNA ခေါ် BGF ကရင်နယ်ခြားစောင့်တပ်တွေက လုံခြုံရေးယူထားတာကြောင့် မြဝတီမြို့ကို KNU က ထိန်းချုပ်နိုင်ပြီလားဆိုတာ ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ (၂၇၅) ကနေ ဆုတ်ခွာပြီး နယ်စပ်ချစ်ကြည်ရေးတံတားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ကရင်နယ်ခြားစောင့်တပ်တွေက ရိက္ခာထောက်ပံ့ပေးနေတယ်လို့ VOA က သိရပါတယ်။ မြဝတီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအားလုံး ဆုတ်ခွာခဲ့တဲ့နောက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ကရင်အမျိုးသားအစည်းအရုံး KNU က ဆက်လက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း KNU ဗဟိုဌာနချုပ်က ဧပြီလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ခဲ့ပါတယ်။ မြဝတီမြို့အုပ်ချုပ်ရေးအတွက် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ညှိနှိုင်းဆောင်ရွက်နေတယ်လို့ KNU ပြောခွင့်ရသူက ပြောပါတယ်။

“မြဝတီမြို့ကိုတော့ ကျနော်တို့ သိမ်းထားပြီးပါပြီ။ ဒါပေမဲ့ ကျနော်တို့ ကရင်အဖွဲ့အစည်းတွေကြား ဘယ်လိုစုစည်း ရှေ့ဆက်မလဲဆိုတာကို ညှိနှိုင်းနေတုန်းရှိပါတယ်။ ဖြစ်နိုင်သမျှတော့ မြန်မြန် ကျနော်တို့ အုပ်ချုပ်ရေးထူထောင်ရမှာပါ။ ကျနော်တို့ အတူတူ လုပ်ကိုင်ဆောင်ရွက်ဖို့ လိုပါတယ်။”

ကရင်အချင်းချင်းညီညွတ်ပြီး အုပ်ချုပ်ရေးတရပ်ထူထောင်ဖို့ဆိုတာတော့ အချိန်ယူရလိမ့်မယ်လို့လည်း KNU ပြောခွင့်ရသူက ပြောပါတယ်။

“ကျနော်တို့အတွက် အတော်အရေးကြီးတဲ့တချက်ကတော့ ညီညွတ်ဖို့လိုပါတယ်။ ဒါပြီးရင်တော့ တခြားလူမျိုးတွေနဲ့အတူ တခြားအင်အားစုတွေနဲ့အတူ လက်တွဲပြီး ဒီ စစ်တပ်ကို တိုက်ရပါမယ်။ ပြီးရင်တော့ နိုင်ငံရေးအရ အခြေခံဘုံသဘောထားယူရပါမယ်။ ကျနော်တို့ရဲ့အရေး ကျနော်တို့ ရပ်တည်ချက်နဲ့ လူထုနဲ့အတူ ဒီ အာဏာသိမ်းမှုကို အနိုင်ယူရပါမယ်။”

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြမှုတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းပြီးတဲ့နောက် နိုင်ငံအဝှမ်းလက်နက်ကိုင်တော်လှန်မှုတွေ ပေါ်လာပါတယ်။ KNU အဖွဲ့အစည်းဟာ NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပေမယ့် စစ်တပ်ကအာဏာသိမ်းခြင်းအားဖြင့် NCA ပျက်ပြယ်ခဲ့တယ်ဆိုပြီး KNU အပါအဝင် လက်နက်ကိုင်အဖွဲ့တချို့က ဒီစာချုပ်ကနေ ပြန်နုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၃ အကုန်ရှမ်းမြောက်တိုက်ပွဲတွေကစပြီး စစ်ကောင်စီဟာ တပ်စခန်းတွေ တခုပြီးတခု လက်လွတ်ဆုံးရှုံးခဲ့ရသလို ကရင်ပြည်နယ်တွင်းမှာလည်း KNU နဲ့ PDF ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတွေ သိမ်းယူလာတာပါ။ ဒါပေမယ့် မြန်မာစစ်တပ်ကို အနိုင်ယူဖို့ဆိုရင် မတူတဲ့လူမျိုးအုပ်စုတွေကြား ပူးပေါင်းဆောင်ရွက်မှုလိုတယ်လို့ ဖဒိုစောတောနီးက ပြောပါတယ်။

“တဆင့်ပြီးတဆင့် နေရာတိုင်းမှာ ကျနော်တို့ နိုင်နေပါတယ်။ ဒါပေမယ့် အချိန်တော့ယူရမယ်။ ကျနော်တို့နိုင်ငံမှာက အုပ်စုတွေ မတူညီမှုတွေ အများအပြားရှိကြတော့ ပူးပေါင်းဆောင်ရွက်မှုမျိုးလိုပါတယ်။ အခုလည်း စစ်ကောင်စီကို အနိုင်ယူဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ကရင်ထဲမှာတောင်မှ အုပ်စုတွေအများအပြားရှိတယ်။ ဒါပေမယ့် ဒါ ပြဿနာမဟုတ်ပါဘူး၊ ကျနော်တို့ အချိန်ယူရမယ်၊ ကျနော်တို့ ညီညွတ်ရပါမယ်။”

မြန်မာစစ်ကောင်စီဘက်ကတော့ ထိုင်းနဲ့နယ်စပ်ကုန်သွယ်ရေးအချက်အခြာကျတဲ့ မြဝတီမြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ အပြင်းထန်ကြိုးပမ်းနေပုံရပါတယ်။ မြဝတီကို ပြန်လည်သိမ်းယူဖို့ တပ်ကူတွေ စေလွှတ်နေတာကိုလည်း တွေ့ရပါတယ်။ ထိုင်းနိုင်ငံဘက်ကတော့ အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ ထိုင်းနယ်စပ်တလျှောက် လုံခြုံရေးတပ်တွေ အထူးတင်းကြပ်ထားသလိုပဲ ဒီ ပဋိပက္ခဟာ မြန်မာပြည်တွင်းရေးကိစ္စမို့ ဘယ်ဘက်ကမှ မပါဘဲ ကြားနေမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

Forum

XS
SM
MD
LG