သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆယ်ဇင်းအခြေစိုက် စစ်ကောင်စီစခန်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်


KIA တပ်ဖွဲ့ဝင်တဦး
KIA တပ်ဖွဲ့ဝင်တဦး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ မိုးမောက်မြို့မှာ စစ်ရေးတင်းမာနေတာပါ။ ကချင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ဆယ်ဇင်းရဲစခန်းကို ဒီလ ၉ရက်နေ့က စတင်တိုက်ခိုက် သိမ်းယူခဲ့တဲ့နောက် စစ်ကောင်စီတပ်နဲ့ ၁၀ရက်ကျော်ကြာ စစ်ရေးတင်းမာနေခဲ့တာပါ။ ဒီလ ၂၀ရက်နေ့မှာတော့ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကပါ တိုက်ခိုက်ပြီး အပြင်းအထန် ခုခံခဲ့ပါတယ်။

အင်္ဂါနေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဆုတ်ခွာခဲ့တဲ့နောက် KIA နဲ့ ပူးပေါင်းတပ်တွေက တပ်စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း PDF နဲ့ နီးစပ်သူတဦးက VOA ကို ပြောပြပါတယ်။

“ ညက ၁၁နာရီထိုးက သိမ်းလိုက်နိုင်တာပေါ့လေ။ သူတို့က တပ်စခန်းက စစ်တပ်က လူတွေက ထွက်ပြေးသွားတာပေါ့လေ။ ည ၁၁ နာရီထိုး သူတို့ ထွက်သွားပြီ ဆိုကတည်းက သူတို့ စခန်းကုန်းကို ရှင်းလင်းရေးလုပ်တာ ဘက်ဟိုးနဲ့ ဖြိုတာပေါ့လေ။ မိုင်းတွေဘာတွေရှင်းတာပေါ့လေ။ ခုနလေးတင်ကမှ ပြီးသွားတယ်လို့ ပြောတယ်။ ဆုတ်သွားတာတော့ ဘုရား ၅ဆူဘက်ကနေ လမ်းဆုံဘက်ကို ဆုတ်သွားတာတဲ့။ သူတို့ဆုတ်သွားပြီး သိမ်းဆည်းရမိတာကတော့ လက်နက်တွေကတော့ မသိမ်းမိဘူး။ ကျည်ဆံတွေပေါ့လေ ခဲယမ်းတွေလောက်ပဲ သိမ်းလို့ ရတာပေါ့။ လက်နက်တွေကတော့ ဆုတ်သွားတဲ့အချိန်မှာ အကုန်ပြန်သယ်သွားတယ်။ ”

ဆယ်ဇင်းရွာမှာ ခမရ ၁၁၆နဲ့ SNA ရှမ်းနီတပ်တွေ ပူးပေါင်း အခြေစိုက်ထားတာပါ။ ဆယ်ဇင်းဒေသခံအချို့ကတော့ ဒီလ ၁၀ရက်နေ့ KIA က ဆယ်ဇင်းရဲစခန်းကို သိမ်းပိုက်ချိန်တည်းက ဟိုပင်၊ မိုးညှင်းနဲ့ အခြားဒေသဘက်တွေကို တိမ်းရှောင်တာတွေ ရှိခဲ့ပါတယ်။
ဒီကနေ့ မနက်အစောပိုင်းမှာ ဖားကန့်မြို့အဝင် ပန်းတင်တံတားမှာလည်း ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကချင်ပြည်နယ်အရှေ့ပိုင်း မိုးမောက်မြို့မှာတော့ ဆက်လက်ပြီး စစ်ရေး တင်းမာနေပါတယ်။ ဒီကနေ့မှာ နှစ်ဘက် အပြန်အလှန် လက်နက်ကြီး ပစ်ခတ်တာတွေရှိနေသလို ဒေသခံအများစုကတော့ မြို့ကို စွန့်ခွာ တိမ်းရှောင်နေကြောင်း မိုးမောက်မြို့ခံတဦးက အခုလို ပြောပါတယ်။

“ လက်နက်ကြီးက တဒုန်းဒုန်းထုနေတာ။ ကျနော်တို့တောင်မှ လက်နက်ကြီးတွေ ကြားမှ လွှတ်ခဲ့တာ။ ကျနော်တို့တောင် ရှောင်ခဲ့ပြီ။ တမြို့လုံးက ဘယ်သူမှ မရှိတော့ဘူး။ ကျနော်တို့ နောက်ဆုံးထွက်ခဲ့တာပဲ။ အလင်းကောင်၊ ခါနန်။ အလင်းကောင်၊ခါနန် အဲဒီ ၂ရပ်ကွက်က ဘယ်သူမှ မရှိတော့ဘူး။ တခြားရပ်ကွက်တွေလည်း ရှောင်တော့ ရှောင်တယ်။ လူရှိသေးတာပေါ့။ တအိမ် တယောက်လောက်။ တအိမ် တယောက်၊ နှစ်ယောက်လောက် ရှိသေးတာပေါ့။ ”

ကချင်ပြည်နယ်အတွင်းက တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIA ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ခဲ့ပေမဲ့ ဒီကနေ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။ စစ်ကောင်စီရဲ့ News of Myanmar တယ်လီဂရမ်စာမျက်နှာမှာတော့ တနင်္လာနေ့က ဖြစ်ပွားတဲ့ မိုးမောက်မြို့ တိုက်ပွဲမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သား ၃ယောက် သေဆုံးခဲ့သလို ၃ယောက် ထိခိုက်ဒဏ်ရာရကြောင်း ဖော်ပြပါတယ်။ ဒေသခံတွေကတော့ သူတို့အနေနဲ့ ဘယ်ဘက်က ပစ်တဲ့ လက်နက်ကြီး ဖြစ်တယ်ဆိုတာကို အတည်မပြုနိုင်ကြောင်း ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG