သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကိုကူညီရေး G-7 ဝန်ကြီးတွေ ဆွေးနွေး


အီတလီနိုင်ငံ Capri ကျွန်းမှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 စည်းဝေးပွဲ (ဧပြီ ၁၈၊ ၂၀၂၄)
အီတလီနိုင်ငံ Capri ကျွန်းမှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 စည်းဝေးပွဲ (ဧပြီ ၁၈၊ ၂၀၂၄)

အီတလီနိုင်ငံ Capri ကျွန်းမှာ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 စည်းဝေးပွဲကို ဒီနေ့ စတင်ရာမှာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုခံနေရတဲ့ ယူကရိန်းနိုင်ငံ ခုခံနိုင်အောင် အကူအညီပေးဖို့နဲ့ အီရန်အပေါ် ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ဖို့ အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani က အဖွင့်မိန့်ခွန်းမှာ တောင်းဆိုခဲ့ပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ရေးအကူအညီတွေထပ်ပေးအောင် တောင်းဆိုဖို့ Capri ကျွန်းကိုရောက်နေပါတယ်။

ယူကရိန်းနိုင်ငံကို လေကြောင်းရန်ကာကွယ်တဲ့စနစ်နဲ့ Missile ဒုံးတွေ ထပ်ပေးအောင် အဓိကတောင်းဆိုဖို့ လာရောက်တာဖြစ်တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က G7 ဘေးပန်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့တွေ့ဆုံပွဲ အပြီးပြောကြားခဲ့တာဖြစ်ပါတယ်။ G7 အနေနဲ့ လေကြောင်းရန်ကာကွယ်တဲ့ လက်နက်တွေ ပေးနိုင်တဲ့ အင်အားရှိပါတယ်လို့လည်း သူကပြောကြားခဲ့ပါတယ်။ ရုရှားရန်ကို ကာကွယ်နေတဲ့ ယူကရိန်းဘက်က ရပ်တည်ကာကွယ်ဖို့ G7 အုပ်စုအနေနဲ့ ဆန္ဒရှိတာကြောင့် လက်တွေ့ဖြစ်လာအောင် လာရောက်ကြိုးစားတာဖြစ်တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba

သူက အစ္စရေးနဲ့ ယူကရိန်းအပေါ်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ မဟာဗြူဟာ မတူဘူးလို့လည်း ပြောပါတယ်။ အစ္စရေးမှာတော့ အသက်တွေ ကာကွယ်နိုင်အောင် အစ္စရေးဘက်ပစ်တဲ့ အီရန်ဒုံးလက်နက်တွေကို အမေရိကန် ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ပြီးခဲ့တဲ့ စနေနေ့က ပစ်ချပေးခဲ့တယ်လို့ ပြောပါတယ်။ ယူကရိန်းနဲ့ပတ်သက်ရင်တော့ ပြန်လည်ထူထောင်ရေးနဲ့ နောင်အထိအခိုက်နည်းအောင်ကူညီတဲ့ ဗျူဟာကို သုံးနေကြတယ်လို့ သူက ဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့အစောပိုင်းက တွေ့ဆုံစဉ်မှာလည်း ယူကရိန်းအတွက် ဒေါ်လာ ဘီလျံ ၆၀ ကျော်ထောက်ပံ့နိုင်မယ့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုပေးဖို့လိုအပ်တယ်လို့ ဝန်ကြီး Blinken ကအလေးထားပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG