သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီထိုးစစ်ကြောင့် အရပ်သားသေဆုံးမှုတွေရှိ


ရွှေဘိုမြို့ ချီပါရွာအတွင်း မီးလောင်နေစဉ် (ဧပြီ ၂၄၊ ၂၀၂၄)
ရွှေဘိုမြို့ ချီပါရွာအတွင်း မီးလောင်နေစဉ် (ဧပြီ ၂၄၊ ၂၀၂၄)

စစ်ကိုင်းတိုင်း၊​ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာကို စစ်ကောင်စီတပ်တွေ ဧပြီလ ၁၉ ရက်နေ့က ဝင်ရောက်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အဘွားအိုတစ်ဦး သေဆုံးသလို ချီပါ-မင်းကုန်း ကားလမ်းမပေါ်မှာ သွားလာနေတဲ့ ခရီးသွား ၂၃ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ တိုက်နယ် ၂ တာဝန်ခံက ပြောပါတယ်။ ဧပြီ ၂၄ ရက်နေ့ မနေ့က စစ်ကောင်စီတပ်တွေ ချီပါရွာက ထွက်သွားချိန်မှာ ချီပါ မြောက်ရွာက နေအိမ်၂၀ ကျော်ကို မီးရှို့သွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက တင်ပြပေးပါမယ်။

ရွှေဘိုမြို့ အမှတ် ၁၈ လေ့ကျင့်ရေးတပ်ကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းက ရွှေဘိုမြို့နယ် ချီပါရွာကို ဧပြီ ၁၉ ရက်နေ့က စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ကြတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြန်ကြားရေး အဖွဲ့တွေက ပြောပါတယ်။

၁၉ ရက်နေ့က စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အဘွားအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ရွှေဘို တိုက်နယ် ၂ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ချီပါ-မင်းကုန်း ကားလမ်းမပေါ်မှာ သွားလာနေတဲ့ ဒေသခံ ပြည်သူတွေကိုလည်း စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေနဲ့ ဆက်ကြေး ကောက်တာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ စစ်ကောင်စီက လမ်းသွားလမ်းလာ ဒေသခံ ၂၄ ဦး ဖမ်းဆီးခဲ့ပေမဲ့ တစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီးတော့ ၂၃ ဦးကို ဆက်လက် ဖမ်းဆီးထားပြီး စစ်ကောင်စီတပ် ချီပါရွာက ထွက်သွားချိန်မှာလည်း သူတို့နဲ့ တပါတည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ တိုက်နယ် ၂ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“စစ်ကြောင်းက ၁၉ ရက်နေ့က စဝင်လာတာဗျ၊ စစ်ကြောင်း ဝင်လာတဲ့ ၁၉ ရက်နေ့ မနက်ပိုင်းကို ထိတွေ့ တိုက်ပွဲဖြစ်ပါတယ်၊ အဲ့လိုဖြစ်တဲ့အချိန်မှာ လက်နက်ကြီးမှန်ပြီး သေပါတယ်။ အဲ့ဒီကနေ မြို့ရပ်ဝေးရပ်နီးက လူတွေက မသိကြတော့ ဆိပ်ခွန်လမ်းဖက် အထွက်ကို ဖမ်းဆီးခံရပါတယ်။ ဖမ်းဆီးခံရတာက လူဦးရေ ၂၄ ဦး။ အဲ့ဒီမှာ တစ်ဦးကို ပြန်လွှတ်ပြီးတော့ ၂၃ ဦးပဲ ကျန်ခဲ့ပါတယ်။၂၃ ဦးကျန်ရစ်တာထဲမှာ ကားသမား ၂ဦး သတ်ခံရတယ်လို့ ကျွန်တော်တို့ သတင်းရတယ်ဗျ။ သူတို့ ကားနဲ့အလာကို ကားသမားကို ဖမ်းဆီးပြီးတော့ အဲ့ဒီ ၂ ဦးကို သတ်တယ်လို့ သတင်းရတာ။ အတိအကျကတော့ ကျွန်တော်တို့လဲ မသိရသေးဘူး။ သူတို့ကို မူးထဲကို ခုတ်ချလိုက်တယ်လို့ပဲ သိရတယ်။”

စစ်ကောင်စီတပ်တွေ ချီပါရွာက ထွက်သွားပြီးနောက်မှာလည်း သတ်ခံရတယ်ဆိုတဲ့ ကားသမား ၂ ဦးရဲ့ အလောင်းကို မတွေ့ရဘဲ သတ်ပြီး မူးမြစ်ထဲကို ပစ်ချခဲ့တယ်လို့ သတင်းရတာကြောင့် အလောင်းကို ရှာနေကြတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၀ ရက်ကနေ ၂၄ ရက်အတွင်း ချီပါရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဖက်က ဗိုလ်ကြီးအဆင့် တစ်ဦးနဲ့ တပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ တိုက်နယ် ၂ တာဝန်ခံက ပြောပါတယ်။

“ဗိုလ်တစ်ကောင်ရယ်၊ ငယ်သား ၂ ကောင်ရယ် သေတယ်ဗျ။ ၂ ကောင်က ဒဏ်ရာ ရတယ်ဗျ။ မနေ့ ညနေက ၄ နာရီဝန်းကျင်လောက်ကို (ချီပါမြောက်ရွာက) ၂၈ အိမ်လောက်ကို မီးတင်ပြီးမှ သူတို့ ပြန်ခေါက်သွားတယ်။ လေ့ကျင်ရေးက ဗိုလ်တစ်ကောင် ဆုံးလို့မို့ သူတို့က ပြန်တိုက်ရင်းနဲ့ စစ်ကြောင်းကို နောက်ပြန်ခေါက်တာဗျ။ ခေါက်ပြီးတော့မှ နောက်ထပ် ထပ်ပြီး တသုတ်ပြန်ထွက်လာတဲ့ သဘောပေါ့။”

၂၄ ရက်နေ့ ညနေက ပြန်ထွက်သွားတဲ့ စစ်ကောင်စီတပ်က မင်းကုန်း ဘုန်းကြီးကျောင်းမှာ တပ်စွဲနေပြီး ရွှေဘို အမှတ် ၈ လေ့ကျင့်ရေးတပ်က အင်အား လာဖြည့်နေပြီး စစ်ကြောင်း ပြန်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချီပါ-မင်းကုန်း ကားလမ်းမပေါ်က ဖမ်းဆီးသွားတဲ့ ဒေသခံတွေကိုလည်း တစ်ပတ် ကြာတဲ့အထိ ပြန်လွတ်မပေးသေးဘဲ စစ်ကြောင်း ပြန်ခေါက်ချိန် တပါတည်း ခေါ်သွားပြီး မင်းကုန်း ဘုန်းကြီးကျောင်းမှာပဲ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါါတယ််။

ဧပြီ ၁၈ ရက်နေကစလို့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်က ရွှေဘိုမြို့ အနောက်ဖက် ချီပါကျေးရွာကို ဝင်ရောက်တဲ့အတွက် ချီပါ အပါအဝင် အနီးဝန်းကျင် ကျေးရွာတချို့ ထွက်ပြေးနေကြရပြီး စစ်ကြောင်းထွက်သွားချိန်မှာတော့ ချီပါကျေးရွာက ဒေသခံတွေ ရွာကို ပြန်ဝင်ကြပေမဲ့ မင်းကုန်းနဲ့ အနီးမှာရှိနေတဲ့ကျေးရွာတွေက ဒေသခံ ၁,၅၀၀ ဝန်းကျင်ကတော့ ဆက်ပြီးတော့ စစ်ရှောင်နေကြရဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ လိုအပ်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေအပြင် လေကြောင်းကပါ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ နေ့စဉ် သေဆုံးသူတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ စစ်ကောင်စီကတော့ အဲ့ဒီဒေသ ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်တာဖြစ်တယ်လို့ ထုတ်ပြန်လေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG