သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေအန္တရာယ် ဒုက္ခသည်တွေစိုးရိမ်


ဝရမ်းပြေးအဖြစ် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က လိုချင်နေတဲ့ လက်နက်ကိုင် ARSA အဖွဲ့ဝင်များ (Photo: C J)
ဝရမ်းပြေးအဖြစ် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က လိုချင်နေတဲ့ လက်နက်ကိုင် ARSA အဖွဲ့ဝင်များ (Photo: C J)

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ နှိမ်နင်းနေပေမဲ့ ဒုက္ခသည်တွေကတော့ စိုးရိမ်နေဆဲ ဖြစ်ပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (ARSA) အဖွဲ့ခေါင်းဆောင်အဖြစ် မသင်္ကာသူတဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဖမ်းဆီးလိုက်သလို၊ ARSA အဖွဲ့နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့ကြား ပဋိပက္ခကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့တာပါ။ ဒုက္ခသည်စခန်းတွေက အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြထားပါတယ်။

ရခိုင်ပြည်က ဘူးသီးတောင် မောင်တောနဲ့ ဘင်္ဂလားဒေရှ့် ကော့ဘဇား ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ ARSAအကြမ်းဖက်အဖွဲ့က ခေါင်းဆောင်တချို့ ကို ဘင်္ဂလားဒေရှ့်အစိုးရက ကုတုပါလောင်ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ တနင်္ဂလာနေ့က ဖမ်းဆီးခဲ့ တာပါ။ ဖမ်းဆီးခံရတဲ့အထဲမှာ အာဆာအကြီးအကဲနဲ့ ဆက်စပ်မှုရှိတဲ့ ဘဏ္ဍာရေးညှိနှိုင်းရေးမှူး တဦးပါဝင်တယ်လို့ Camp 9 မှာနေထိုင်တဲ့ မွတ်ဆလင်ဒုက္ခသည်တဦးကပြောပါတယ်။

“ ဘင်္ဂလားဒေရှ့် အစိုးရက ဒီမှာ အာဆာခေါင်းဆောင်တဦးလို့ ပြောလို့လည်းဖြစ်တယ် ရာဇဝတ်ဂိုဏ်းလို့လည်း သတ်မှတ်လို့ရတယ်၊ သူက အာတာဟူလာရဲ့ အနီးကပ်ပေါ့ ဘဏ္ဍာရေးမှူး တယောက်ကို အဖမ်းခံရတာ ကျနော်တို့ တွေ့မြင်ရပါတယ်၊ ဘင်္ဂလားအစိုးရက ဖမ်းဆီးထား တာကျနော်တို့တွေ့တယ်။”

ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့ တွေထဲမှာ ARSA အကြမ်းဖက်အဖွဲ့နဲ့ ROS အဖွဲ့ဆိုပြီး နှစ်ဖွဲ့ရှိနေတာပါ။ အာဆာထိပ်ပိုင်းခေါင်းဆောင်တချို့အဖမ်း ခံရပြီးနောက် မနေ့က အစောပိုင်းက ARSAနဲ့ RSO အဖွဲ့ကြား ကော့ဘဇားက ဒုက္ခသည် စခန်းတခုမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မွတ်ဆလင်ဒုက္ခသည် တဦးကပြောပါတယ်။

“ ပြင်းပြင်းထန်ထန်ဖြစ်တာက Cam HW မှာဖြစ်တာ သူတို့က ၂ ဂိုဏ်း အချင်းချင်းဖြစ် နေကြ တာ၊ ဘာကြောင့် ဖြစ်တယ်ဆိုတော့ ပြဿနာဖြစ်လာပြီဆိုရင် တဖွဲ့က ရဲတွေကို ဖားပြီးတော့ နေတယ်၊ နောက်တဖွဲ့က ရှောင်ပြီးတော့ နေတယ်၊ သူတို့အချင်းချင်း ပြဿနာဖြစ်ပြီးတော့ အဲလို ပစ်နေတာပါ၊ တဖွဲ့က လူတွေကို နိုပ်စက်တာ ခြိမ်းခြောက်တာမရှိဘူး၊ ဒါပေမယ့် ARSA တွေကပဲ လူတွေကို နိုပ်စက်တာ၊ ရိုက်တယ် လူကုန်ကူးမှုလုပ်တာ မုဒိန်းကျင့်တာတို့ အကုန်သူတို့ပဲ လုပ်တာ”

ပစ်ခတ်မှုအတွင်း သေဆုံးရသူ တချို့ရှိတယ်လို့ ပြောပေမဲ့ ဗွီအိုအေ အနေနဲ့တော့ သီးခြားအတည်ပြုချက် မရသေးပါဘူး။ ARSA အကြမ်းဖက်အဖွဲ့တွေဟာ မွတ်ဆလင်ဒုက္ခသည်တွေကို အဖွဲ့ဝင်အဖြစ် အတင်းစုဆောင်းတာတွေ ပစ္စည်းလုတာတွေ ပြန်ပေးဆွဲတာတွေနဲ့ သတ်ဖြတ်တဲ့ အထိ လုပ်ဆောင်နေတာကြောင့် စခန်းတွင်း နေထိုင်သူတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်မှာ ဝင်ရောက်ခိုလုံနေကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေအနေနဲ့ စားနပ်ရိက္ခာ လုံလောက်မှု မရှိတဲ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိပဲ အခက်ခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့ မွတ်ဆလင်ဒုက္ခသည်တဦး ကပြောပါတယ်။

“ သိတဲ့ အတိုင်းပဲ ဒီမှာက ဝင်ငွေလည်းမရှိဘူး၊ ဒီဒုက္ခသည်စခန်းကနေ အပြင်ထွက်ပြီးတော့ အလုပ်လုပ်လည်းမရဘူး ဒီမှာ သိပ်အလုပ်လည်း အဆင်မပြေဘူး၊ တော်တော်အခက်အခဲကြုံ တွေ့နေရတယ်၊ စားဝတ်နေရေးလည်း မလောက်တော့ဘူး၊ ရိက္ခာတွေ ထုတ်ပေး တာလည်း တချို့မိသားစုတွေဆိုရင် မလောက်တော့ဘူး၊ ပြောရင်လည်းမကုန်ဘူး အင်မတန် ခက်ခဲ နေကြတယ်။”

စားနပ်ရိက္ခာ မလုံလောက်ရုံတင်မကပဲ လုံခြုံရေးအတွက် စိုးရိမ်နေရတဲ့အပြင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေရှ့်က ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ဘင်္ဂလားဒေရှ့် အစိုးရနဲ့ စစ်ကောင်စီတို့ ပူးပေါင်းလုပ်ဆောင်နေကြပေမဲ့ အခုအချိန်ထိ အကောင်အထည်ဖော် မဆောင်ရွက်နိုင်သေးတာလည်းဖြစ်ပါတယ်။

ARSA အကြမ်းဖက်အဖွဲ့တွေဟာ ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းတွေမှာတင်မကပဲ ရခိုင်ပြည်နယ်က ဘူးသီးတောင် မောင်တောဖက်မှာ ရှိတဲ့ ကျေးရွာတချို့မှာလည်း အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုလို အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ ARSA အဖွဲ့ဝင်တွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ ဖက်က လိုက်လံဖမ်းဆီးနေပြီး ဖမ်းဆီးထားသူ တချို့ရှိတယ်လို့လည်း ရခိုင်လက်နက်ကိုင် AA က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG