သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအခြေအနေစိုးရိမ်မှု ကုလမဟာမင်းကြီးပြောဆိုချက် AA လက်မခံ


ရခိုင့်တပ်တော် AA က သိမ်းဆည်းခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့က စခန်းတခု။ (ဓါတ်ပုံ_AA Info Desk)
ရခိုင့်တပ်တော် AA က သိမ်းဆည်းခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့က စခန်းတခု။ (ဓါတ်ပုံ_AA Info Desk)

စစ်ကောင်စီနဲ့ AA အာရက္ခတပ်တော်တို့ကြား ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေဟာ ပိုပြီး အန္တရာယ်ကြီးလာနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရဲ့ ပြောဆိုမှုအပေါ် AA ဘက်ကလက်မခံဘဲ အချက်အလက်မှားတွေဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ ဒီသတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေ၊ အိုးအိမ်ဆုံးရှုံးမှုတွေ တိုးလာနေချိန်မှာပဲ ဒေသတွင်းမှာရှိတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေအတွက် ပိုပြီး စိုးရိမ်စရာဖြစ်လာတယ်လို့ ကုလမဟာမင်းကြီးက ပြောဆိုခဲ့တာပါ။ ၂၀၁၇ တုန်းက စစ်တပ်ရဲ့ပစ်မှတ်ထားတာကိုပဲခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ အခု အချိန်မှာ စစ်ကောင်စီဘက်ကရော AA အာရက္ခတပ်ဘက်ကပါ ပစ်မှတ်ထားတာ ခံရနိုင်တာကြောင့် ဒါမျိုး ထပ်ဖြစ်ခွင့်မပေးကြဖို့ မဟာမင်းကြီးက သတိပေးခဲ့ပါတယ်။ ကုလ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ ပြောဆိုချက်တွေထဲ တချို့အကြောင်းအရာတွေဟာ မှားယွင်းနေတယ်လို့ AA ဘက်ကထုတ်ပြန်ခဲ့သလို ကုလမဟာမင်းကြီးရဲ့ ပြောဆိုမှုတွေဟာ တဘက်သတ်ဆန်တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက တုံ့ပြန်ပါတယ်။

“လူ့အခွင့်အရေး ကော်မရှင်နာ Volker Turkရဲ့ ၂၀၂၄ ဧပြီလ ၁၉ ရက်နေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာရက္ခပြည်ရဲ့ စစ်ရေး နိုင်ငံရေးအသိုင်းအဝိုင်းများကြား ဆက်ဆံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ပြောခဲ့တဲ့အထဲမှာ တချို့အချက်အလက်တွေ မှားယွင်းနေတာ၊ ဘက်လိုက်ပြီးတော့ တဘက်သတ်စွပ်စွဲနေတာ၊ အဖြစ်မှန်ကိုဖုံးကွယ်ဖို့ ကြိုးစားထားတာတွေကို တွေ့ရတယ်။ ဒါ့ကြောင့် မလို့ တချို့အချက်အလက်တွေကို အများပြည်သူနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အမှန်အတိုင်းသိအောင် ပြန်လည်ပြီးတော့ လိုအပ်တာတွေကို ကျနော်တို့က ရှင်းပြ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။”

နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ အခုနှစ် မေလ ၂၁ ရက်နေ့အထိ အရပ်သားသေဆုံးသူ ၁၇၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၆၈ ဦးရှိပြီး ဒီအထဲ မွတ်ဆလင် ၂၅ ရာခိုင်နှုန်းသာ ပါဝင်တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ရခိုင်ဒေသမှာ စစ်ဘေးဒုက္ခသည် ၃ သိန်းကျော် အထိရှိလာနေပြီး အဲဒီထဲမှာ မွတ်ဆလင်ဒုက္ခသည် ၁၅ ရာခိုင်နှုန်းလောက်သာပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ARSA, ARA နဲ့RSO တို့လို အစွန်းရောက် မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ ရခိုင်ဒေသခံတွေနဲ့မွတ်ဆလင်တွေအပေါ် သတ်ဖြတ်နေတာတွေ ဆက်တိုက်ရှိနေပေမယ့် ကုလမဟာမင်းကြီးအနေနဲ့ ထည့်သွင်းဖော်ပြထားတာ မတွေ့ရဘူးလို့လည်း AA ဘက်က တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈-၁၉ ရက်တွေမှာလည်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေနဲ့ သူတို့အမာခံတွေက ဘူးသီးတောင်မြို့ပေါ်က MSF ရုံးအပါအဝင် ရခိုင်ဒေသခံ နေအိမ် ၂ဝဝ ကျော်ကို မီးရှို့ဖျက်စီးခဲ့တယ်လို့ AA ထုတ်ပြန်ပါတယ်။ ရိုဟင်ဂျာတဦးကတော့ စစ်ကောင်စီက ဖိအားပေးလို့ မီးရှို့ရတာလို့ အခုလိုပြောပါတယ်။

“စစ်တပ်ရဲ့ ဖိအားကြောင့် ရိုဟင်ဂျာတွေပဲ မီးရှို့ခဲ့တာပါ၊ ပြည်သူ့စစ်အရံတပ်ဖွဲ့အနေနဲ့ သုံးနေတဲ့သူတွေပဲ။ မွတ်ဆလင်တွေကို ရိုဟင်ဂျာတွေကို တပ်ဖွဲ့ဝင်အဖြစ် သူတို့ကသုံးနေတယ်မလား။ စစ်တပ်က အဲဒီမှာ ဒီအိမ်တွေကို မီးရှို့ပေးရမယ်။ မီးမရှို့ဘူးဆိုရင် ခင်များတို့လည်း သစ္စာဖောက်ပဲ-လို့ ငါတို့သတ်မှတ်မယ်၊ အဲလိုပဲ သူတို့က မီးရှို့ခိုင်းတာ။ မဖြစ်မနေ မီးရှို့ရမယ်။ မရှို့လို့လည်းမရဘူး၊ မီးရှို့ပေးရတယ်။ အဲလိုသဘောပါပဲ။”

မြေပြင်အခြေအနေကို ကိုယ်တိုင်သွားရောက်သတင်းယူဖို့ ခက်ခဲတဲ့အတွက် ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုလို့မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းပြီး တိုက်ပွဲတွေအတွင်း ပါဝင်စေတာကြောင့် ရခိုင်နဲ့ရိုဟင်ဂျာတွေကြား လူမျိုးရေးပဋိပက္ခတွေဖြစ်လာအောင် ဖန်တီးနေတယ်လို့လည်း ရခိုင်ပြည်အရေးလေ့လာသူတချို့ကတော့ ယူဆပါတယ်။ ရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းစစ်မှုထမ်းခိုင်းသလိုပဲ AA ဘက်ကလည်း စစ်မှုထမ်းဖို့ စည်းရုံးတာတွေရှိတယ်လို့ ဒေသခံရိုဟင်ဂျာတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG