သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နေရာအများအပြားမှာ အပူလှိုင်းသတိပေးချက်ထုတ်ပြန်


ရန်ကုန်နေပူပူအောက် သွားလာနေကြသူများ (ဧပြီ ၂၅၊ ၂၀၂၄)
ရန်ကုန်နေပူပူအောက် သွားလာနေကြသူများ (ဧပြီ ၂၅၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ လာမယ့် ရက်ပိုင်းတွေအတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ နေ့အပူချိန်တွေ တိုးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဧပြီ ၂၇၊ ၂၈ ရက်နေ့တွေမှာ နေ့အပူချိန် ပိုပြင်းလာနိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားတာကြောင့် သတိထား နေထိုင် သွားလာသင့်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကျော်မိုးဦးက VOA မြန်မာပိုင်းကို ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေကို အပူလှိုင်းဖြတ်သန်းခဲ့စဉ်ကလည်း ရက်အတော်ကြာ မြန်မာနိုင်ငံနေရာ တော်တော်များများ အပူဒဏ်ကို ခံစားခဲ့ကြရပါတယ်။

အခုထိလည်း အရင်ထက်ပိုပြီး ပူပြင်းတဲ့ဒဏ်ကို ခံစားနေကြရတာမှာ ထိုင်းနိုင်ငံမှာဆိုရင် အပူဒဏ်ကြောင့် အခုနှစ်အတွင်း သေဆုံးသူ ၃၀ ထက်မနည်း ရှိသွားပြီလို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။ ဘန်ကောက်မြို့တော်မှာ အပူချိန် ၅၂ ဒီဂရီဆဲလ်စီရပ် (၁၂၅ ဒီဂရီဖာရင်ဟိုက်) ကျော်အထိကို ပူပြင်းနိုင်တယ်လို့ ဘန်ကောက်မြို့တော် အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဗုဒ္ဓဟူးနေ့က အပူချိန် ၄၀ ဒီဂရီဆဲလ်စီရပ် ကျော်ရှိခဲ့သလို ဒီနေ့လည်း အလားတူ အပူချိန်ရှိခဲ့ပါတယ်။

စိုထိုင်းမှု၊ လေတိုက်နှုန်းအပါအဝင် တခြားအချက်အလက်တွေကို တိုင်းတာချက်အရ တကယ်ခံစားရမယ့် အပူချိန်က အန္တရာယ်ရှိတဲ့အဆင့်မှာ ရောက်နေတယ်လို့ ဘန်ကောက်မြို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ အရှေ့မြောက်ပိုင်း Udon Thani ပြည်နယ်မှာလည်း ဒီနေ့ အင်မတန်ပူပြင်းမယ်လို့ သတိပေးထားပါတယ်။ ၂၀၂၄ ဇန်နဝါရီ ၁ ရက်ကနေ ဧပြီ ၁၇ ရက်နေ့အထိ အပူဒဏ်ကြောင့် သေဆုံးသူ ၃၀ ထက်မနည်း ရှိနေပြီလို့ ထိုင်းကျန်းမာရေးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG