သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်လမြိုင်မြို့ အဝင်အထွက် လုံခြုံရေးတင်းကြပ်


ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာက ရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ခဲ့ (မတ် ၂၅၊ ၂၀၂၄)
ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာက ရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ခဲ့ (မတ် ၂၅၊ ၂၀၂၄)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အဝင်အထွက် မြို့ပြင်နေရာတွေမှာ စစ်ကောင်စီအဖွဲ့တွေ စစ်ဆေးရေး တင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးပူးပေါင်း အဖွဲ့တွေ သိမ်းပိုက်ပြီးနောက် မြို့အဝင်အထွက်တွေ အခုလို တင်းကြပ်ထားတာလို့ ဒေသခံတွေက ယူဆနေကြပါတယ်။ နောက်ဆုံးအခြေအနေကို မဆုမွန်က ဆက်ပြောပြပါမယ်။

မော်လမြိုင်မြို့ အဝင်အထွက် မြို့ပြင်နေရာတိုင်းမှာ စစ်ကောင်စီအဖွဲ့တွေ စစ်ဆေးရေး တင်းကြပ်ထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ မြို့တွင်းအသွားအလာကတော့ ပုံမှန်အတိုင်းပဲ ဆက်ပြီးရှိနေတယ်လို့လည်း ပြောပါတယ်။

"မြို့အဝင်တွေဆို ရန်ကုန်ဝင်တဲ့အပေါက်၊ ရန်ကုန်ကနေ သံလွင်တံတားဖြတ်မယ်၊ အဲဒီအပေါက်ရှိမယ်။ နောက်တပေါက်က ကျိုက်မရော၊ ကျိုက်မရောဘက်ကလာတဲ့ မြို့အဝင်ပေါက်။ နောက်တော့ အခုတိုက်ပွဲဖြစ်တဲ့နေရာ တရနာ၊ ကော့ဘိန်း-တရနာ အဲဘက်ကနေဝင်ရင် သံလွင် အတ္ထရံတံတားကို ဖြတ်ပြီးဝင်လာရတာ အဲဒီဘက်နေရာရှိမယ်။ မော်လမြိုင်မြို့ပြင်ဆို မုဒုံ-သံဖြူဇရပ်-ရေးဘက်ထွက်တဲ့ မြို့ပြင်ဘက်၊ နောက်တော့ ချောင်းဆုံ။ အဲဒီဘက်တွေမှာပဲ ကြပ်တာ၊ မြို့ထဲမှာတော့ မကြပ်ဘူး။"

မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာက ရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ မတ်လ ၂၅ ရက်၊ မနေ့တုန်းက သိမ်းပိုက်ပြီးနောက်မှာ အခုလို မြို့အဝင်အထွက် တင်းကြပ်လာတာလို့ ပြောပါတယ်။ စစ်ဆေးရေး တင်းကြပ်ထားလို့ လမ်းအသွားအလာ ကြပ်နိုင်တဲ့ နေရာတွေကိုလည်း ဒေသခံက အခုလိုပြောပါတယ်။

"လမ်းပိုင်း အသွားအလာတွေက ဘယ်မှာသွားကြပ်မလဲဆိုတော့ ကျိုက်မရော အတ္ထရံတံတားဘက်မှာ ကြပ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ဘေးရှောင်တွေက မြို့ပေါ်ကို ပြေးလာကြတာ။ နောက်တခုက ရန်ကုန်အဝင်အထွက်၊ နောက်တော့ ရေး-သံဖြူဇရပ်အပေါက် အဲဒီဘက်လည်း ကြပ်မယ်။ ဟိုးနေ့က တိုက်ပွဲတွေလည်း ဖြစ်ထားတော့ အဲဒီဘက် အပေါက်တွေကတော့ အရမ်းကြပ်မယ်။"

မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးတဲ့နောက် မတ်လ ၂၅ ရက် ညနေပိုင်းလောက်ကတည်းက တရနာကျေးရွာကို စစ်ကောင်စီတပ်တွေ အင်အားများများနဲ့ စစ်ကြောင်းထိုးလာပြီး စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ တရနာရွာခံက ပြောပါတယ်။ ရွာထဲ စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ကြောက်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်လို့ ပြောပါတယ်။

"စစ်သားလည်း တရနာမှာရှိတယ်။ စစ်ရေးတင်းမာတဲ့ သဘောမျိုးပေါ့နော်။ ကျနော်တို့လည်း လယ်ကွင်းမှာ ပုန်းနေရတာ။ တချို့တွေလည်း ရှောင်ကြတယ်။ တချို့ကျတော့ ဘုန်းကြီးကျောင်းမှာ တည်းတယ်။ အိမ်မှာရှိကြတာ နည်းတယ်။ ကျနော့်အထင်တော့ တယောက်၊ နှစ်ယောက်လောက်ပဲ ရှိမှာပေါ့။ ကော့ဘိန်းလိုမျိုး ဖြစ်မှာ စိုးရိမ်ကြတာပေါ့။"

ကော့ဘိန်းရဲစခန်းသိမ်း တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဂျိုင်းမြစ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံနေအိမ်၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေ ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီက အလားတူ တိုက်ခိုက်လာမှာကို တရနာရွာခံတွေက စိုးရိမ်ကြောက်ရွံ့ နေကြတာပါ။

ကော့ဘိန်းနဲ့ မော်လမြိုင်ကြားမှာရှိတဲ့ တရနာကျေးရွာ ရဲစခန်းမှာလည်း တိုက်ပွဲတွေဖြစ်နေလို့ ဒေသခံတွေက ထွက်ပြေးနေကြပါတယ်။ စစ်ကောင်စီအဖွဲ့တွေကတော့ စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ မော်လမြိုင်မြို့ အဝင်အထွက်ကိုတော့ ခါတိုင်းထက်ပိုပြီး တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ကရင်နယ်စပ် မော်လမြိုင်နဲ့ ကော့ဘိန်းက သတင်းတွေနဲ့ပတ်သတ်ပြီး စစ်ကောင်စီက တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG