သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်အစိုးရဖွဲ့တဲ့အပေါ် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောထား


ချင်းပြည်ကောင်စီ
ချင်းပြည်ကောင်စီ

လက်ရှိချင်းတော်လှန်ရေး အင်အားစုတွေအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတာကြောင့် ချင်းပြည်အနာဂါတ်အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေ မဖြစ်ရအောင် ချင်းပြည်သူတွေရဲ့ အနာဂတ်ကိုရှေးရှုပြီး ချင်းတော်လှန်ရေး အင်အားစုတွေအကြား ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ Chin Civic Movement (CCM) ချင်းလူထုလှုပ်ရှားမှု အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။ ချင်းတော်လှန်ရေးအဖွဲ့အစည်းတချို့ စုစည်းပြီး ချင်းပြည်အစိုးရ ဖွဲ့စည်းတဲ့အချိန်မှာဘဲ အခုလို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှု ထွက်ပေါ်လာတာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ၃ နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာဘဲ ဝန်ကြီးအဖွဲ့ဝင် ၁၆ ဦးနဲ့ ချင်းပြည်အစိုးရကို ဖွဲ့စည်းလိုက်တာပါ။ ဒါဟာ ချင်းပြည်နယ်အတွင်းက တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ အောင်မြင်တဲ့ ရလဒ်တခုအဖြစ် ရှုမြင်ကြသူတွေရှိသလို ပြည်နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးရဲ့ သဘောထားမပါဝင်တဲ့အပေါ် ထောက်ပြ ဝေဖန်မှုတချို့လည်း ထွက်ပေါ်နေပါတယ်။

တော်လှန်ရေးကာလ ၃နှစ်အတွင်း ချင်းပြည်နယ်ထဲမှာ နယ်မြေစိုးမှုကို တဖြည်းဖြည်း ထူထောင်လာနိုင်တဲ့ ချင်းလက်နက်ကိုင် အဖွဲ့တွေကြားမှာ သဘောထားကွဲလွဲမှုတွေဟာ ဒီနေ့ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေကြောင်း ချင်းအရပ်ဘက်အဖွဲ့တွေကလည်း ဇန်နဝါရီ ၃၁ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်လာကြပါတယ်။

အိန္ဒိယဘက်မှာ ခိုလှုံနေတဲ့ ချင်းဒုက္ခသည် ၅၀,၀၀၀ ကျော် ရှိသလို၊ အကြိမ်ပေါင်း ၃၀၀ လောက် လေကြောင်းကတိုက်ခိုက်ခံရပြီး အိမ်ခြေပေါင်း ၁,၆၀၀ကျော် မီးလောင်ခဲ့တဲ့ ချင်းပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေ ထပ်ပြီး ပြိုကွဲသွားမှာကို ချင်းအရပ်ဘက်အဖွဲ့တွေက အသီးသီး သတိပေးလာကြတာပါ။ ဒါကြောင့်လည်း သဘောထားကွဲပြားမှုတွေကို ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းလို့ရနိုင်တယ်ဆိုတာကို အသိပေးချင်တဲ့အတွက် အခုလို အာဏာသိမ်း၃နှစ်ပြည့်မှာ ထုတ်ပြန်ရတာလို့ ချင်းလူထုလှုပ်ရှားမှု အရပ်ဘက်အဖွဲ့ Chin Civic Movement က Addie က ပြောပါတယ်။

" အပြင်မှာမြင်ရတာက ချင်းဆိုရင် ချင်းပေါ့လေ၊ ဒါပေမဲ့ အတွင်းမြင်ကတော့ ချင်းမှာက လူမျိုးစု စုံစုံလင်လင် ရှိတဲ့အခါကြတော့ အဲဒီစုံလင်မှုကနေမှ ဒေသအလိုက်၊ မျိုးနွယ်စုအလိုက် တောင်ကြောအလိုက် သူ့ဖာသူ စုဖွဲ့ကြတာ ဖြစ်ပါတယ်။ ဒါမျိုးက ချင်းရဲ့ ဝိသေသတခု ဖြစ်ပါတယ်။ အဲလိုဖြစ်တဲ့အခါကြတော့ စစ်ရေးအရ ပူးပေါင်းလို့ရပေမဲ့ နိုင်ငံရေးမှာက ဒီဟာမျိုးက အကဲဆတ်ပါတယ်။ နိုင်ငံရေးမှာ ဒီအနေအထားကို တစုံတယောက်ကနေမှ အပေါ်ကနေ စီးမိုးဖို့ပုံစံမျိုး၊ ငါတို့က ပိုပြီးတော့မှ အင်အားကြီးတယ်၊ ငါတို့က အတွေ့အကြုံရှိတယ်ဆိုတဲ့ ပုံစံမျိုး ထဦးဆောင်လိုက်တဲ့ပုံစံမျိုး ဖြစ်လာရင် ချင်းမှာက အဲဒီဟာသည် ပြဿနာဖြစ်လာပါလိမ့်မယ်ဗျ။ အဲဒါကို ကျနော်ပြောချင်ပါတယ်။"

အခုဆိုရင် ချင်းလူမျိုးစုတွေက ပြည်နယ်ရဲ့ ၇၀ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပေမဲ့ အချင်းချင်းကြားမှာ နိုင်ငံရေး၊ စစ်ရေးအရ အားပြိုင်မှုတွေ ရှိလာပြီး ၃နှစ်အတွင်းမှာ အရှုပ်ထွေးဆုံး အခြေအနေကို ရောက်နေကြောင်း ပြည်သူ့ရေးရာမူဝါဒ သုတေသီတဦးဖြစ်တဲ့ R. Lakher က ဗွီအိုအေကို ပြောပါတယ်။ ချင်းလူမျိုးစုတွေကြားမှာ သဘောထား ကွဲလွဲမှုတွေရှိတယ်ဆိုရင် စစ်ရေးနဲ့ မဆုံးဖြတ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာဖို့လိုကြောင်း သူကပြောပါတယ်။

" CNF ဦးဆောင်တဲ့ Chinland Council နဲ့ ချင်းညီနောင်ငါးဖွဲ့ပေါ့၊ လောလောဆယ် သူတို့အကြားမှာ နိုင်ငံရေးအရ၊ စစ်ရေးအရ အင်အားပြိုင်ဆိုင်မှုက ဒီနှစ်ထဲမှာ အမြင့်ဆုံးအဆင့်ကို ရောက်သွားနိုင်တယ်လို့ ကျနော်ကမြင်တယ်။ သွေးထွက်သံယိုမှုတွေ အများကြီး၊ ပဋိပက္ခတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ ကျနော်မြင်တယ်။ စဖြစ်နေပြီလို့လည်း ကျနော်တို့ ပြောလို့ရတယ်။ ဒါတွေက သိပ်ကြောက်စရာကောင်းတဲ့ ပိုပြီးကြီးမားတဲ့ ပြဿနာတွေကို ဦးတည်သွားနိုင်တယ်လို့ မြင်တယ်။ ပြောရရင် ရှမ်းပြည်နယ်လိုမျိုး ချင်းပြည်နယ်လည်း ဖြစ်လာနေပြီလို့ မြင်တယ်။ ပြောချင်တာက CNF/CNA က သဘောထား အများကြီး ကြီးဖို့လိုမယ်၊ ကျနော်တို့ ပြဿနာတွေကို မကြီးခင်မှာ စားပွဲပေါ်မှာထိုင်ပြီး ဆွေးနွေးအဖြေရှာတာက အကောင်းဆုံးဖြစ်ပါတယ်။"

ချင်းပြည်နယ်ဟာ စစ်ကိုင်းနဲ့ ကရင်နီပြည်နယ်လိုပဲ လေကြောင်းတိုက်ခိုက်ခံရမှုကို အဆိုးဆုံးကြုံတွေ့ရတဲ့ ပြည်နယ်ဖြစ်ပါတယ်။ သုံးနှစ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့နဲ့ အရပ်သားသေဆုံးမှုက ၅၅၀ ရှိပြီး ထောင်ချခံရသူ အနည်းဆုံး ၁,၀၀၀ လောက်ရှိတယ်လို့ ချင်းအရပ်ဘက်အဖွဲ့တချို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အခု အသစ်ဖွဲ့စည်းလိုက်တဲ့ ချင်းပြည်အစိုးရက တာဝန်ရှိတွေရဲ့ သဘောထားကို သိနိုင်ဖို့ ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG