သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့ အုပ်ချုပ်ရေး အားပြိုင်မှုတွေရှိနေ


မြဝတီတံတားအမှတ် (၂) အနီးတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဧပြီ ၁၁၊၂၀၂၄)
မြဝတီတံတားအမှတ် (၂) အနီးတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဧပြီ ၁၁၊၂၀၂၄)

KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့မှာ BGF (ခေါ်) KNA နယ်ခြားစောင့်တပ်ကလည်း ထိမ်းချုပ်ဖို့ ပြင်ဆင်နေပြီး၊ ချစ်ကြည်ရေးတံတား (၂) နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ က အင်အားတစ်ရာကျော်ကို ရိက္ခာထောက်ပံ့ပေးနေပါတယ်။ ဒီအတွက် မြ၀တီမြို့ကို KNU ကပဲ အုပ်ချုပ်ရေးယန္တယားကို ကိုင်တွယ်မလား။ တခြားလက်နက်ကိုင်တွေနဲ့ ဘယ်လို ညှိနိုင်းထားသလဲဆိုတာတွေက ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့မှာ လက်နက်ကိုင်အဖွဲ့တွေအချင်းချင်း အုပ်ချုပ်ရေးဖွဲ့ဖို့ ဘယ်လို ညှိနှိုင်းကိုင်တွယ်နေသလဲဆိုတာ သေချာမသိရသေးပါဘူး။

KNU ကတော့ မကြာခင်မှာ မြ၀တီမြို့ကို အုပ်ချုပ်နိုင်ရေး တည်ငြိမ်အေးချမ်းတဲ့ အခြေအနေရောက်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဧပြီလ ၁၂ ရက်နေ့တုန်းကလည်း သတင်းထုတ်ပြန်ထားပါတယ်။ မြ၀တီမြို့ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးကတော့ VOA ကို အခုလိုပြောပါတယ်။

"အခုလောလောဆည် ခလရ ၂၇၅ ကျပြီး ဗိုလ်ချစ်သူ (BGF) က ခလရ ၂၇၅ ကို တံတား (၂) အောက်ကို ရှောင်ခိုင်းပြီးတော့ သူက ရိက္ခာတွေ ထောက်ပံ့မူ့တွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။ သူတို့က ဟိုဘက်က စစ်ကူက တက်လာလို့ ပေါင်းစုံပြီးရင်၊ မြ၀တီမြို့ကို ထိန်းချုပ်ပြီးရင် သူက မြို့စောင့်တပ် အပ်မယ်ဆိုတဲ့ပုံစံကို သူက လိုချင်တာ၊ ခလရ ၂၇၅ ကို သိမ်းပြီးတဲ့နောက်မှာတော့ PC ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကလည်း ကင်းဝင်လှည့်တယ်။ ဗိုလ်ချစ်သူအဖွဲ့ (BGF) ကလည်း ကင်းဝင်လှည့်တယ်။ KNU နဲ့ပဲ တိုက်ရိုက်ဆိုင်ပါတယ်။ ကျနော်တို့ PDF ကတော့ ကိုယ့်နယ်မြေ မဟုတ်တော့၊ သူတို့နဲ့ ပူးပေါင်းစစ်ဆင်တာပဲ ရှိတယ်။ အုပ်ချုပ်ရေး ယန္တရားကတော့ KNU သူတို့ဘက်ကပဲ သွားရလိမ့်မယ်။ အဲဒီလို အခြေအနေတွေရှိတာ့ ကျနော်တို့ PDF တွေကတော့ အုပ်ချုပ်ရေးယန္တရားကတော့ ကျနော်တို့နဲ့ မဆိုင်ဘူး။ စစ်ကောင်စီ (စကစ) ကို ကျနော်တို့က ဆက်ပြီးတော်လှန်သွားဖို့ပဲ ရှိပါတယ်။"

ကုန်စည်စီးဆင်းမှု၊ လူကုန်ကူးမှု၊ တရားမဝင် စီးပွားရေးလုပ်ငန်းတွေနဲ့ မြ၀တီမြို့ အုပ်ချုပ်ရေးဟာ စိန်ခေါ်မူ့တွေ ရှိပေမယ့်လည်း ဒေသခံတွေရဲ့ ပူးပေါင်းမူတွေနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို လုပ်သွားမယ်လို့လည်း KNU က ဆိုပါတယ်။ လတ်တလောမှာတော့ စစ်ကောင်စီတပ်တွေက ကော့ကရိတ်မြို့ကနေ တက်လာနေပြီး လမ်းတလျှောက် ပစ်ခတ်မူ့တွေကြောင့် ကောကရိတ်မြို့နယ် မောင်းမရွာက ဒေသခံတွေ သေဆုံးဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့လည်း ပြောပါတယ်။

"ကော့ကရိတ် မောင်းမရွာဘက်ကို စကစက လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ကျေးရွာသူ အမျိုးသမီးတဦး သေတယ်။ ၃ ဦး ဒဏ်ရာရတယ်။ အနီးအနားအစပ်က ကော့နွဲ့ရွာတို့ မောင်းမရွာသစ်တို့ဘက်ကို အဲဒီနေရာကို စစ်ကြောင်းထိုးလာတာပေါ့။ သူတို့က အာရှလမ်းကို တက်ဖို့ကြိုးစားနေတာပါ။ ကျနော်တို့ဘက်ကလည်း လမ်းမှာဖြတ်တိုက်နေတယ်။ သူတို့က ရောက်ဖို့တော့ မလွယ်သေးပါဘူး။ ဒါပေမယ့် သူတို့အင်းအားကတော့ များတယ်။ တပ်မ ၅၅ က အင်အား ၃၀၀ လောက်တော့ တက်လာတယ်။"

အခုအခါမှာတော့ ကော့ကရိတ်မြို့က မြို့ပျက်တခုလို ဖြစ်နေပြီး ဒေသခံတွေလည်း ထွက်ပြေးနေသလို။ အခုလို စစ်ကောင်စီတပ်တွေ မြို့ထဲဝင်ရောက်လာတဲ့အတွက်လည်း အိမ်တွေကို ပြန်လာတဲ့ ဒေသခံတွေ ထပ်ပြီးထွက်ပြေးနေရပါတယ်။ စစ်ကောင်စီကတော့ ဒေသခံပြည်သူတွေကို ရည်ရွယ်ချက်နဲ့ ဒုက္ခပေးနေတယ်လို့လည်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်က ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်က ပြောပါတယ်။

"ပြည်သူပဲ ရှိတယ်။ ပြည်သူကို ဒုက္ခပေးနိုင်မှ သူတို့ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးနိုင်မယ်ဆိုတဲ့ဟာကို ကျင့်သုံးနေတယ်လို့ ကျနော်တို့က မြင်ပါတယ်။"

ကျုံဒိုးချောင်းဖျား၊ မြပတိုင်နေရာတွေမှာတော့ စစ်ကောင်စီရဲ့တပ်တွေကို ပူးပေါင်းတပ်တွေက လမ်းကနေ ဖြတ်တိုက်တဲ့အတွက် စစ်ကောင်စီရဲ့ ဖောကားတစ်စီး ပျက်စီးပြီး၊ တပ်ဖွဲ့ဝင် (၃၀) နီးပါး သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။မြ၀တီမြို့မှာတော့ ပူးပေါင်းတပ်ဖွဲ့တွေအပြင် နယ်ခြားစောင့်တပ်ကလည်း တချို့နေရာတွေကို တပ်စွဲနေရာယူထားပြီး ဆုတ်ခွါသွားတဲ့ ခလရ ၂၇၅ တပ်ဖွဲ့ဝင်တွေကို ကာကွယ်ပေးထားပါတယ် ဒီအတွက် မြ၀တီမြို့အုပ်ချုပ်ရေး ယန္တရားကို ဘယ်အဖွဲ့တွေက လုပ်ဆောင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြဝတီမြို့က နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ BGF (ခ) KNA နယ်ခြားစောင့်တပ်က တစုံတရာ ပြောဆိုတာ မရှိသလို၊ စစ်ကောင်စီက သတင်းထုတ်ပြန်တာလည်း မတွေ့ရသေးပါဘူး။

Forum

XS
SM
MD
LG