သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းမှာ မိုင်းရှင်းလင်းရေး ကိုယ်ထူကိုယ်ထ လုပ်နေရ


မြေမြှုပ်မိုင်းမှတ်တမ်းတချို့ (ဓာတ်ပုံ-Explosive Ordnance Risk Education (Myanmar))
မြေမြှုပ်မိုင်းမှတ်တမ်းတချို့ (ဓာတ်ပုံ-Explosive Ordnance Risk Education (Myanmar))

မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအများဆုံးရှိနေတဲ့ စစ်ကိုင်းတိုင်းမှာ မြေမြှုပ်မိုင်းတွေကို ရပ်ရွာ အဖွဲ့အစည်းတွေကပဲ ကိုယ်ထူကိုယ်ထ ရှင်းလင်းနေရကြောင်း မိုင်းရှင်းလင်းရေး ကူညီပေးနေသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်းမှာ မြေမြှုပ်မိုင်းအများဆုံးသုံးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာသလို မြေမြှုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ထိခိုက်၊ သေဆုံးသူဦးရေလည်း သုံးဆနီးပါး တက်လာတာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစည်သူက ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုပြီးဆိုးရွားလာတာကြောင့် နေပြည်တော်လောက်ကလွဲပြီး ကျန်တဲ့နေရာတွေမှာ မြေမြှုပ်မိုင်းအန္တရာယ်က ဆိုးဆိုးရွားရွား ရှိနေတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF က ဒီနေ့ ဧပြီလ ၄ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာပေးရေးနှင့် ကူညီစောင့်ရှောက်ရေးနေ့မှာ ထုတ်ပြန်ပါတယ်။ ပြည်တွင်းမှာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်၊ သေဆုံးရသူ ၁,၀၅၂ ယောက်ရှိပြီး ဒီထဲက ၃၅ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းက ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ ရောက်ဖို့ခက်ခဲတဲ့ စစ်ကိုင်းတိုင်းလို နေရာမျိုးမှာ မြေမြှုပ်မိုင်းတွေကို ကိုယ်ယူကိုယ်ထပဲ အများဆုံး ရှင်းလင်းနေရကြောင်း ဒေသခံ ရပ်ရွာ အဖွဲ့အစည်းတချို့က ပြောပါတယ်။ သူတို့အနေနဲ့ မိုင်းအသိပညာတွေ၊ လိုအပ်တဲ့ နည်းစနစ်တွေမရှိဘဲ အသက်နဲ့ရင်းပြီး ရှင်းလင်းနေရကြောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" စစ်ကိုင်းတိုင်း အနေအထားအရတော့ သူတို့ နဂိုကထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို အဖွဲ့အစည်းတွေကပဲ ကျနော်တို့ ရှင်းလင်းရေး လုပ်တာပေါ့နော်။ ဘယ်နေရာ ထောင်တယ်ဆိုတာ သိတယ်ဆိုရင်တော့ အဖွဲ့အစည်းတွေကပဲ လိုက်ပြီးတော့ ရှင်းလင်းရေး လုပ်တာပေါ့ဗျာ။ လေ့လာပြီး ကိုယ်တိုင်အဲလိုပဲ ရှင်းလင်းကြတာပေါ့။ အကာအကွယ် ပစ္စည်းကတော့ ဘာမှ အဲလိုကြီး မရှိဘူးဗျ။"

မိုင်းရဲ့ အန္တရာယ်ကို မသိထားတဲ့ ကလေးငယ်တွေက ထိခိုက်နိုင်ခြေ ပိုပြီးရှိနေတယ်လို့ UNICEF ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အခုဆိုရင် စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်နဲ့ ဆားလင်းကြီးတဝိုက်မှာ ၁၅ ရက်နီးပါး စခန်းချထားပြီး စာသင်ကျောင်းတွေမှာ နေရာယူထားကြောင်း ဒေသခံတွေကပြောပါတယ်။ ရွာတရွာမှာ အင်အား ၆၀ နီးပါးရှိကြောင်း ပြောပါတယ်။ စစ်ကောင်စီတပ်တွေ စခန်းချထားတဲ့ နေရာတိုင်းမှာ မြေမြှုပ်မိုင်းကို အသုံးပြုနေတာကြောင့် ဒေသခံတွေက ဘေးလွတ်ရာ ရှောင်တိမ်းနေရကြောင်း ဒေသခံတချို့က ပြောပါတယ်။

ဖောက်ခွဲရေးမိုင်းနဲ့ စစ်ကျန်ဗုံးဆံတွေကြောင့်လည်း လူသေဆုံးတာတွေ ရှိတယ်လို့ မုံရွာက ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။ သူတို့အနေနဲ့ စစ်တပ်ဝင်သွားတဲ့ ကျေးရွာတိုင်းမှာ မိုင်းရှင်းလင်းရေးကို လုပ်နေရကြောင်း ဗွီအိုအေကို ပြောပါတယ်။

" စစ်ကြောင်းတကြောင်းဝင်သွားရင် ကျနော်တို့အနေနဲ့ ဦးဆုံးလုပ်တာက ကျေးရွာမှာရှိတဲ့ ရွာသူ၊ ရွာသားတွေကို အရင်ဆုံးလွတ်ရာ၊ ဘေးကင်းရာကို ရောက်အောင် အဖွဲ့အစည်းတွေနဲ့ ထုတ်ပါတယ်ဗျ၊ တချို့ကလည်း မပြေးနိုင်တဲ့အတွက် (မိုင်း) မိတဲ့သူလည်း ရှိတာပေါ့နော်။ စစ်ကြောင်းဝင်သွားပြီး အဲစစ်ကြောင်းက ရွာတွေကို မီးရှို့သော်လည်းကောင်း၊ မီးရှိုု့ပြီး သူ့တို့ဖာသာ ပြန်ထွက်သွားသော်လည်းကောင်း ကျနော်တို့ ရှင်းလင်းရေး အရင်ဝင်ပါတယ်ဗျ။ အားလုံးစိတ်ရချပြီဆိုတဲ့ အနေအထားမှ ပြည်သူတွေကို ဝင်ခိုင်းတယ်ပေါ့။ အဲဒီမှာ ကျနော်တို့ ကြုံတွေရတာက သူတို့အဝေးကပစ်တဲ့ လက်နက်ကြီး မကွဲတဲ့ဟာတွေတို့ အဲလိုမျိုး ခဏခဏကြုံတွေ့ရပါတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ဒီဘက်က တတ်သိနားလည်တဲ့ သူတွေကပဲ ရှင်းပေးရတာပါဗျ။"

အာဖရိကနဲ့ အာရှက မြေမြှုပ်မိုင်းတွေကို ရှင်းလင်းဖို့နဲ့ လူထုကို အသိပညာပေးဖို့အတွက် စတာလင်ပေါင် ၁၇သန်း (အမေရိကန်ဒေါ်လာ သန်း၂၀လောက်) ကို ထောက်ပံ့သွားမယ်လို့ ဗြိတိန်အစိုးရက ၂၀၂၄ ဖေဖော်ဝါရီလ ၂၀ရက်မှာ ထုတ်ပြန်ထားပါတယ်။ မြန်မာ၊ အင်ဂိုလာ၊ ကမ္ဘောဒီးယား၊ အီသီယိုးပီးယား၊ လာအို၊ ဆိုမာလီ၊ တောင်ဆူဒန်၊ ဇင်ဘာဘွေ စတဲ့နိုင်ငံတွေက လူဦးရေငါးသောင်းလောက်ကို အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

UNICEF ကတော့ ၂၀၂၃ ခုနှစ်ထဲမှာ ပြည်တွင်းက ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၃၈,၀၀၀ ကျော်ကို မြေမြှုပ်မိုင်းအန္တရာယ် အကာအကွယ်ပေးရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အကူအညီတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကူအညီထဲမှာ မိုင်းကြောင့် ထိခိုက်နစ်နာခဲ့သူတွေလည်း ပါဝင်ပါတယ်။ အခု ၂၀၂၄ မှာတော့ ကလေးနဲ့ မိသားစုဝင် ၃.၁ သန်းအတွက် အရေးပေါ် အကူအညီတွေပေးဖို့ အမေရိကန်ဒေါ်လာ ၂၀၈.၃ သန်းကို တောင်းခံထားတယ်လို့ UNICEF ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG