သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ဘိန်းကျေးရွာကို စစ်ကောင်စီစစ်ကြောင်းထိုးပစ်ခတ်၊ အရပ်သားတဦးသေဆုံး


မွန်နဲ့ကရင်ပြည်နယ်စပ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူစဥ်။ (မတ်လ ၂၅၊ ၂၀၂၄/Lion Battlian)
မွန်နဲ့ကရင်ပြည်နယ်စပ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူစဥ်။ (မတ်လ ၂၅၊ ၂၀၂၄/Lion Battlian)

မွန်ကရင်နယ်စပ် ကော့ဘိန်းကျေးရွာကို ဧပြီ ၂၅ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်ပစ်ခတ်လို့ ရွာမှာလက်ကျန်ရှိနေတဲ့ ဒေသခံတွေ ထပ်မံထွက်ပြေးကြရပါတယ်။ ပစ်ခတ်မှုကြောင့် ထွက်ပြေးတဲ့ကျေးရွာသားတွေထဲက အမျိုးသမီးတဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဧပြီ ၂၅ ရက် မနက်အစောပိုင်းက မွန်-ကရင်နယ်စပ် ကော့ဘိန်းကျေးရွာကို အင်အား ၅၀ ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ရွာမှာကျန်ရှိနေတဲ့ ဒေသခံတွေ ထပ်မံ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီက သေနတ်နဲ့ပစ်ခတ်လို့ ၂၄ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ ရွာခံတဦးက ဗွီအိုအေ ပြောပါတယ်။

“သူတို့ပစ်လို့ လူတယောက်သေသွားတယ်။ သေဆုံးသူရဲ့အမေက ပြောတယ်။ ကျမတို့ အရပ်သားတွေပဲ၊ (မပစ်နဲ့ပေါ့)။ သူတို့ပစ်လို့ ဆိုင်ကယ်မောင်းတဲ့သမီးက ချက်ချင်းသေသွားတယ်။ ကျမတို့ လူကောင်းကောင်းတွေပါ၊ သာမန်အရပ်သားတွေပဲ မပစ်ပါနဲ့ဆရာ လို့ သူ့အမေက ပြောနေရင်းနဲ့ပဲ သူတို့ပစ်ခတ်လိုက်တာ သေတယ်။ ရွာလယ်မှာပဲ။ ဒီဘက်က သေနတ်သံတွေ တအားကြားရလို့၊ သူက အဖွားအိမ်ဘက်တိမ်းရှောင်မလို့ သွားတယ်။ မနက် ၅ နာရီ ၂၀ မိနစ်ကတည်းက ဒုန်း ဒုန်း ဒုန်း ပစ်ခတ်သံတွေ ကြားနေရတယ်။ ရပ်ကွက်တွေမှာ အသံအကျယ်ကြီးကြားနေရတယ်။ စစ်ကောင်စီက ပစ်တာ။ အခုက စစ်ကောင်စီက ထွက်သွားပြီး နေ့ခင်းပိုင်းကတည်းက ထွက်သွားတယ်။ ရဲစခန်းမှာ ဘယ်သူမှမရှိဘူး။ အရင်ကတည်းက အဆောက်အဦးတွေ ဖျက်ဆီးခံလိုက်ရတာ။” ဆိုပြီး မွန်ဘာသာစကားနဲ့ ပြောဆိုသွားတာပါ။

ဧပြီ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကော့စွယ်ကျေးရွာက တဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ သေဆုံးသူက အမျိုးသမီးဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က ကော့ဘိန်းရဲစခန်းကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပါဝင်တဲ့ မွန်ကရင်တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီဘက်က ရေကြောင်း၊ လေကြောင်း အသုံးပြုပြီး နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေသလို နှစ်ဘက်ပစ်ခတ်မှုတွေလည်း မကြာခဏဖြစ်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။

ဧပြီ ၂၅ ရက်နေ့မနက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်ချိန်၊ အဝတ်တထည်ကိုယ်တခုနဲ့ ချက်ချင်းဆိုသလို ဘေးလွတ်ရာကို ထွက်ပြေးလာကြသူတွေ များတယ်လို့ စစ်ရှောင်ကူညီပေးနေသူတဦးက ပြောပါတယ်။

“စကစအဖွဲ့တွေ သူတို့ဝင်တာနဲ့ (သေနတ်ကို)မြှောက်မပစ်ဘဲနဲ့ ဒီလူတရပ်စာလောက်ပဲ ရမ်းသမ်းပစ်တယ်ပေါ့- အဲ့လိုမျိုး။ ထပ်ပြီးတော့ ရှောင်ပြေးရတယ်။ လွန်ခဲ့တဲ့ ၃ ရက်က စပြီးပြေးကြတယ်။ ဒီနေ့ကတော့ ရွာလုံးကျွတ်ပေါ့။ ထွက်ပြေးလာတယ်။ အရင်တုန်းက တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ ခု တလကျော်ကျော်ပေါ့။ အခု အဲ့မှာ စစ်ကောင်စီတွေရောက်လာတာနဲ့ ရွာသားတွေကြောက်ကြတယ်ပေါ့။ ကြောက်ရင်းနဲ့ ထွက်ပြေးလာတာ အဲ့လိုမျိုး။ သူက အဲ့ဒီမှာ ပစ်တာနဲ့ ၅ နာရီ ဝန်းကျင်းလောက်ပဲ။ ၅ နာရီမထိုးခင်ပေါ့။ တချို့လူက အိပ်ရာထတာနဲ့ ကမန်းကတန်း ပြေး၊ ဘာမှမရလာတာလည်း ရှိတယ်။ ကော့ဘိန်း၊ ကော့ပေါက်၊ မင်းရွာ၊ ကော့ပလိုင်၊ ကော့မိတ်၊ စစ်ပြေး ၁၀ ရွာလောက်ရှိတယ် အဲ့လိုမျိုးရှောင်နေတာ။”

ကော့ဘိန်းရွာကို ပစ်ခတ်ဝင်လာတာနဲ့ပတ်သက်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။ စစ်ကောင်စီ အားပေးထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ ကော့ဘိန်းနယ်မြေရဲစခန်းကို ပြန်လည်သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းနေတယ်လို့ ဓာတ်ပုံနှင့်တကွ ဖော်ပြထားပါတယ်။ NMSP-AD အဖွဲ့ ပြောခွင့်ရသူကတော့ ကော့ဘိန်းနယ်မြေရဲစခန်းကနေ သူတို့တပ်ဖွဲ့ဝင်တွေ ယခင်ကတည်းက ဆုတ်ခွာပြီးသားဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG