သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧပြီလထဲ အပူချိန်အန္တရာယ် ကြုံရနိုင်ခြေ မိုးဇလသတိပေး 


ရန်ကုန်မြို့ နွေအပူအောက် ထီးဆောင်းသွားလာနေကြသူများ (ဧပြီ ၂၊ ၂၀၂၄)
ရန်ကုန်မြို့ နွေအပူအောက် ထီးဆောင်းသွားလာနေကြသူများ (ဧပြီ ၂၊ ၂၀၂၄)

အယ်လ်နီညိုရာသီအကျိုးဆက်အရ ဧပြီလတွင်းမှာ အပူချိန်အမြင့်မားဆုံးခံစားရပြီးသောက်သုံးရေရှားပါးတာတွေနဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေကြုံတွေ့ရနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကသတိပေး ပြောဆိုပါတယ်။ အပူချိန်မြင့်မားတာကြောင့် နောက်ဆက်တွဲအနေနဲ့ ဖြစ်လာနိုင်တဲ့ အပူရှပ်တာ၊ သတိလစ်တာ၊ ချွေးထွက်လွန်တာတွေအပြင် အသက်အရွယ်ကြီးသူတွေမှာ ရုတ်တရက်သတိမေ့မြောတာအထိဖြစ်လာနိုင်တာမို့ သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနှိုးဆော်ထားပါတယ်။ ဒီသတင်းရန်ကုန်က စုစည်းတင်ပြထားတာကို မဆုမွန် ကပြောပြမှာပါ။

အယ်လ်နီညိုရာသီအကျိုးဆက် အပူချိန်မြင့်မားတဲ့ဒဏ်ကို မြန်မာနိုင်ငံမှာတင် မဟုတ်ဘဲ အရှေ့တောင်အာရှ အပါအဝင် အာရှနိုင်ငံတော် တော်များများ ရင်ဆိုင်နေရတာပါ။ အပူချိန်မြင့်တက်မှု နောက်ဆက်တွဲသက်ရောက်မှုတွေကို သတိထားကြဖို့လည်း အာရှနိုင်ငံတော်တော်များများမှာ သတိပေးချက်ထုတ်ပြန်ထားရပါတယ်။

မြန်မာနိုင်ငံမှာ ဒီလ ဧပြီလတွင်းမှာ အပူချိန်အမြင့်မားဆုံးခံစားရနိုင်ဖွယ်ရှိပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးဒေသတွေမှာ အမြင့်ဆုံးပူပြင်းနိုင်ဖွယ်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ကညွှန်ကြားရေးမှုး ဦးကျော်မိုးဦး ကပြောပါတယ်။

"ခန့်မှန်းချက်အရဆိုရင်တော့ ဧပြီလထဲမှာပုံမှန်ထက်ကိုပို ပူနိုင်တဲ့ အနေအထားတော်တော်များများတွေ့ရတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်း ချင်းတို့ ကချင်တို့လောက်ဘဲ ။ ကျန်တဲ့ဒေသတွေကတော့ ပုံမှန်ထက်ပိုပူနိုင်တယ်။ အထူးသဖြင့်စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့က နှစ်စဉ်နှစ်တိုင်းအပူဆုံးလတွေ ဖြစ်တယ်။ ဒီအတိုင်းဆိုရင်တော့မြန်မာနိုင်ငံအလယ်ပိုင်းကအပူဆုံးအနေနဲ့ရှိမယ်။ ပြီးရင်တော့ မြစ်ဝကျွန်းပေါ်ဒေသတွေက ဒုတိယအပူဆုံးအနေနဲ့ရှိမယ်။"

ပြီးခဲ့တဲ့ မတ်လလယ်လောက်ကစပြီး အပူချိန်မြင့်တက်လာတာဖြစ်ပြီး မတ်လကုန် ဧပြီလအစပိုင်းမှာ အမြင့်ဆုံးအပူချိန်တွေအနေနဲ့ နေ့အပူအချိန် စံချိန်သစ်တင်တဲ့ ဒေသတွေရှိခဲ့ပါတယ်။ ဒီဒေသတွေကတော့ ချောက်၊ ဇောင်းတူ၊ ရေးမြို့နယ်တို့ဖြစ်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။ ရေးမြို့နယ်ဟာ နှစ်ပေါင်း ၆၀ အတွင်း အမြင့်ဆုံးအပူချိန် စံချိန်တင်ခဲ့ပြီး ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အထိရှိခဲ့တာပါ။ ချောက်မြို့ဟာ လည်း နှစ်ပေါင်း ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ပြီး နေ့အပူချိန်ဟာ ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် ထိရှိခဲ့ပါတယ်။ ဇောင်းတူမြို့ရဲ့ နေ့အပူချိန် စံချိန်သစ်ကတော့ နှစ်ပေါင်း ၃၇ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့ကာ ၄၀ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်ထိရှိခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

အားကောင်းသော အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်ပြီး သောက်သုံးရေရှားပါးမှု ကြုံတွေ့လာနိုင်သလို သဘာဝဘေးတွေလည်းကြုံတွေ့ လာနိုင်တာမို့သတိထားဖို့လည်း မိုးဇလက ဦးကျော်မိုးဦး ပြောပါတယ်။

"နေ့အပူချိန်မြင့်လာရင်ကျန်းမာရေးဆိုင်ရာပြဿနာတွေ အထူးသတိပြုသင့်တယ်။ နေပူထဲကိုရုတ်တရက် ထွက်တာတို့ နေပူထဲကနေ အအေးခန်းထဲဝင်လိုက်တာတို့ အပူ change တာမို့ကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တယ်။ နောက်တချက်ကတော့ ရုတ်တရက်အပူချိန်တွေမြင့်တက်လာရင် ရေရှားပါးတာတွေဖြစ်လာနိုင်တယ်။ ရေရှားပါးမှုနဲ့ ဆက်စပ်လို့ ဒေသတွင်းရှိတဲ့ရေဟာ အငွေ့ပျံအပေါ်တက်တယ်။ အပူပျံတက်လာတယ် အဲဒါကတခုနဲ့တခုပေါင်းစုပြီး တော့ မိုးတိမ်တောင်တွေဖြစ်ပြီးတော့မှ မိုးတိမ်တောင်ရွှေ့တဲ့နေရာတွေမှာ လေပြင်းတိုက်တာ လျှပ်စီးလက်တာ မိုးကြိုး ပစ်တာ မိုးသီးကြွေတာ ဒီလိုမိုးလေဝသအခြေအနေတွေဖြစ်ပေါ်လာနိုင်လို့ ဒါတွေကိုသတိပြုဖို့လိုပါတယ်။ "

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာ ဒီရက်ပိုင်းအတွင်း နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်တယ်လို့လည်းပြောပါတယ်။

ဒီလိုအပူချိန်များ ပုံမှန်ထက်မြင့်တက်လာနေတာမို့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ကြုံတွေ့ရတတ်တာကိုသတိပြုကြဖို့ ကျန်းမာရေး ပညာရှင်တွေဘက်ကသတိပေးနေပါတယ်။ အပူချိန်မြင့်မားမှုဒဏ်ကို ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်း သူတွေ ပိုမို ခံစားရနိုင်ပြီး ဂရုစိုက် နေထိုင်ဖို့ ကျန်းမာရေးပညာရှင် ဒေါက်တာမိုးနေနေက အခုလိုသတိပေးပြောဆိုလိုက်ပါတယ်။

"Heat Stoke ပေါ့ ကြောက်ရတယ်။ မဖြစ်အောင်ဘယ်လိုကာကွယ်မလဲဆိုရင်နေပူထဲသွားရင်ထီးဆောင်ရမယ်။ UV ပါတဲ့ ထီးဆောင်းရမယ်။ အဝတ်အစားဆိုလဲအမဲရောင်ရှောင် အရောင်နုတာလေးတွေဘဲဝတ်သင့်တယ်။ တချို့ကချွေး အရမ်းထွက်ရင် ချွေးသုတ်တဲ့အကျင့်ရှိတယ်။ အဲလိုသုတ်တာမှာလည်းအဝတ်မသန့်ရင် မိတ်ပေါက်နိုင်တယ်။ မိတ်ကနေတဆင့် တခြားဘေးထွက်ဆိုးကျိုးများတာပေါ့ ရာသီဥတုကပူတယ် ချွေးအရမ်းထွက်ရင်ဓါတ်ဆားသောက်သင့်တာပေါ့ အချိုထပ် အငံသောက်သင့်တယ်။ ပုံမှန်လူက တနေ့တထုတ်သောက်ရတယ် လိုအပ်ရင်လိုအပ်သလိုပေါ့ တနေ့ ၂ ထုတ်ထိသောက်လို့ ရတယ်။ ဓါတ်ဆားခက်တယ်ဆိုရင်လည်း အုန်းရေ။ အင်မတန်ကောင်းပါတယ်။ Heat Stoke လက္ခဏာက ဘယ်လိုသိသာသလဲဆိုတော့ ချွေးမထွက်ဘဲ ကိုယ်တွေအရမ်းပူလာမယ်။ ဒါတခု နောက်တခုက ချွေးအရမ်းထွက်တာတို့ အဲလိုလဲရှိတယ်။ အဲလိုဖြစ်ရင်ဘာလုပ်ရမလဲဆိုတော့ ရေသောက် အရိပ်ထဲနေပေါ့ "

အပူချိန်မြင့်တက်တဲ့ဒဏ်ကို လတ်တလောမှာ မြန်မာနိုင်ငံတခုထဲခံစားနေရတာမဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံ တွေအပြင် အာရှနိုင်ငံ တွေမှာပါ ဒီဒဏ်ကိုခံစားနေရတာပါ။ မြန်မာနိုင်ငံသား အများအပြား နေထိုင်တဲ့ ထိုင်းအပါအဝင် အာရှနိုင်ငံတော်တော်များများ အပူဒဏ် မြင့်မား တဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေရှိလာနိုင်တဲ့ အကြောင်းသတိပေးချက်တွေထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံဆိုရင်လည်း ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းကာ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်လာနိုင်တယ်လို့ ထိုင်းမိုးဇလပညာရှင်တွေဘက်က သတိပေးထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံအများစုမှာ ဧပြီ ပထမပတ်ကစလို့ အပူလှိုင်းဖြတ်သန်းနေပြီး လေထုညစ်ညမ်းမှု အန္တရာယ်ဆိုးရွားစွာရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံမှာ ဧပြီ တစ်လလုံးနီးပါး ဆုန်ကရန်သင်္ကြန်ပွဲတော် ကျင်းပမှာဖြစ် လို့ အပူကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးသတိပေးချက်တွေကို နေရာ တော်တော်များများမှာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG