သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧပြီ နွေအပူကြောင့် စစ်ရှောင်စခန်းတွေ ရေရှားပါး


Myanmar refugee water crisis
Myanmar refugee water crisis

နွေရာသီကာလမှာ စစ်ရှောင်စခန်းတချို့ ရေလိုအပ်ချက် ရှိနေတယ်လို့ ကူညီပေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။ အခု ဧပြီလထဲမှာ နေ့အပူချိန်က ပျမ်းမျှထက် ပိုပူပြင်းနေချိန် သောက်သုံးရေ ရှားပါးတာ၊ သုံးစွဲဖို့ရေ မလုံလောက်တဲ့ ပြဿနာတွေ ရင်ဆိုင်နေရတာပါ။ ဒီအကြောင်း ပေးပို့ထားတဲ့ သတင်း နန်းလောင်ဝ်ပြောပြပါမယ်။

ပြည်နယ်နဲ့ တိုင်းအလိုက် နေ့အပူချိန်တွေ အခု ဧပြီလထဲမှာ ပျမ်းမျှထက် ပိုတိုးလာတာတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒက ထုတ်ပြန်ထားပါတယ်။ ဒီလို ပူပြင်းတဲ့ဒဏ်ကြောင့် ရေလိုအပ်ချက်က အရင်ကထက် ပိုပြီးရှိလာတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမှာလည်း အရင်ကတည်းက ရေလိုအပ်ချက်ရှိနေပြီး၊ အခု စစ်ရှောင်သူဦးရေ တိုးလာချိန်မှာတော့ ရေအခက်အခဲ ပိုရှိလာတယ်လို့ Mu Kayan လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"စစ်ဘေးရှောင် စခန်းတိုင်းလိုလို ရေလိုအပ်ပါတယ်။ စစ်ရှောင်တွေ ရောက်မလာခင်ကတည်းက ရွာခံတွေလည်း ရေမလုံလောက်တာတွေ၊ ရေရှားပါးတာတွေ ကြုံနေရတာပါ။ အခု စစ်ရှောင်သောင်းဂဏန်း ထပ်ရောက်လာတော့ ပိုဆိုးတာပေါ့။ ရေလိုအပ်ချက် အရမ်းမြင့်မားပါတယ်။"

စစ်ဘေးရှောင် စခန်းတွေအပြင် ဆေးရုံ၊ ဆေးခန်းတွေမှာလည်း ရေလိုအပ်ချက် ရှိနေတယ်လို့ ပြောပါတယ်။ ကရင်နီ (ကယား) ပြည်နယ်မှာ နေ့အပူချိန် ပျမ်းမျှထက် ၂ ဒီဂရီဆဲလ်စီးယက် ပိုခဲ့ပါတယ်။

ဧပြီလရဲ့ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်တဲ့ အထဲမှာ တနင်္သာရီတိုင်းက ထားဝယ်နဲ့ လောင်းလုံးမြို့နယ်လည်း ပါဝင်ပါတယ်။ တနင်္သာရီတိုင်းထဲက စစ်ရှောင်စခန်းတချို့မှာ သောက်သုံးရေနဲ့ ချိုးရေကို အတူတူ ရောသုံးနေရပြီး၊ ရေခမ်းခြောက်တဲ့ အခြေအနေကြောင့် လိုအပ်ချက်ရှိနေတယ်လို့ ကူညီနေသူတဦးက ပြောပါတယ်။

Myanmar refugee water crisis
Myanmar refugee water crisis

"ရေလုံလောက်မှုတော့ မရှိဘူးဗျ။ အခု လောလောဆယ်ကတော့ စိမ့်စမ်းရေတွေ ပြန်ပြုပြင်နေရတဲ့ အနေအထားပေါ့နော်။ ပြီးတော့ ချောင်းငယ်အနီးက ရေတွေရရှိအောင် လုပ်နေတယ်ခင်ဗျ။ ရေလုံလောက်မှုတော့ မရှိဘူးခင်ဗျ။ စစ်ရှောင်တွေအတွက် အခက်အခဲတော့ရှိတယ်။ သောက်သုံးရေအတွက် အဲလိုပါပဲ။ ချိုးရေနဲ့ သောက်သုံးရေနဲ့ အတူတူပဲ သုံးနေတယ်။ သောက်သုံးရေဆိုပြီးတော့ သီးသန့်စီစဉ်ထားတာတော့ မရှိဘူးခင်ဗျ။"

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်ရှောင်တွေလည်း သောက်သုံးရေ လိုအပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ တချို့ စစ်ရှောင်တွေမှာ ကိုယ်ပူတာ၊ ဗိုက်အောင့်တာနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်နေတယ်လို့ သိရပါတယ်။ သောက်သုံးရေ သန့်ရှင်းမှု မရှိတာကနေ ဝမ်းလျှောကြပြီးတော့ အခုချိန်မှာတော့ တွင်းရေကိုသာ သောက်သုံးနေတယ်လို့ ပြောပါတယ်။

Myanmar refugee water crisis
Myanmar refugee water crisis

"သောက်သုံးရေ အခြေအနေကတော့ အခုက ရေသန့်စက်ရုံတွေ ရပ်တန့်နေလို့ ရေသန့်ဘူးတွေ သိပ်မရှိတော့ဘူး။ မြို့ကလာတဲ့ ရေသန့်ဘူးတွေလည်း ရှားပါးနေတယ်။ အခု ရေတွင်းတွေကနေပဲ သောက်သုံးနေရတယ်။"

နွေရာသီ ပူပြင်းတဲ့ကာလမှာ ရေရှားပါးတဲ့ အခြေအနေကြောင့် သောက်သုံးရေကန် အသစ်ဆောက်လုပ်တာ၊ ရေသယ်ကားတွေနဲ့ လိုအပ်တဲ့ နေရာတွေဆီ ပို့ဆောင်တာမျိုး လုပ်နေရတယ်လို့ ကူညီသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ရေရှားပါးတဲ့ အရပ်ဒေသက စစ်ရှောင်စခန်းတွေမှာတော့ သုံးစွဲဖို့နဲ့ သောက်သုံးရေအတွက် ရေသယ်ကားတွေကနေဆင့် ဝယ်ယူနေရပြီး အဲဒီအတွက် အကူအညီတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

Forum

XS
SM
MD
LG