သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ရှမ်းပြည်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် သေဆုံးသူတွေ ရှိနေ


မြေမြှုပ်မိုင်းမှတ်တမ်းတချို့ (ဓာတ်ပုံ-Explosive Ordnance Risk Education (Myanmar))
မြေမြှုပ်မိုင်းမှတ်တမ်းတချို့ (ဓာတ်ပုံ-Explosive Ordnance Risk Education (Myanmar))

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ရပ်ဆိုင်းခဲ့တဲ့နောက် ညီနောင်မဟာမိတ် ထိန်းချုပ်နယ်မြေက ဒေသခံပြည်သူတွေဟာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ထိခိုက်သေဆုံးနေကြရပါတယ်။ လောလောဆည်မှာ လက်နက်ကိုင်အဖွဲ့တွေက မိုင်းရှင်းလင်းရေး ဆောင်ရွက်တာရှိပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း ဒေသတွင်းအခြေစိုက် သတင်းမီဒီယာနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ရှမ်းမြောက်ဒေသရဲ့ ပြည်သူတွေရဲ့လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲသတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြထားပါတယ်။

ဒီနှစ်ဇန်နဝါရီလက ၁၀၂၇ စစ်ဆင်ရေး ရပ်ဆိုင်းခဲ့တဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိတော့ပေမဲ့ ဒေသခံ ပြည်သူတွေဟာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် မကြာခဏဆိုသလို ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

ရှမ်းမြောက်ဒေသအတွင်းက လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ တအန်းအမျိုးသမီးအဖွဲ့အစည်းက ပြောရေးဆိုခွင့်ရှိသူကတော့ ၁၀၂၇ နောက်ပိုင်း ထိခိုက်သေဆုံးမှုအခြေအနေကို အခုလို ပြောပါတယ်။

“ ၁၀၂၇နောက်ပိုင်း ဆိုရင် ပြောရမယ်ဆိုရင်တော့ ဒီဇင်ဘာ၊ ဇန်နဝါရီနောက်ပိုင်းပေါ့။ စုထားသလောက်ဆိုရင်တော့ အဓိက မတ်၊ ဧပြီထဲကပေါ့။ မတ်လထဲမှာဆိုရင်တော့ ၈ယောက်ရှိတယ်။ ၈ယောက်ထဲမှာ ၃ယောက်သေဆုံးတယ်။ ၅ယောက် ဒဏ်ရာရတာရှိတယ်။ ဧပြီလထဲမှာဆိုရင်လည်း ၈ယောက် ရှိတာပေါ့နော်။ ၈ယောက်ထဲမှာ သေဆုံးတာက ၁ယောက်ပေါ့နော်။ ကျန်တဲ့ ၇ယောက်က ဒဏ်ရာရတယ်။ ဒီ တလပိုင်း၊ နှစ်လပိုင်း ဆိုရင်တော့ ၁၀ယောက်၊ ၁၅ ဝန်းကျင်လောက်တော့ရှိမယ်။ ဒီ သေဆုံးတာတွေရော၊ ဒဏ်ရာ ရတဲ့ဟာတွေရောပေါ့။ ”

ထိခိုက်သေဆုံးမှုဟာ နမ့်ဆန်၊ နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်မှာ အများဆုံးဖြစ်ကြောင်းနဲ့ ဒီစာရင်းက ရှမ်းမြောက်ဒေသတခုလုံးကို မလွှမ်းခြုံပဲ သူတို့ လက်လှမ်းမီသလောက် ကောက်ယူရရှိတာဖြစ်ကြောင်း ပြောပါတယ်။

ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနရဲ့ အယ်ဒီတာ မိုင်းအနိုင်က လက်ရှိ ဒေသခံ ပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲကို အခုလို ပြောပါတယ်။

“အဓိက မြေမြုပ်မိုင်းဆိုတာကလည်း စကစ တပ်က မိုင်းတွေ သူတို့ စခန်းပတ်ပတ်လည်တင် မကဘဲနဲ့ ၊ စခန်းတက်ဖို့ပေါ့နော် အနီးအနားက ဒီ နေအိမ်တွေ၊ ခြံတွေ၊ လက်ဖက်ခြံတွေ၊ ဘာခြံတွေ၊ ညာခြံတွေပေါ့နော်။ သူတို့ တော်တော်ဝေးတဲ့နေရာအထိကို ပတ်ပတ်လည်မှာ ထောင်ထားတဲ့အခါကျတော့ ဒီ ၁၀၂၇ နောက်ပိုင်း ပြီးတဲ့အခါကျတော့လည်း လူထုတွေက အလုပ် သွားလုပ်တဲ့အချိန်မှာ မြေမြုပ်မိုင်းတွေ နင်းမိတာ ဒါက ပုံမှန်လို ဖြစ်နေတာပေါ့နော်။ နောက်တခု ပြဿနာက ဘာလဲဆိုတော့ လက်နက် အကြွင်းအကျန်တွေပေါ့ဗျာ။ လက်နက် အကြွင်းအကျန် ဆိုတာကလည်း ဒါ အသိပညာပေးတွေ လက်လှမ်းမမီနိုင်တဲ့နေရာကျတော့ တောထဲသွားရင်းနဲ့ လက်နက်ကြီးတွေ ဘာတွေ တွေ့လို့ ၊ အထူးသဖြင့် ကလေးတွေပေါ့ဗျာ။ ယူဆော့မိပြီး ပေါက်ကွဲပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့ဟာ ဒါက အခုလောလောဆည်မှာ ကြုံတွေ့နေရတဲ့ ပြဿနာလို့ ပြောလို့ ရတာပေါ့နော။ ”

