သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီးတိန်အနီး စစ်ကောင်စီစခန်း ချင်းကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်


Tedim တီးတိန်
Tedim တီးတိန်

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က အချက်အချာကျတဲ့ သိုင်းငင်းကျေးရွာ စစ်တပ်စခန်းကို ချင်းပူးပေါင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့ အင်္ဂါနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း နှစ်ဘက် အကျအဆုံးရှိခဲ့တယ်လို့ လည်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ဘက်မှာလည်း စစ်တပ်ဘက်က နယ်မြေရှင်းလင်းနေတဲ့ အတွက် ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ ချင်းပြည်နယ်ထဲက စစ်တပ်စခန်းတွေတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ကိုစည်သူက ပြောပြပါမယ်။

စစ်ကိုင်းတိုင်းကနေ ချင်းပြည်နယ်ရဲ့ ဝင်ပေါက်ဖြစ်တဲ့ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ လမ်းခွဲက စစ်တပ်နဲ့ရဲတပ်စွဲထားတဲ့စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ၅ ရက်ကြာတိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးတာတွေရှိခဲ့ပြီး စစ်တပ်ဘက်က သေဆုံးဒဏ်ရာရတာတွေရှိခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ စခန်းသိမ်းတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ CDM Siyin အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

“သိုင်းငင်းစခန်းကို ကျွန်တော်တို့ သိမ်းထားတယ်ခင်ဗျ။ ချင်းပြည်နယ် ၉ မြို့နယ်ရဲ့ အဝင်ပေါက်လို့ ပြောလို့ရမှာပေါ့။ အဓိက မဟာဗျူဟာကျတယ်။ ရှင်းလင်းရေးတွေ လုပ်တော့ မလုပ်နိုင်သေးဘူး။ ကျွန်တော်တို့လည်း လေကြောင်းကနေရယ် လက်နက်ကြီးသံတွေ စိုးရိမ်ရလို့ နည်းနည်းခွါထားတယ်ပေါ့နော်။ ကျွန်တော်တို့သေဆုံးက လောလောဆယ် ၉ ယောက်ရှိတယ်။ ဒဏ်ရာရတာက စာရင်းအတိအကျ မရသေးဘူး။ ၂၀ ဝန်းကျင်လောက်တော့ရှိတယ်။ (စစ်ကောင်စီဘက်က) အကုန်နီးပါးပါပဲ အရှင်ဖမ်းမရဘူး။ အသေအပျောက်တွေ အလောင်းတွေ တွေ့ထားတယ်။ အသေအပျောက်က ကျွန်တော်တို့ဘက်ကလည်း ရှိတယ်။ သူတို့ဘက်ကလည်း ရှိတယ်။”

စခန်းကို တိုက်ခိုက် သိမ်းပိုက်ချိန်နဲ့ သိမ်းပိုက်ပြီး စခန်းဝင်း နယ်မြေရှင်းလင်းနေစဉ်မှာလည်း စစ်တပ်ဘက်က လေကြောင်းအပြင် ကလေးမြို့ကနေပါ လက်နက်ကြီး ပစ်ကူတွေပါ သုံးပြီး တိုက်ခိုက်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

အဲ့ဒီစခန်းဟာ ကလေး-တီးတိန်-ဖလမ်း ကားလမ်းဆုံတဲ့ သိုင်းငင်းကျေးရွာမှာရှိတာဖြစ်ပြီး ကားလမ်းကို စိုးမိုးထားတဲ့ တောင်ကုန်း ၂ ခုကြားမှာ စစ်တပ်ကနေရာယူ တပ်စွဲထားတာဖြစ်ပြီးတော့ ကတုတ်ကျင်း အခိုင်အမာ တည်ဆောက်ထားပြီး ၆ ပေစီခြားထားတဲ့ ခြံစည်းရိုး အထပ်ထပ်ကာရံထားတဲ့အတွက် ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်ကလည်း တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်မှာရှိတဲ့ စစ်တပ်တပ်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။ လက်ရှိအချိန် ချင်းပြည်နယ်ထဲမှာ မြို့နယ် ၇ မြို့နယ်ကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထားပြီး ပြည်သူ့အုပ်ချုပ်ရေး စနစ်တွေ ဖော်ဆောင်နေပါတယ်။ ဒါက ချင်းပြည်နယ်ထဲက အခြေအနေပါ။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာလည်း စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒီပဲယင်း ဒေသခံတဦးက အခုလို ပြောပါတယ်။

“မနေ့ကဝင်လာတာ။ ရွာရှည် အောင်ချမ်းသာကို စစ်ကြောင်းထိုးနေတယ်။ အခုအောင်ချမ်းသာရွာကို ရောက်သွားပြီ။ သူတို့က ရေဦးကလာတာ ကန့်ဘလူနယ်ကနေဖြတ်လာပြီး ရေဦးမှာ အင်အားဖြည့်ပြီးတော့ ထွက်လာတာပေါ့။ ရေဦးနယ်ထဲက အောင်သာရွာကို မနေ့က တပ်စွဲတာပေါ့ ဒီကနေ့မနက်မှ ရွာရှည်တို့ အောင်ချမ်းသာတို့ကိုရောက်တာ။ (စစ်ဘေးရှောင်) ၄-၅ ထောင်တော့ရှိမှာပေါ့။ သူတို့က တရက်တရက်ကို ရွာတွေ ၄-၅ ရွာလောက် တန်းဖြတ်တာဆိုတော့ ဒီတိုင်းပဲစစ်ကြောင်းထိုးနေတာပေါ့ ရွာလှည့်ပြီးတော့။ လက်နက်ကြီးနဲ့ပစ်တယ်။ တိုက်ပွဲမရှိဘဲ ရွာတွေထဲ ပစ်ပြီးဝင်တာပေါ့။ ပြည်သူတွေက မနေ့ကတည်းက တိမ်းရှောင်ကြတာ။ စစ်ကြောင်းက ဘယ်ထိုးလို့ ထိုးမှန်းမသိတော့ အောင်သာရွာမှာ ညအိပ်ပြီး သူတို့ ထိုးချင်တဲ့နေရာ ထိုးမှာဆိုတော့ ကျေးရွာ၄-၅-၈ ရွာလောက်က ကြိုပြီးတော့ တိမ်းနေကြတယ်။”

အခု ဒီပဲယင်းမြို့နယ်ထဲ နယ်မြေရှင်းလင်းနေတဲ့ စစ်တပ်ဟာ ရေဦးမြို့တိုင်းရင်းဆေးရုံမှာ အထိုင်ချတပ်စွဲပြီးနောက် အနီးနားက မြို့နယ်တွေထဲ နယ်မြေရှင်းလင်းနေကြတာပါ။ အဲ့ဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၂ ရက်ကလည်း ခင်ဦးမြို့နယ်ထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် စစ်ဘေးရှောင် ၄ ဦးကို ပစ်ခတ် သတ်ဖြတ်သွားတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG