သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်အနီး နောက်တကြိမ် တရုတ်စစ်ရေးလေ့ကျင့် 


မြန်မာနိုင်ငံနဲ့ နယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှု (ဓာတ်ပုံ-PLA)
မြန်မာနိုင်ငံနဲ့ နယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှု (ဓာတ်ပုံ-PLA)

လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်အနီး တရုတ်စစ်တပ်က ဒီလထဲမှာ ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်မှုတွေ စတင်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းပြီး၊ အပစ်အခတ် ရပ်စဲဖို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပြီး နောက်တနေ့မှာ စတင်လိုက်တာပါ။ မြန်မာနယ်စပ်အနီး တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ ခပ်စိတ်စိတ်လုပ်လာတဲ့အပေါ် အကဲခတ်တွေရဲ့ သုံးသပ်ချက်နဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစည်သူ တင်ပြထားပါတယ်။

မြန်မာနဲ့ ထိစစ်နေတဲ့ ယူနန်ပြည်နယ် နယ်စပ်တကြောမှာ PLA ရဲ့ တောင်ပိုင်းစစ်ဒေသ ကွပ်ကဲရေးက မြေပြင်၊ ဝေဟင်ပေါင်းစပ်ထားတဲ့ လက်နက်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုတွေကို စတင်နေပြီလို့ တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။ ဒါဟာ အခုဧပြီလထဲမှာ ဒုတိယအကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။

တရုတ်ရဲ့ စေ့စပ်ပေးမှုနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ရဲ့ အခြေအနေက မီးခဲပြာဖုံး အခြေအနေတခုဖြစ်ပြီး ဘယ်အချိန် စစ်ပွဲဖြစ်မယ်ဆိုတာ ခန့်မှန်းလို့မရကြောင်း ရှမ်းမြောက်က ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒေသခံတချို့ကတော့ စစ်ကောင်စီဟာ လားရှိုးမြို့ကို စစ်အင်အားတွေ တဖြည်းဖြည်း ထပ်ဖြည့်နေတယ်လို့ ပြောပါတယ်။ တရုတ်ကတော့ နယ်စပ်မှာ စစ်ရေးမကြီးထွားလာအောင် ထိန်းထားတဲ့ပုံစံရှိကြောင်း ဒေသခံတချို့က ပြောပါတယ်။

တရုတ်ရဲ့ စစ်ရေး ပြင်ဆင်၊ လေ့ကျင့်မှုဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ပဋိပက္ခအခြေအနေကို မှန်းဆလို့ရနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှု (ဓာတ်ပုံ-PLA)
မြန်မာနိုင်ငံနဲ့ နယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှု (ဓာတ်ပုံ-PLA)

" သင်္ကြန်အလွန်မှာ ကျနော်ထင်တာက နယ်စပ်ဒေသ အရှေ့မြောက် ရှမ်းပြည်တဝိုက်မှာ စစ်ရေးတင်မာမှုတွေ ထပ်ပြီး ပေါ်ပေါက်လာနိုင်တယ်လို့ သူတို့ မှန်းဆချက်အပေါ်မှာ မူတည်ပြီးတော့ ဒီနေ့ ဒီလှုပ်ရှားမှုကို (တရုတ်က) လုပ်လာတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီအထဲမှာ လေကြောင်းကနေပြီးတော့ ကာကွယ်မှုတွေပါ သူတို့လုပ်မယ်ဆိုတဲ့ အခါကြတော့ အထူးသဖြင့် ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကြားထဲမှာ စစ်ရေးအရ တင်းမာမှုတွေ ပြန်ပြီးဖြစ်လာနိုင်တဲ့ အခြေအနေ ရှိတဲ့အတွက် သူတို့ဘက်ကနေ ဒီလိုလှုပ်ရှားမှုတွေ လုပ်လာတယ်လို့ ကျနော်ယူဆပါတယ်။"

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်ရဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုဆိုတာကလည်း သေချာရေရာတဲ့ အခြေအနေမျိုးမဟုတ်သလို၊ လားရှိုးမှာလည်း စစ်ကောင်စီဘက်က စစ်အင်အား တိုးချဲ့နေတဲ့ အခြေအနေဟာ သင်္ကြန်အလွန်မှာ ပဋိပက္ခကို ဦးတည်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်က တရုတ်ဘက်မှာ ရှိနိုင်ကြောင်း သူကပြောပါတယ်။

လောက်ကိုင်နဲ့ ကွမ်းလုံက ဆုတ်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ လားရှိုးမှာပဲ အထိုင်ချထားကြောင်း ရှမ်းမြောက်က ဒေသခံတချို့က ပြောပါတယ်။ မူဆယ်က စစ်ကောင်စီတပ်ဟာလည်း နမ့်ခမ်း၊ မိုင်းခေး၊ မုန်းကိုး၊ ၁၀၅မိုင် စတဲ့ဒေသတွေက ဆုတ်ခွာသွားတဲ့တပ်တွေနဲ့ ပူးပေါင်းထားပါတယ်။ ဒါကြောင့် စစ်အင်အား တိုးချဲ့နေလားဆိုတာ မပြောနိုင်ပေမဲ့ ပြည်သူ့စစ်တွေကိုတော့ လားရှိုးနဲ့ မူဆယ်မှာ စုဆောင်း သင်တန်းပေးတာတွေ ရှိကြောင်း ဒေသခံတချို့က ပြောပါတယ်။ လက်ရှိ အခြေအနေကတော့ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်တွေက ရှမ်းမြောက် နယ်စပ်နားက မြို့တွေမှာ နယ်မြေစိုးမိုးထားကြောင်း ဒေသခံတဦးက ပြော့ပါတယ်။

" အခုအချိန်အထိတော့ လာရောက်တိုက်ခိုက်တာတော့ မရှိဘူးပေါ့နော်၊ (စစ်ကောင်စီရှိတဲ့) မူဆယ်မြို့နဲ့ ၃မိုင်အကွာလောက်အထိတော့ ပူးပေါင်းအဖွဲ့က စိုးမိုးထားတာပေါ့။ ကျင်စန်းကျော့ လမ်းခွဲလောက်အထိ စိုမိုးထားနိုင်တယ်ပြောတာ။ ပြီးရင် ၄၅၆၁ ဆိုတာက နာမည်ကျော်ပါပဲ မြန်မာသမိုင်းမှာ အရင်တုန်းက ဗကပခေတ်တုန်းက အဲဒီတောင်ကုန်းကနေ တပ်စခန်းထိုင်ပြီး လက်နက်ကြီးတွေ ပစ်တဲ့နေရာပေါ့ အဲဒီ ဘက်မှာလည်း ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားတာပေါ့။ ဟိုဘက် နမ့်ခမ်းဘက်ကို သွားမယ်ဆိုရင်လည်း ဆယ်လန်း (Selan) မှာ သူတို့စိုးမိုးထားနိုင်တာပေါ့။ ဆယ်လန်းနဲ့ မူဆယ်ကြားမှာ ပန်ခမ်းတံတားရှိမယ်၊ ပန်ခမ်းတံတားဟိုဘက်မှာ တပ်ကစိုးမိုးထားနိုင်သေးတယ်ပေါ့။ ဆိုလိုတာက အရပ်လေးမျက်နှာမှာ တဖက်ကတော့ တရုတ်ဖြစ်တယ်၊ ကျန်တဲ့ သုံးဘက်ကတော့ ပူးပေါင်းတပ်ဖွဲ့က သူတို့စိုးမိုးထားနိုင်တယ်လို့ ပြောလို့ရတာပေါ့။"

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တရုတ်သံအမတ်ကြီး Mr. Chen Hai နဲ့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဗိုလ်ချုပ်ကြီးမိုးအောင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ချိတ်ဆက်ဖော်ဆောင်ရေးနဲ့ မြန်မာပြည်တွင်း အခြေအနေတွေကို ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အခုတကြိမ် စစ်ရေးလေ့ကျင့်မှုဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ အခုလ ဧပြီလစောပိုင်းမှာ ၂ရက်တာ စစ်ရေးလေ့ကျင့်မှုကို တရုတ်-မြန်မာနယ်စပ်၊ တယ်ဟုန်ရှမ်းနှင့် ဂျိန်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဒေသ၊ လုံချွမ်ခရိုင်ထဲမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့စတင်တဲ့ စစ်ရေးလေ့ကျင့်မှုကိုတော့ နေရာအတိအကျ မပြောထားသလို ဘယ်နေ့အထိ ပြုလုပ်သွားမယ်ဆိုတာလည်း ထုတ်ပြန်ချက်ထဲမှာ အသေးစိတ် ကြေညာထားတာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG