သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မင်းတပ်မြို့မှာ အချိန်အခါမဟုတ် မိုးသည်း၊ လေပြင်းတိုက်


 မင်းတပ်မြို့မှာ အချိန်အခါမဟုတ် မိုးသည်း၊ လေပြင်းတိုက်လို့ နေအိမ်အများအပြားပျက်စီး (မတ် ၂၂၊ ၂၀၂၄)
မင်းတပ်မြို့မှာ အချိန်အခါမဟုတ် မိုးသည်း၊ လေပြင်းတိုက်လို့ နေအိမ်အများအပြားပျက်စီး (မတ် ၂၂၊ ၂၀၂၄)

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့သလို လူထိခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ လာမယ့်ရက်တွေအတွင်း မိုးရွာသွန်းနိုင်ခြေ ဆက်ရှိနေသေးတယ်လို့လည်း မိုးဇလက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲမှာ မတ်လ ၂၁ ရက်၊ မနေ့ မနက်ပိုင်းက မိုးရွာသွန်းပြီး ညနေပိုင်းကစလို့ လေပြင်း တိုက်ခတ်ခဲ့တာပါ။

လေပြင်းတိုက်ခတ်တဲ့အရှိန်ကြောင့် လူနေအိမ်တွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး လူထိခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပြပါတယ်။

“အိမ်ခေါင်မိုးတွေလန်တယ်။ တချို့ဆိုရင် သွပ်မိုးတွေလန်တာတင်မဟုတ်ဘဲနဲ့ ချုပ်တန်းတွေပါ တခါတည်းပါသွားတာပေါ့။ တချို့ဆို အုတ်နံရံတွေပါ ပြိုသွားတာတွေပါ ရှိတယ်။ အိမ်ခေါင်မိုးတွေ ပါသွားတယ်။ သစ်ပင်တွေလဲတယ်။ စသဖြင့်ပေါ့။ တော်တော်ပြင်းပြင်းထန်ထန်ပဲ။ လမ်းတွေပိတ်တယ်။ နွေခေါင်ခေါင်မှာ ရုတ်တရက်ကြီး မိုးရွာပြီး လေမုန်တိုင်းတိုက်တယ်ဆိုတာ ရှားလည်း ရှားတာပေါ့။ ကျွန်တော်တို့ တိုက်နယ် ၁-၂-၃-၄ မှာရှိတဲ့ နေရာ တော်တော်များများတော့ ပျက်စီးကြတယ်။ ကျေးရွာပေါင်း ၄၀-၅၀ တော့ရှိမယ်ခင်ဗျ။ အိမ်ခြေပေါင်း ရာနဲ့ချီတယ် ဆိုတော့လေ။ အိမ်တအိမ်ကို အကြီးအကျယ်ပျက်စီးတာဆိုတော့ လူထိခိုက်ဒဏ်ရာ ရတာတော့ရှိတယ်။ သွပ်မိုးရှတာ၊ တချို့က ညကြီးမင်းကြီး အိမ်တွေပြိုလာတော့ ပြေးရ လွှားရ ပုန်းရတာဆိုတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်။ သေဆုံးတယ်လို့တော့ မကြားမိဘူးခင်ဗျ။”

မင်းတပ်မြို့မှာ အချိန်အခါမဟုတ် မိုးသည်း၊ လေပြင်းတိုက်လို့ နေအိမ်အများအပြားပျက်စီး (မတ် ၂၂၊ ၂၀၂၄)
မင်းတပ်မြို့မှာ အချိန်အခါမဟုတ် မိုးသည်း၊ လေပြင်းတိုက်လို့ နေအိမ်အများအပြားပျက်စီး (မတ် ၂၂၊ ၂၀၂၄)

လူထိခိုက်ပြီး နေအိမ်တွေ ပြိုကျပျက်စီးတာကြောင့် ဒေသခံတွေမှာ နေထိုင်ရေးအတွက် အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်လည်ပြုပြင်ဖို့ သွပ်မိုးတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒါ့အပြင် အခုလို အချိန်အခါမဟုတ် မိုးရွာသွန်းတာကြောင့် စစ်ကိုင်းတိုင်းထဲက တောတောင်တွေထဲ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေမှာလည်း နေထိုင်စားသောက်ရေး အခက်အခဲတွေရှိနေပါတယ်။

အခုလို အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်တာဟာ အနောက်လေနဲ့အတူ ပါလာတဲ့ မိုးတိမ်းတိုက်တွေအပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာရှိတဲ့ မိုးတိမ်တောင်တွေကြောင့် ဖြစ်တယ်လို့ မိုးဇလဌာနက ပြောပါတယ်။ မြန်မာနိုင်ငံနေရာ အနှံ့မိုးရွာသွန်းနေတာဖြစ်ပြီး ရက်ပိုင်းအတွင်း မိုးရွာသွန်းတာ လျော့နည်းသွားမယ်လို့ မိုးဇလဌာနက တာဝန်ရှိသူက အခုလို ပြောပါတယ်။

“အဓိက သတိထားဖို့ လိုတယ်ဆိုတာက မိုးက ကြမ်းကြမ်းတမ်းတမ်း ရွာတာမဟုတ်ဘူး။ ဒီမှာရွာတာက မိုးတွင်းလိုတော့ မိုးအများကြီး ရွာတာမဟုတ်ဘူး။ ဒီမိုးနဲ့ သီးနှံတွေ ပျက်စီးသွားနိုင်တယ်ပေါ့နော်။ မိုးက အခုလက်ရှိပေါ့ ၂၂-၂၃ လောက်ဆို နည်းနည်းလျော့သွားမယ်။ အခုတောင် နည်းနည်းလျော့နေပြီ။”

မတ်လ ၂၂ ရက်၊ ဒီကနေ မိုးဇလထုတ်ပြန်ချက်မှာတော့ လာမယ့် ရက်တွေအတွင်း ချင်းပြည်နယ် ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးတွေမှာ မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG