သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းနဲ့ပေါက်ကွဲပစ္စည်းကြောင့် မြန်မာ အရပ်သားထိခိုက်မှု သုံးဆနီးပါးတိုးလာ 


မြေမြှုပ်မိုင်းမှတ်တမ်းတချို့ (ဓာတ်ပုံ-Explosive Ordnance Risk Education (Myanmar))
မြေမြှုပ်မိုင်းမှတ်တမ်းတချို့ (ဓာတ်ပုံ-Explosive Ordnance Risk Education (Myanmar))

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား အသေအပျောက်အရေအတွက်က မနှစ်ကထက် နှစ်ဆကျော်၊ သုံးဆနီးပါးတိုးလာပြီး ၁,၀၅၂ ဦးအထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာ အသစ်က ပြောပါတယ်။

ဧပြီလ (၄) ရက်နေ့ အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာပေးနေ့နဲ့ ကူညီစောင့်ရှောက်ရေးနေ့မှာ ယူနီဆက်ဖ် (UNICEF) က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြေမြှုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်မှာ သေဆုံးသူက ၁၈၈ ဦးနဲ့ ဒဏ်ရာရသူက ၈၆၄ ဦး ရှိပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက ထိခိုက်သေဆုံးခဲ့သူ ၃၉၀ ဦးပဲရှိခဲ့လို့ ၂၀၂၃ ခုနှစ်မှာ သုံးဆနီးပါးတိုးလာတာ ဖြစ်ပါတယ်။ ရာခိုင်နှုန်းနဲ့ဆိုရင် ၂၇၀ % အထိ တိုးလာတာပါ။ ဒါ့အပြင် သေဆုံးသူတွေရဲ့ ၂၁ ရာခိုင်နှုန်းကလည်း ကလေးငယ်တွေ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ပဋိပက္ခတွေထဲမှာ မြေမြှုပ်မိုင်းတွေနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကို ခွဲခြားမှုမရှိ ဘက်ပေါင်းစုံက သိမ်းကျုံးအသုံးပြုနေကြောင်း ယူနီဆက်ဖ် (UNICEF) က ပြောပါတယ်။ ကုလသမဂ္ဂရဲ့ အခု အစီရင်ခံစာသစ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ချက်ချင်း တစုံတရာ ထုတ်ပြန်တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

အသေအပျောက်အများဆုံးနေရာကတော့ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ခဲ့ပြီး စုစုပေါင်း သေဆုံးသူတွေရဲ့ ၃၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ကုလသမဂ္ဂမှတ်တမ်းက ဆိုပါတယ်။ ရှမ်းနဲ့ပဲခူးတိုင်းဒေသကြီးကတော့ စုစုပေါင်းရဲ့ ၁၂ ရာခိုင်နှုန်းနဲ့ ၉ ရာခိုင်နှုန်းအသီးသီး ထိခိုက်သေဆုံးခဲ့ကြပါတယ်။ ထိခိုက်သေဆုံးတဲ့ တခြား ဒေသတွေထဲမှာ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတွေနဲ့ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တွေလည်း ပါဝင်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရှိန်မြင့်လာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းအသုံးပြုမှု အများဆုံး ထိပ်တန်းနိုင်ငံတွေ စာရင်းထဲဝင်လာပြီး အာဏာသိမ်း စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကလွဲလို့ ကျန်တဲ့တိုင်းနဲ့ပြည်နယ်ဒေသကြီးတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနေတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။

“မြေမြှုပ်မိုင်းအသုံးပြုမှုဟာ ပြစ်တင်ရှုတ်ချရမယ့်ကိစ္စဖြစ်သလို နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာရောက်တယ်” လို့ ယူနီဆက်ဖ် (UNICEF) အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Debora Comini က ပြောပါတယ်။ “ပဋိပက္ခဖြစ်ပွားနေတဲ့ အင်အားစုအားလုံးဟာ အရပ်သားတွေ အထူးသဖြင့် ကလေးသူငယ်တွေ ဘေးကင်းရေးအတွက် ဦးစားပေးပြီး အရပ်သားနဲ့လက်နက်ကိုင် ခွဲခြားမှုမရှိဘဲထိခိုက်နိုင်တဲ့ လက်နက်တွေသုံးနေတာကို ချက်ခြင်း ရပ်တန့်ဖို့လိုတယ်” လို့လည်း သူက တောင်းဆိုထားပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာ ယူနီဆက်ဖ်-မြန်မာအနေနဲ့ နိုင်ငံတဝန်းမှာ မြေမြှုပ်မိုင်းနဲ့ တခြား ပေါက်ကွဲစေတတ်တဲ့ လက်နက်များ တားဆီးကာကွယ်ရေး အစီအစဥ်အောက်ကနေ ပဋိပက္ခတွေထဲမှာ ထိခိုက်ခဲ့သူ ကလေးသူငယ်အပါအဝင် လူပေါင်း ၁၃၈,၈၅၅ ဦး ကို အကူအညီပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် အတွက်ဆိုရင် ထိခိုက်မှုအများဆုံး ကလေးငယ်တွေနဲ့ မိသားစုပေါင်း ၃.၁ သန်းအတွက် အသက်ကယ်အကူအညီနဲ့ အရေးကြီးဝန်ဆောင်မှုတွေ ကူညီပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၀၈.၃ သန်းအထိ လိုအပ်နေတယ်လို့ ယူနီဆက်ဖ်က တောင်းခံထားပါတယ်။

ကုလသမဂ္ဂရဲ့မှတ်တမ်းတွေအရ လက်ရှိ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် လူပေါင်း ၂.၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ အရေးတကြီးလိုအပ်နေသူအရေအတွက်က လူပေါင်း ၁၈ သန်းကျော်အထိ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG