သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ အိုးအိမ်စွန့်ထွက်ပြေးရသူ ၃ သန်းကျော်ပြီ (ကုလသမဂ္ဂ)


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရ (မတ် ၂၅၊ ၂၀၂၄)
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရ (မတ် ၂၅၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြား တနိုင်ငံလုံး အတိုင်းအတာနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရပ်သားက ဒီသီတင်းပတ်ထဲမှာ ၃ သန်းကျော်အထိ စံချိန်တင်ရောက်ရှိလာပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြား တနိုင်ငံလုံး အတိုင်းအတာနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရပ်သားက ဒီသီတင်းပတ်ထဲမှာ ၃ သန်းကျော်အထိ စံချိန်တင်ရောက်ရှိလာပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီကိန်းဂဏန်းဟာ ခြောက်လအတွင်း ၅၀ ရာခိုင်နှုန်း တဟုတ်ထိုး ခုန်တက်သွားတာလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရဲ့ မေလ ၃ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ သန်းအနက် ၂.၇ သန်းကျော်ဟာ ပဋိပက္ခနဲ့ မလုံခြုံမှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေရဲ့ သုံးပုံတပုံ ကလည်း ကလေးငယ်တွေ ဖြစ်နေပြီး သူတို့ရဲ့ ပညာရေးနဲ့ အနာဂတ်ဟာ ပဋိပက္ခကြောင့် ကပြောင်းကပြန်တွေ ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

လူပေါင်း ၁၈.၆ သန်းလောက်ဟာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်ရှိနေပြီး အိုးအိမ်မဲ့ လူ ၃ သန်းဟာ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်နေကြရတယ်လို့ ဆိုပါတယ်။ ဒါဟာ မနှစ်ကထက် လူ တသန်းကျော် ပိုများလာတာ ဖြစ်ပြီး အကူအညီ လိုအပ်နေသူထဲမှာ ကလေး ၆ သန်း ပါဝင်နေတယ်လို့ ကုလသမဂ္ဂက မှတ်တမ်းမှာ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ပြီး ပဋိပက္ခတွေ အရှိန်မြင့်တက်လာလို့ နေရပ်စွာခွာရသူတွေက အလျင်အမြန်နဲ့ များပြားလာခဲ့တာဖြစ်ပြီး အရပ်သားတွေ အဓိက ပေးဆပ်ခဲ့ရက အများစုက ဘေးကင်းရာကို ထွက်ပြေးဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းက ချင်းပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဒေသကြီးတွေမှာ ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁ ဒသမ ၅ သန်းနီးပါးရှိပြီး ကယား၊ ပဲခူး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး အရှေ့တောင်ပိုင်းမှာ နေရပ်စွန့်ခွာရသူ ၉ သိန်းကျော်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာလည်း လူ ၃၅၆,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရရပါတယ်။ အဲဒီ ဒေသတွေနဲ့ တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် (IDPs) တွေဆီ အကူအညီတွေ ရောက်နိုင်ရေး အရေးကြီး တယ်လို့လည်း ကုလသမဂ္ဂက သတိပေးပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာ နေရပ်စွန့်ခွာသူ ၅၀၀,၀၀၀ သိန်းနီးပါး အပါအဝင် လူပေါင်း ၉၅၀,၀၀၀ ဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်နိုင်ခဲ့ပေမယ့် ဒါဟာ မလုံလောက်သေးဘူးလို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ တဘက်မှာလည်း ရန်ပုံငွေ မလုံမလောက် ဖြစ်နေပြီး ၂၀၂၄ ခုနှစ် ရဲ့ ၄ ပုံ ၃ ကို ဝင်နေပြီ ဖြစ်ပေမယ့် စုစုပေါင်း ရန်ပုံငွေ လိုအပ်ချက်တွေရဲ့ ၅ ရာခိုင်နှုန်းအောက်သာ ရရှိနေပြီး ဆိုင်ကလုန်းမုန်တိုင်းတွေ ကျရောက်လေ့ရှိတဲ့ လာမယ့် မိုးရာသီ မတိုင်မီ ထိခိုက်လွယ်တဲ့ အိုးအိမ်စွန့်ခွာသူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ နောက်ထပ် ရန်ပုံငွေ အရင်းအမြစ်တွေ လိုအပ်နေသေးကြောင်းလည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG