သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း မြဝတီဒေသခံစစ်ရှောင်အားလုံးကို  နေရပ်ပြန်ပို့


မဲဆောက်-မြဝတီနယ်စပ် စစ်ဘေးရှောင်များ။ (ဓာတ်ပုံ-OIA)
မဲဆောက်-မြဝတီနယ်စပ် စစ်ဘေးရှောင်များ။ (ဓာတ်ပုံ-OIA)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ကတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကိုတိမ်းရှောင်လာတဲ့ မြဝတီဒေသခံစစ်ဘေးဒုက္ခသည်အားလုံးထဲက နောက်ဆုံးလက်ကျန်မှန်သမျှကို ထိုင်းအာဏာပိုင်တွေက ဧပြီလ ၂၄ ရက်နေ့လည်ပိုင်းမှာ နေရပ်ပြန်ပို့လိုက်ပြီလို့ မဲဆောက်အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့ကတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုတိမ်းရှောင်လာတဲ့ မြဝတီဒေသခံစစ်ဘေးဒုက္ခသည်တွေကို ထိုင်းဘက်ခြမ်းက နေရာ ၅ ခုမှာထားပြီး နေ့စဉ်ပြန်ပို့နေတာမှာ လက်ကျန် နောက်ဆုံးအသုတ်ကို ဧပြီလ ၂၄ ရက်နေ့က မြန်မာဘက်ကို ပြန်ပို့လိုက်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကိုအကူညီပေးနေသူတဦးက ပြောပါတယ်။

"ဒီနေ့ပြန်တာကတော့ ကျွဲခြံနေရာက ၂,၀၀၀ လောက်ရှိတဲ့ဒုက္ခသည်က။ အရင်နေ့ကလည်း ပြန်ကြတယ်။ လူ ၅၀၀ ကျော်လောက်က ဒီနေ့ နေ့လည် ၁၂ နာရီလောက် အကုန်လုံးပြန်ုပို့လိုက်တယ်။ ကျနော်တို့သိသလောက်ကတော့ ထိုင်းဘက်ခြမ်းမှာတော့ မကျန်တော့ဘူး။"

အခုလိုထိုင်းဘက်က ပြန်ပို့လိုက်ပေမယ့် မြန်မာဘက်ခြမ်းက နေရာတချို့နဲ့ ဘုန်းတော်ကြီးကျောင်းတချို့မှာ ဆက်လက်နေထိုင်နေပြီး သူတို့ကိုတော့ ထိုင်းဘက်က လူမှုကူညီရေးအဖွဲ့အစည်းတွေက ထမင်းဘူးတွေဆက်ပြီး ပို့ပေးရတယ်လို့လည်းပြောပါတယ်။

ရေပူရွာဘက်မှာက လူ ၄၀၀ လောက်ရှိတယ်။ ချောင်းဆုံဘုန်းကြီးကျောင်းဘက်မှာတော့ လူ ၆၀၀ လောက်ရှိတယ်။ တချို့နေရာတွေက ပျက်စီးတာရှိတယ်။ တချို့ဂိုဒေါင်တွေလည်း ပျက်စီးတာ။ တချို့အိမ်တွေလည်း မီးလောင်သွားတာရှိတယ်။ အဲဒါကြောင့်မပြန်နိုင်ကြသေးတာ။"

ထိုင်းဘက်က မြန်မာနိုင်ငံရဲ့အခြေအနေပေါ်မူတည်ပြီး စစ်ရေးတင်းမာတဲ့အခါ ဒုက္ခသည် တသိန်းလောက်ကို လက်ခံဖို့အဆင်သင့်ပြင်ထားတယ်လို့ တိုက်ပွဲတွေမဖြစ်ခင်ကပြောဆိုထားတာပါ။ ထောင်နဲ့ချီတဲ့မြန်မာစစ်ဘေးဒုက္ခသည်တွေရောက်လာတဲ့အခါမှာတော့ ထိုင်းဘက်က ပြီးခဲ့တဲ့နှစ်က စစ်ဘေးကြောင့် ထွက်ပြေးလာသူတွေထားတဲ့နေရာတွေမှာပဲ ထားပြီး နေရာတွေကို အနည်းငယ်ပြန်ပြီး မွန်းမံထားတာကိုတွေ့ရပါတယ်။ တိုက်ပွဲဖြစ်ပြီး နောက်နေ့ဖြစ်တဲ့ဧပြီလ ၂၀ ရက်နေ့မှာရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်လို့ အစားအသောက်ကိစ္စကိုတော့ မဲဆောက်မှာရှိတဲ့ မြန်မာတွေက သွားရောက်ပို့ဆောင်ခဲ့ပါတယ်။ နောက်ရက်မှာတော့မြို့ပိုင်ရုံးကနေ ကူညီမယ့်သူတွေ၊ သူတို့ဆီကို လာကြဖို့ဖိတ်ခေါ်တဲ့အတွက် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေဖြစ်တဲ့ HWF , OIA , BMWEC စတဲ့အဖွဲ့အစည်းတွေက ထမင်းဘူးရေ ၄,၀၀၀ ပို့ပေးခဲ့ပါတယ်။ စစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်လို့ ထိုင်းဘက်က ပြင်ဆင်ပေးထားတာတွေကိုလည်း အခုလို ပြောသွားပါတယ်။

"စစချင်းရက်က ဒီဘက်ကနေ ထမင်းတွေ၊ ရေတွေယူသွားတယ်။ ဒုတိယရက်မှာကျတော့ မဲဆောက်မြို့ပိုင်ရုံးကတော့ လှူချင်တဲ့သူတွေရှိရင် သူတို့ကိုဆက်သွယ်ပါ-ဆိုပြီးပြောတယ်။ မြို့ပိုင်ရုံးကတဆင့် သွားရတယ်။ အဲဒီမှာ တခါသုံးအိမ်သာတွေ၊ အရေးပေါ် အိမ်သာတွေ လာချပေးထားတယ်။ IRC (INGO) , CBO (လူထုအခြေပြုအဖွဲ့အစည်းတွေ) ကတော့ သူတို့က အခင်းတွေ၊ စောင်တွေ၊ ခေါင်းအုံးတို့၊ ရေသန့်တို့ လာပေးတယ်။ ထိုင်းအစိုးရက စစ်ရှောင်တွေထားဖို့ပြင်ထားတယ်။ အဲဒါကတော့ အုတ်တိုင်တွေနဲ့၊ သွပ်မိုးနဲ့ အခင်းတွေလုပ်ထားတယ်။ တချို့နေရာကတော့ ဘိလပ်မြေခင်းထားတယ်။ တချို့နေရာတွေကတော့ အခင်းတော့မရှိဘူး။ တိုင်တွေနဲ့အကန့်လုပ်ထားတယ်။"

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ (Parnpree Bahiddha-Nukara) က မဲဆောက်မြို့ကို ဧပြီလ ၂၃ ရက်နေ့က ထပ်မံရောက်ရှိလာပြီး နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေကို လာရောက်ကြည့်ရှုခဲ့သလို နယ်စပ်အခြေအနေတွေကိုလည်း လေ့လာသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံကတော့ မြန်မာဘက်ကတိုက်ပွဲတွေ၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် ဒဏ်ရာပြင်းထန်သူ လူနာ ၁၀၀ ကျော်ကိုဆေးရုံတွေမှာ ဆေးကုပေးနေတာမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေသူ ၈၀ ကျော်ရှိပြီး လူ ၃၀ ကျော်ကတော့ ခွဲစိတ်ကုသခံခဲ့ရတယ်လို့လည်း ပြောခဲ့ပါတယ်ရှင်။

Forum

XS
SM
MD
LG