ရွှေဖီမြေသတင်းဌာနက ရရှိထားတဲ့ စာရင်းအရ ၂၀၂၄ခုနှစ်အတွင်း ရှမ်းမြောက်ဒေသမှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူ ၃၇ယောက်ထက် မနည်းရှိခဲ့ကြောင်း၊ အသေးစိတ်စာရင်းကို ပြုစုဆဲဖြစ်ကြောင်း မိုင်းအနိုင်က ပြောပါတယ်။

မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်ဟာ တအန်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ ၊နမ္မတူ၊ ကွတ်ခိုင် စတဲ့မြို့တွေအပြင် ကိုးကန့်တပ် MNDAA ထိန်းချုပ်ရာသိန္နီနဲ့ ကချင်တပ် KIA ထိန်းချုပ်ရာ နမ့်ဖတ်ကာ ဒေသတွေမှာလည်း မကြာခန ဖြစ်ပွားနေကြောင်း၊ အချို့ဖြစ်ရပ်တွေက မီဒီယာပေါ်မှာ သတင်းဖြစ် တက်လာတာ မရှိကြောင်းလည်း ဆက်ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေ ရပ်ဆိုင်းသွားတဲ့ နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးနဲ့ မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း မိုင်းအနိုင်က ထောက်ပြပါတယ်။

“ အရင်တုံးက အရပ်ဘက် အဖွဲ့အစည်းတွေလည်း များတယ်ပေါ့ဗျာ။ များတယ်ဆို လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်။ လွတ်လွတ် လပ်လပ် လုပ်လို့ ရတယ်။ ဒီနောက်ပိုင်းမှာ အရပ်ဘက်အဖွဲ့အစည်းတွေကအစ ရှောင်ပြီးတော့မှ ဟိုဟာဖြစ်နေရတဲ့အခြေအနေမျိုးမှာ ၊ နောက်ပိုင်းမှာ သိပ်မတွေ့ရတော့ဘူး။ အဲဒီ မိုင်းနဲ့ပတ်သက်တဲ့ အသိပညာပေးတဲ့ဟာတွေပေါ့နော်။ ဒါက တော်တော်လိုအပ်နေတယ်။ ၁၀၂၇ နောက်ပိုင်းကတော့ သိပ်ကို မရှိသလောက်ကိုဖြစ်နေတာ အခုက။ တကယ်တမ်းကျတော့ ဒီအချိန်မှာ တကယ်ကို အဲဒါက ပိုလိုအပ်နေတဲ့ အခြေအနေမျိုးလို့ ပြောလို့ ရတာပေါ့နော။”

လက်ရှိအချိန်မှာတော့ TNLA က နမ့်ဆန်နဲ့ မန်တုံမြို့တွေမှာ မိုင်းရှင်းလင်းရေးကို ဆောင်ရွက်ခဲ့တာတွေ ရှိပေမဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် သူတို့ ထိန်းချုပ်ထားတဲ့ မြို့တွေ အားလုံးကို တပြိုင်တည်း ဆောင်ရွက်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ အထူးသဖြင့် ကွတ်ခိုင်မြို့မှာဆို ဒေသခံတွေက သူတို့နည်း သူတို့ဟန်နဲ့ ရှင်းလင်းတာတွေ ရှိနေတာပါ။

ရှမ်း၊ ကချင်နဲ့ တအန်း(ပလောင်) စတဲ့ သတင်းမီဒီယာတွေကတော့ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးရေး လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များရံပုံငွေအဖွဲ့ UNICEF ရဲ့ ၂၀၂၃ခုနှစ် မြေမြုပ်မိုင်းဖြစ်စဉ် စောင့်ကြည့်လေ့လာမှု အစီရင်ခံစာမှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးသူ ၁၈၈ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၈၆၄ဦး၊ စုစုပေါင်း ထိခိုက်သေဆုံးသူ ၁၀၅၂ ဦး ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၂၀၂၂ခုနှစ်က မှတ်တမ်းတင်ခဲ့တဲ့ သေဆုံးသူ ၅၂ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၁၉ဦး ။ စုစုပေါင်း ၃၉၀သာရှိတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၂၇၀ရာခိုင်နှုန်းခန့် မြင့်တက် လာတယ်လို့လည်း ဆိုထားပါတယ်။

၂၀၂၄ခုနှစ်မှာတော့ မြန်မာပြည်နေရာအနှံမှာ အရင်နှစ်တွေကထက် လက်နက်ကိုင်ပဋိပက္ခဟာ ပိုမိုပြင်းထန်လာနေတာကြောင့် မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်ဟာလည်း ပိုမိုမြင့်တက်လာဖွယ် ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရော၊ လက်နက်ကိုင်အဖွဲ့တွေကပါ မြေမြုပ်မိုင်း အသုံးပြုတာရှိနေပြီး ဒီလိုအသုံးပြုတာဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International အဖွဲ့က ထုတ်ပြန်ထား ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG