သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နဲ့မွန်နယ်စပ် ရဲစခန်းသိမ်းတိုက်ပွဲကြား ဒေသခံ သောင်းနဲ့ချီပိတ်မိနေ


တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ ဒေသခံတွေ ထွက်ပြေးနေရ (မတ် ၂၅၊ ၂၀၂၄)
တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ ဒေသခံတွေ ထွက်ပြေးနေရ (မတ် ၂၅၊ ၂၀၂၄)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီက လက်နက်ကြီးတွေသာမက လေယာဥ်နဲ့ပါ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဒေသခံ လူဦးရေ သောင်းနဲ့ချီ ပိတ်မိနေပြီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတွေက ဗွီအိုအေကိုပြောပါတယ်။ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဘက်က လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းသိမ်းယူတဲ့စစ်ဆင်ရေးကို စစ်ကောင်စီက ပြန်ပြီးတုံ့ပြန်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို မမြသဇင်အောင်က ပြောပြမှာပါ။

မတ်လ ၂၄ ရက် မနက်ပိုင်းလောက်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့ ဝင်ရောက် တိုက်ခိုက်ရာက နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့ ဒီကနေ့အထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ ကော့ဘိန်းရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီတပ်က ဂျိုင်းမြစ်ပေါ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးကျည်တွေ ပစ်ခတ်လာတဲ့အပြင် လေကြောင်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကော့ဘိန်းရွာခံ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“လေယာဉ်နဲ့လည်း ပစ်တယ် သင်္ဘောနဲ့ပစ်တယ်၊ စစ်တပ်ကပေါ့။ တိုက်ပွဲကအကြီးအကျယ်ပဲ ပြောရမယ်။ အကြီးအကျယ်ဖြစ်နေ ၂ရက်ရှိပြီး။ ဟို…ရဲစခန်းအနားမှာ ဖြစ်နေတယ်။ ကရင်တော်လှန်ရေးရော မွန်ရော သူတို့်အဲ့မှာဖြစ်နေတယ်။”

စစ်ကောင်စီတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေအကြား ကော့ဘိန်းနယ်မြေရဲစခန်းမှာ နှစ်ဖက်ပစ်ခတ်မှု တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) အဖွဲ့ က ဗွီအိုအေကို အတည်ပြုပါတယ်။

“တိုက်ပွဲကတော့ ဖြစ်နေဆဲဖြစ်တယ်။ ဟိုဘက်ကတော့ လေယာဉ်နဲ့ ဗုံးလာကြဲတာရှိတယ်။ နောက်ပြီးတော့ သင်္ဘောကနေပြီးတော့ အမြောက်နဲ့ပစ်တာတော့ ရှိတယ်။ ဒီရွာထဲကို ပစ်တာတော့ရှိပါတယ်။”

ကော့ဘိန်းတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ကော့ဘိန်းရွာခံတဦးက ဒီကနေ့ နေ့ခင်းပိုင်းအထိ ဘေးလွတ်ရာကို ထွက်ပြေးလို့မရဘဲ ပိတ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ပုန်းနေတယ်ပေါ့ ဘယ်လိုလုပ်ရမလဲ ထွက်လို့မရတော့ဘူး။ လေယာဉ်နဲ့ ဗုံးကြဲနေတယ်။ သူတို့ က မှန်ချင်ရာမှန်ဆိုပြီး ပစ်နေတာ။ အဒေါ်ကြီးတို့က ထွက်လို့မရတော့ဘူး။ တချို့ထွက်ပြေးလို့ရတဲ့ သူတွေက ထွက်သွားကုန်ပြီး။ လေယာဉ်က တွေ့သမျှ ပစ်နေတော့ ရှိတဲ့နေရာမှာ ပုန်းနေမှပဲ ရမယ်၊ ဘေးလွတ်ရာကို ထွက်ပြေးမရတော့ အဲ့မှာပဲ ပုန်းနေတယ်၊ ထွက်မရဘူး။”

ကော့ဘိန်းကျေးရွာဟာ အိမ်ခြေ ၃,၀၀၀ လောက်ရှိပြီး လူဦးရေ သောင်းနဲ့ချီ နေထိုင်တဲ့ ရွာကြီး တရွာပါ။ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးသွားသူတွေရှိသလို လက်ရှိ တိုက်ပွဲတွေကြား ရွာခံတွေ ပိတ်မိနေပါတယ်။ လေယာဉ်ပစ်ခတ်သံတွေကြား ရွာထဲမှာ ဘဝလုံခြုံမှုမရှိဘဲ ကတုတ်ကျင်းထဲမှာ ပုန်းခိုးနေရတဲ့အကြောင်း နောက်ထပ် ပိတ်မိနေသူ တစ်ဦးက ခုလို ပြောပါတယ်။

“ပိတ်မိနေတယ် အခုက ထွက်လို့မရဘူးဖြစ်နေတယ်။ စစ်သင်္ဘောကနေလည်းလာတယ်။ အိမ်တွေ ထိတယ်ပေါ့ တော်တော်များများထိတယ်။ (ရွာထဲမှာ ပိတ်မိနေသူ) လူတစ်သောင်း ကျော်သေးတယ် ဒီမှာ ရှိနေတယ်။ ရှောင်သွားတဲ့လူက တစ်ပုံလောက်ပဲ ရှိနေတယ်ပေါ့။ ဒီမှာ သုံးပုံလောက် ကျန်နေတယ်ပေါ့ အဲ့ဒီလိုပေ့ါ။ အင်း… အခုကလုံခြုံမှုလည်း သိပ်မရှိဘူး ။ ကတုတ်ကျင်း ကျင်းထဲနေရတယ်ပေါ့။ လေယာဉ်လည်း ကြောက်ရတယ်။ လေယာဉ်က မနက်ပိုင်း တစ်ခါလာပြီးပြီ၊ အခုလည်း လာနေတုန်း၊ အခုနည်းနည်း အသံတိတ်သွားတယ်။ အခု ၁၂ နာရီတုန်းက ပစ်ခတ်ပြီး၊ အခုက ဘယ်ရွာကို ဖောက်မလဲ မသိသေးဘူး။ ပေါက်တယ် ပစ်တယ် သူတို့က စက်သေနတ်နဲ့ လည်း နေတယ်၊ ဗုံးလည်း ကြဲတယ်။”

လေယာဉ်နဲ့ ဗုံးကြဲ ပစ်ခတ်မှုကြောင့် မနေ့ကနေ ဒီကနေ့ နေ့ခင်းပိုင်းအထိ အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကော့ဘိန်းလူမှုကယ်ဆယ်ရေးအသင်းက ဗွီအိုအေကို ပြောပါတယ်။

“ရပ်ရွာတွေက ခွေးပြေး ဝတ်ပြေးလိုမျိုးပဲပေါ့။ မနက်ပိုင်းကတော့ ကျနော်တို့ ထွက်ပြေးတဲ့အချိန်မှာ သူတို့က လေယာဉ်ပေါ်မှာ ဝဲပြီးတော့ ကျည်တွေ ပစ်ချလာတယ်ပေါ့။ လယ်ကွင်းမှာ အဲ့ဒါနော် ရွာထဲမှာ မဟုတ် လယ်ကွင်းမှာ ရှောင်တဲ့လူတွေ (တချို့က)ဆိုင်ကယ်စီး၊ (တချို့က) လမ်းလျှောက်တဲ့သူလျှောက် သူတို့ပစ်ပြီးတော့ မှောက်ကြ ဆိုင်ကယ် လဲကြတဲ့လူလည်း ရှိတယ်။ ဒဏ်ရာရတဲ့လူရှိတယ်ပေါ့။ ဒီနေ့ကတော့ (ဒဏ်ရာရသူ)တစ်ယောက်ရှိတယ်ကြားတယ်။ မနေ့ကတော့ လေးယောက်၊ အမေနဲ့သူ့သား အဲ့ဒါဆရာမလေး ဗိုက်ထဲမှာ ထိသွားတယ်၊ သူ့အမေက သူက လက်မှာ ရှသွားတယ်။ အဲ့ဒါက တရနာဆေးရုံးမှာ ပို့ထားရတယ်ပေါ့။ ဒီနေ့က တစ်ယောက် မနေ့က လေးယောက်ပေါ့။”

တိုက်ပွဲကြောင့် ကော့ဘိန်း၊ ကော့ပေါက်၊ ဘုရားကြီး၊ ကော့ကရိတ်၊ လိမ္မောကုန်း၊ နောင်ခေတ်နဲ့ ကော့ပလိုင် စတဲ့ ကျေးရွာ ၇ ရွာထက်မနည်း ခန့်မှန်းချေ လူဦးရေ လေးသောင်းကျော် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ စောင်၊ အဝတ်အထည် တွေ အနည်းအကျဉ်းသာ ယူဆောင်နိုင်ကြတာကြောင့် ကာလကြာရှည် တိမ်းရှောင်ရပါက အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့လာနိုင်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG