သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PDF တွေသိမ်းပိုက်ထားတဲ့ ခမ်းပတ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်


ခမ်းပတ်မြို့ လေကြောင်းကတိုက်ခိုက်ခံရ (ဧပြီ ၂၂၊ ၂၀၂၄)
ခမ်းပတ်မြို့ လေကြောင်းကတိုက်ခိုက်ခံရ (ဧပြီ ၂၂၊ ၂၀၂၄)

စစ်ကိုင်းတိုင်း အထက်ပိုင်းက PDF ကာကွယ်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ ခမ်းပတ်ကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတာကြောင့်အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း ၂ ရက်အတွင်း ရာနဲ့ချီတဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၁ ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံတွေကဆိုပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။

ကာကွယ်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ စစ်ကိုင်းတိုင်း တမူးခရိုင်ထဲက ခမ်းပတ်မြို့ကို စစ်တပ်ဘက်က ဧပြီ ၂၂ ရက် မနက် ၂ နာရီ ကျော်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်ထဲက လူနေအိမ်တွေအပေါ်ကျရောက်ပေါက်ကွဲပြီး ၂ ဦး သေဆုံးကာ ၅ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့သလို စိုးရိမ်ရသူတွေလည်း ရှိတယ်လို့ ဒေသခံ ၁ ဦးက အခုလို ပြောပါတယ်။

“၂ နာရီ ဝန်းကျင် ၂ နာရီ ၁၀ မိနစ်လောက်က ကြဲတာရှင့်။ မြေစာရင်းရုံးက အောက်ချင်းရပ်ကွက်မှာကျတာ။ တိုက်ပွဲမရှိဘူး။ လောလောဆယ်တော့ ၂ ယောက်သေတယ်။ ကျွန်မတို့ အမှတ် ၁ က လောလောဆယ် ၂ ယောက် ဒဏ်ရာရတဲ့သူတွေရှိတယ်။ (သေဆုံးသူရဲ့) သူ့အဖေအမေတွေ ဒဏ်ရာ ရကြတာပေါ့။ အမှတ် ၁ က ၂ ယောက်သေတယ်။ ဒဏ်ရာရသူတွေရှိတယ်။ ဒဏ်ရာက ကျွန်မတို့သိသလောက်ဆိုရင် ၃ ယောက် ၂ ယောက်ကတော့ တော်တော်ဆိုးဆိုးရွားရွားပဲ။ ဘွားတော် တယောက်က ခြေထောက်ဖြတ်လိုက်ရတယ် ကြားတာပဲ။ ဘိုးတော်ကြီးက မျက်စိ တဖက်ကန်းနိုင်လောက်တယ်လို့ ကြားတာပဲ။”

ဗုံးဒဏ်ကြောင့် နေအိမ် ၄ လုံးထိခိုက်ပျက်စီးသွားရပြီး နောက်ထပ် လေကြောင်းတိုက်ခိုက်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။ ခမ်းပတ်မြို့အပြင် ခမ်းပတ်နဲ့ကလေးမြို့ကြားက ဖက်ယားရေရှင် ၊ စော်ဘွားရေရှင်ကျေးရွာတွေကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကစစ်ကိုင်းတိုင်းထဲကအခြေအနေတွေပါ။ မန္တလေးတိုင်း မြင်းခြံမြို့နယ်ဘက်မှာဆိုရင်လည်း ကျေးရွာတွေဘက်ကို ဧပြီ ၂၀ ရက်နဲ့ ၂၁ ရက်တို့မှာ စစ်တပ်ဘက်က နယ်မြေရှင်းလင်းတာတွေလုပ်ပြီး ရာနဲ့ချီတဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

ဧပြီ ၂၀ ရက်က တလုတ်ကျေးရွာက ထွက်လာတဲ့ စစ်ကြောင်းဟာ အနီးနားက ကျေးရွာတွေကို ၂ ရက်ဆက်တိုက် စစ်ကြောင်းထိုးကာ နေအိမ်တွေမီးရှို့သွားပြီး အရပ်သား ၁ ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မြင်းခြံလူထု လှုပ်ရှားမှုကော်မတီ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“ဆင်ချောင်းရွာကို ဝင်လာပြီးမီးရှို့သွားတယ်။ တောင်ရွာမြောက်ရွာဆိုတာရှိတယ်လေ။ ဆင်ချောင်းတောင်ရွာက အိမ်ခြေ ၆၀ ကျော်မီးရှို့ခံရတယ်။ ဆင်ချောင်း မြောက်ရွာက အိမ်ခြေ ၅၀ ကျော်လောက် မီးရှို့ခံရတယ်။ ၂၁ ရက် ၄ လ ၈ နာရီလောက်မှာကြတော့ ရန္တပိုရွာက နေအိမ်တွေမီးရှို့ပြီးတော့မှ ကိုင်းရွာဘက်ကို ထွက်ခွါသွားတယ်။ ကိုင်းရွာမှာ တောင်မြောက်ရှိတာကို ကိုင်းရွာ မြောက်ရွာကိုလည်း မီးရှို့တယ်။ အဲ့ကိုင်းမြောက်ရွာမှာ အိမ်ခြေ ၁၅၀ လောက်မီးရှို့ခံရတယ်။ ၂၁ ရက် အဲ့ကိုင်းမြောက်ရွာမှာ အမျိုးသမီးပေါ့လေ။ စစ်ဘေးရှောင်တွေနဲ့အတူ ရောလိုက်သွားတာပေါ့။ ရောလိုက်သွားရင်း စစ်ဘေးရှောင် ၅၀ လောက်ကို ဖမ်းမိသွားတယ်။ ဖမ်းမိသွားတဲ့ထဲမှာမှ ဒေါ်ညွန့်ဆွေတယောက်တည်းကိုပဲ ရှေ့ထွက်ခိုင်းပြီး ကျန်တဲ့ စစ်ဘေးရှောင်တွေကို ခေါင်းငုံ့ခိုင်းပြီး ခေါင်းကို သေနတ်နဲ့တေ့ပြီး ရက်ရက်စက်စက်သတ်ပစ်သွားတယ်။”

အသတ်ခံရသူအမျိုးသမီးရဲ့သားဖြစ်သူဟာ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးဖြစ်တယ်ဆိုတဲ့ ယူဆချက်နဲ့ အမေဖြစ်သူကို သတ်ပစ်သွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလို ကျေးရွာတွေ မီးရှို့ပြီး အရပ်သားတွေ သတ်ဖြတ်မခံရမီ ဧပြီ ၁၈ ရက်က စစ်တပ်အားပေးထောက်ခံတဲ့ ကျေးရွာကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က အကျအဆုံးတွေရှိတဲ့အတွက် အခုလို နေအိမ်တွေကို မီးရှို့တာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြင်းခြံမြို့နယ်ထဲမှာ အခုဧပြီလမှာ စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးအတွင်း ကျေးရွာ ၉ ရွာက ဆနေအိမ် ၁ ထောင်ကျော် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၆ ဦးအထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ စာရင်းကောက်ယူထားသူတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG