သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှေ့သီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ်ပြန်ပို့မည်


ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ကော့ဘဇားခရိုင်ထဲမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ခိုလှုံလာတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ထိန်းသိမ်းထားတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - AFP)
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ကော့ဘဇားခရိုင်ထဲမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ခိုလှုံလာတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ထိန်းသိမ်းထားတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - AFP)

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံတဲ့ နယ်ခြားစောင့်တပ်နဲ့ စစ်တပ်အရာရှိ ၂၀၀ လောက် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေသလို မြန်မာဘက်က ဖမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ကျော်ကိုလည်း ပြန်ပို့ပေးဖို့ တောင်းဆိုထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mohammed Hasan Mahmud က ပြောဆိုထားပါတယ်။ ထွက်ပြေးခိုလှုံတဲ့ နယ်ခြားစောင့်တပ်နဲ့ စစ်တပ်အရာရှိ တွေအခြေအနေ ဘယ်လိုရှိနေပါလဲ။​ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြမှာပါ။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (BGP) နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အယောက် ၁၈၀ကျော်ကို လာမယ့်သတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ဘင်္ဂလားဒေရှ်ဘက်က ပြင်ဆင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က ပြောဆိုတဲ့အကြောင်း ဘင်္ဂလားဒေရှ်သတင်းဌာန BSS ကဖော်ပြ ထားပါတယ်။

ဒီလိုပြန်ပို့တဲ့အပေါ်မှာ မြန်မာကလည်း သူတို့ဖမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ ကို ပြန်ပို့ပေးဖို့ ဘင်္ဂလား‌ဒေ့ရှ်ဘက်က တောင်းဆိုထားပါတယ်။ မြန်မာကနေ ပြန်ပို့ပေးဖို့ တောင်းဆိုထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ရခိုင်ဒေသတွင်းမှာဖမ်းဆီးခံထားရတဲ့ သူတွေဖြစ်တယ်လို့ ရိုဟင်ဂျာအရေး ကူညီလှုပ်ရှားပေးနေသူတဦးဖြစ်တဲ့ ကိုတင်စိုးက ဗွီအိုအေကိုခုလိုပြောပြပါတယ်။

ဒီလူတွေကို အရင်အခေါက်တွေတုန်းကလိုဘဲ သင်္ဘောနဲ့ ပို့ဆောင်ဖို့ပြင်ဆင်ထားသလို မြန်မာကနေပြန်ပို့ပေးမယ့် သူတွေကိုလည်း သင်္ဘောနဲ့ဘဲ ပြန်ခေါ်လာနိုင်ဖွယ်ရှိတယ်လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်လာရာက မကြာသေးခင်လတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးနေကြတာပါ။ ထွက်ပြေးသွားတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေနဲ့ နေရပ်ပြန်ပို့မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရကို မေးမြန်းဖို့ အကြိမ်ကြိမ်ဖုန်းခေါ်ပေမယ့် ပြန်ဖြေတာမရှိပါဘူး။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း ပြန်ပို့ပေးဖို့ တောင်းဆိုထားတဲ့ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသားတွေနဲ့ပတ်သတ်လို့ မေးမြန်းဖို့ အကြိမ်ကြိမ် ဖုန်းခေါ်ပေမယ့် လက်ခံဖြေဆိုတာမျိုး မရှိပါဘူး။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ လအတွင်းမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်မြို့ထဲက နိုင်ခေါင်ချာရီ ဒေသထဲ ဝင်ရောက်လာတာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အရပ်ဝတ်နဲ့ အမှုထမ်း ၂၉ ဦး ရောက်လာပြီး နောက်ထပ် အယောက် ၁၅၀ ခန့် ညနေပိုင်းမှာ ထပ်မံရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒီလူတွေထဲမှာ ဒဏ်ရာရသူတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။ သူတို့အခြေအနေနဲ့ပတ်သတ်လို့ ကိုတင်စိုးက အခုလို ဆက်ပြောပါတယ်။

“Refugee camp ထဲမှာ Transit point တွေရှိတယ်။ အဲနေရာမှာထားတယ်။ ပထမတခေါက်လိုပေါ့၊ သူတို့လွှတ်မယ်ဆိုရင် Cox’s Bazar ဘက်ကိုခေါ်သွားမယ်။ သူတို့က မထားချင်တော့ဘူး၊ ထားရင်အဲလူတွေအတွက် လုံခြုံရေးပေးရတယ်။ စားစရိတ်တွေ ပေးရတယ်လေ။ ဆေးတွေ ကုပေးရတယ်။ အဲတော့ ဒီကောင်တွေ မလုပ်ချင်တော့ဘူး။ သူတို့ကို Special treatment လုပ်ပေးတယ်။”

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေတာမှာ လက်နက်ကြီးကျည်တစ်လုံး ဘင်္ဂလားဒေ့ရှ်ဘက် ကျရောက်ခဲ့ပြီး၊ နယ်စပ်မှာရှိတဲ့ ဒေသန္တရကောင်စီ အဖွဲ့ဝင်တစ်ဦးကို ထိမှန်ခဲ့တယ်လို့လည်း သတင်းတွေမှာဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သတ်လို့ စစ်ကောင်စီဘက်က တစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။

ဖေဖော်ဝါရီ ၄ ရက်နဲ့ ၁၀ ရက်အကြားမှာလည်း ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင် ၃၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခိုလှုံခဲ့တာရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ရက်မှာတော့ အဲဒီလူတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်က စစ်ကောင်စီရေတပ်သင်္ဘောတွေပေါ်ကို ပြန်လည်လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်ပါတယ်။

Forum

XS
SM
MD
LG