သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-အီရန် ပဋိပက္ခ ဘယ်အထိ ကျယ်ပြန့်လာနိုင်သလဲ


မမြသဇင်အောင်နှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဧပြီ ၁၇၊ ၂၀၂၄)
မမြသဇင်အောင်နှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဧပြီ ၁၇၊ ၂၀၂၄)

အီရန်ရဲ့ တိုက်ခိုက်မှုကို အစ္စရေး လက်တုန့်ပြန်မှာကို နိုင်ငံတကာက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။ အစ္စရေးကတော့ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီဆိုပေမဲ့ ဘယ်အချိန်၊ ဘယ်အတိုင်းအတာထိ တိုက်ခိုက်မလဲဆိုကိုတော့ မပြောသေးပါဘူး။ ဒီ ပဋိပက္ခ ကျယ်ပြန့်လာနိုင်ခြေနဲ့ နောက်ဆက်တွဲ ဂယက်တွေနဲ့ ပတ်သက်လို့ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ အီရန်ကနေ အစ္စရေးကို ဒရုန်းတွေနဲ၌ လက်တလောမှာပဲ တိုက်ခိုက်လိုက်တဲ့အပေါ်မှာ တကမ္ဘာလုံးက စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။ ဒီအခြေအနေက ဘယ်လောက်အထိ စိုးရိမ်ရပါသလဲ။

ဦးကျော်ဇံသာ ။ ။ စိုးရိမ်ရပါတယ်။ တကမ္ဘာလုံးက စိုးရိမ်တာ မှန်ပါတယ်။ အစကတည်းက ဒီလို ဂါဇာပဋိပက္ခကနေ ဒေသတွင်းကို ကျယ်ပြန့်လာမယ်။ ဒီနှစ်နိုင်ငံ ထိပ်တိုက်တွေ့လာမှာကို လူတိုင်းက စိုးရိမ်နေကြတာပါ။ အခု အီရန်က စပစ်လိုက်တဲ့အချိန်မှာတော့ လူတွေက သိပ်စိုးရိမ်သွားကြတယ်။ အမေရိကန်သမ္မတကလည်း သူ့ရဲ့အားလပ်ရက် အစီအစဉ်ကို ဖျက်ပြီးတော့၊ ချက်ချင်းပြန်လာပြီးတော့ သူ့ရဲ့လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတယ်။ G7 နဲ့ တွေ့တယ်။ နောက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အစည်းအဝေးခေါ်ပြီးတော့ ဆွေးနွေးတယ်။ အဲဒီ လုံခြုံရေးကောင်စီမှာတော့ အစ္စရေးနဲ့ အီရန် သံအမတ်တွေ အပြန်အလှန် ပြောကြတာကို တွေ့ရပါတယ်။ နှစ်ဘက်စလုံးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အားမရပါဘူး။ အစ္စရေးကလည်း သူတို့ဟာ ဟိုဘက်ဒီဘက် နှစ်ဘက်ခွပြီးတော့ ပြောနေတာ - ဟိုဘက်လိုလာသူနဲ့ ဒီဘက်လိုလာသူတွေ ပြောနေကြတာဖြစ်တယ်။ အီရန်ကလည်း လုံခြုံရေးကောင်စီဟာ တကယ့် ဒီပြဿနာရဲ့ Root Cause ကို မစဉ်းစားဘဲနဲ့ ပြောနေခြင်းသာဖြစ်တယ်။ တကယ် Root Cause ကတော့ အစ္စရေးအနေနဲ့ ပါလက်စတိုင်းတွေကို Genocide လူမျိုးတုန်းဖယ်ရှားဖို့ လုပ်နေတဲ့ ကိစ္စ ဖြစ်တယ်။ ဒီကိစ္စတွေကိုတော့ မပြောဘူးလို့ ဝေဖန်ကြပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးကတော့ တင်းမာမှုလျော့ပါးသွားဖို့၊ အရှိန်လျှော့ချသွားဖို့၊ မကျယ်ပြန့်သွားဖို့ကို ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ကို ပြောပါတယ်။ ဒါကို စိုးရိမ်တကြီး ဖြစ်တယ်ဆိုတာတော့ သိသာပါတယ်။ တချိန်တည်းမှာပဲ ရုရှားကတော့ သူ့ရဲ့ Frigate ဖရီးဂိတ်သင်္ဘောတစင်းကို အရှေ့အလယ်ပိုင်းကို လွှတ်လိုက်တယ်။ အဲဒီမှာ Supersonic Missiles အသံထက်မြန်တဲ့ မစ်ဇိုင်းဒုံးကျည်တွေ အများကြီးထည့်ပြီး လွှတ်လိုက်တယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒီတော့ ယူကရိန်းသမ္မတကလည်း ပြောတယ် - အခုလို အီရန်က အစ္စရေးကို ဝင်တိုက်လိုက်တာဟာ အမေရိကန်အနေနဲ့ သူ့ရဲ့မဟာမိတ်တွေကို ဒီထက်မက ကူညီပေးဖို့ လက်နက်၊ စစ်ရေး အကူအညီပေးဖို့ လိုအပ်တယ်ဆိုတဲ့ Wake-up Call တပ်လှန့်နိုးဆော်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ တကမ္ဘာလုံးကို ဒီအရေးကို အလေးထားလုပ်လိုက်ကြတာကို တွေ့ရပါတယ်၊ စိုးရိမ်နေကြတာကို တွေ့ရပါတယ်။

မေး ။ ။ အရှေ့အလယ်ပိုင်းပြ ဿနာ ပိုပြီးတော့ မကျယ်ပြန့်ဖို့ အားလုံးက ဝိုင်းပြီးတော့ ဆောင်ရွက်နေတာပါ။ ဒီအချိန်မှာ အီရန်က ဒီလိုလုပ်လိုက်တယ်ဆိုတော့ တမင်ရန်စတယ်လို့ ပြောရင် မှန်ပါသလား။

ဖြေ ။ ။ အဲဒီလို မမြင်ပါဘူး။ လူတချို့ကတော့ အဲဒီလို ပြောကြတယ်။ အီရန်က တမင်ရန်စတဲ့ ပုံစံမျိုး ပြောကြပါတယ်။ တကယ်တမ်း အီရန်ဟာ အစ္စရေးက သူတို့ ကောင်စစ်ဝန်ရုံး ဆီးရီးယား ဒမက်စကတ်မှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက တိုက်ခိုက်ခဲ့တဲ့အတွက် လက်တုံ့ပြန်ခြင်းသာ ဖြစ်ပါတယ်။ အစ္စရေး တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီမှာ အီရန်ရဲ့ စစ်အရာရှိကြီးတွေအပါအဝင် လူတော်တော်များများ သေသွားပါတယ်။ ဒီဟာကို အီရန်က လက်တုံ့ပြန်ခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို လက်တုံ့ပြန်တဲ့နေရာမှာ အီရန်က ငါတို့ဟာ လိုသလောက် Proporately တုံ့ပြန်ခဲ့ပြီဖြစ်တယ်။ လိုအပ်လို့ အဲဒီလိုပဲ ပြောထားတာ ဖြစ်ပါတယ်။ တချို့ကတော့ အီရန်က တဘက်သတ် စပြီးလုပ်တယ်လို့ ပြောနေကြတာဆိုတော့ အခုန အစ္စရေး စတိုက်ခဲ့တာကို ကြည့်မယ်ဆိုရင်တော့ နည်းနည်းကွဲလွဲနေတယ်လို့ ပြောရမှာပါ။ လူတော်တော်များများကလည်း သူ့ဘက်ကိုယ့်ဘက်ဆိုတာလည်း အစကတည်းက ဒီပဋိပက္ခမှာ။ အစ္စရေးကို လိုလားတဲ့ နိုင်ငံတွေ ရှိတယ်။ အီရန်ကို လိုလားတဲ့ နိုင်ငံတွေ ရှိမယ်ဆိုတော့ အစ္စရေးကို လိုလားတဲ့နိုင်ငံတွေက ဒီလိုပဲ ပြောကြမယ်လို့ ထင်ရပါတယ်။ အဲဒီလိုပဲပြောတာ ဖြစ်နိုင်ပါတယ်။ နောက် ဒီလိုပြောကြတဲ့ အထောက်အထားတခုကလည်း ဘယ်လိုလဲဆိုတော့ ဒီအချိန်ဟာ Gaza ဂါဇာကိစ္စမှာ အမေရိကန်နဲ့ အစ္စရေး သဘောကွဲနေကြတယ်။ အမေရိကန် တားမြစ်တာကို အစ္စရေးက အတင်းလုပ်နေတာတွေ ရှိတယ်ဆိုတော့ သူတို့နှစ်နိုင်ငံကြား ကဏ္ဍကောဇ ဖြစ်နေကြတယ်။ အဖုအထစ်တွေ ဖြစ်နေတဲ့ ဆက်ဆံရေးမှာ ဒီအချိန်မှာ အစ္စရေးကို တိုက်ဖို့အခွင့်ကောင်းပဲလို့ အီရန်ကတွက်ပြီး တိုက်တာဖြစ်လိမ့်မယ်လို့ တချို့က သုံးသပ်ကြဟန် ရှိပါတယ်။ ဒါကြောင့် အီရန်က တဘက်သတ်တိုက်တယ်လို့ ပြောခြင်းသာ ဖြစ်ပါတယ်။ တဘက်သတ်တိုက်တယ်လို့တော့ မယူဆနိုင်ဘူးလို့ ထင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ အီရန်က ဒီလောက်နဲ့ ရပ်သွားနိုင်ပါ့မလား။ အစ္စရေးကကော ပြန်ပြီးတော့ လက်တုံ့မပြန်နိုင်ပါဘူးလား။

ဖြေ ။ ။ ပြန်နိုင်တယ်။ အစ္စရေး War Cabinet က အဲဒီနေ့မှာပဲ အစည်းအဝေးခေါ်တယ်။ ခေါ်ပြီးတော့ အစည်းအဝေးက ဘာပြောမလဲဆိုတာကို စောင့်တယ်။ သူတို့ပြောတာက လက်တုံ့ပြန်ဖို့ဆိုတာကို သူတို့ ဆုံးဖြတ်လိုက်ပြီ၊ ဒါပေမဲ့ ဘယ်အတိုင်းအတာအထိ လက်တုံ့ပြန်မလဲဆိုတဲ့ Amount နဲ့ ဘယ်အချိန်မှာ လက်တုံ့ပြန်မလဲ Timing - timing and amount retaliation - အဲဒီနှစ်ခုကတော့ စစ်ရေးအရ ငါတို့ ကြိုပြောလို့မရဘူးလို့ ပြောခွင့်ရပုဂ္ဂိုလ်တွေ လူတွေက ပြောကြတယ်။ ဒီဟာကတော့ တုံ့ပြန်မယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။ ဒါကိုပဲ စောင့်ကြည့်နေရတယ်။ တနည်းပြောရရင် The ball is on Israel's Court - အစ္စရေးဘက်က ပြန်ပြီးတော့ လက်တုံ့ပြန်ရမယ့်အချိန် ဖြစ်ပါတယ်။ အီရန်ကလည်း မင်းတို့လာတိုက်ရဲရင် လာတိုက်၊ ငါတို့လည်း အဆင်သင့်ပဲဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။ ဆိုတော့ အစ္စရေးဘက်က တိုက်လာရင်တော့ အီရန်ကလည်း ပြန်ပြီးတော့ တိုက်နိုင်ခြေ ရှိပါတယ်။ အဲဒါကိုပဲ လူတွေက စိုးရိမ်ကြတာပါ။ အခုဖြစ်တာကတော့ State-to-State War အဆင့်တော့ မဟုတ်သေးဘူး။ အပြန်အလှန် လှမ်းပစ်နေတာ ဖြစ်တယ်။ အခု အီရန်ဘက်က တိုက်ခဲ့တာလည်း အီရန်နယ်မြေကတိုက်တာ အစ္စရေးကိုတိုက်တာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဆီးရီးယား၊ လက်ဘနွန်တို့ဘက်က အီရန်စခန်း အီရန်လူတွေကပစ်တာလည်း ပါတယ်။ ဒါပေမဲ့ သူတို့ပစ်ခဲ့သမျှ ဒုံးကျည်သုံးရာလောက်မှာ ၉၉ ရာခိုင်နှုန်းကတော့ မထိဘူး။ ပြန်ပြီးတော့ တိုက်ဖျက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ အမေရိကန်၊ ဗြိတိန်တို့က ကာကွယ်ပေးခဲ့တယ်။ မဆိုသလောက်ဘဲ ထိခိုက်တယ်ဆိုပြီးတော့ ပြောထားတာ ဖြစ်ပါတယ်။ ဘယ်လောက်ထိ ကျယ်ပြန့်လာမယ်ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ အစ္စရေးက တိုက်ရင်တော့ အီရန်ဘက်က ဘယ်လောက်ပြန်တိုက်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမယ်အချိန်သာ ဖြစ်ပါတယ်။ ကျယ်တော့ ကျယ်ပြန့်လာနိုင်တယ်။

မေး ။ ။ တလောကပဲ အစ္စရေးဝန်ကြီးချုပ်က ရာဖာ (Rafah) တောင်ပိုင်းမှာ စစ်ဆင်ရေးကို ပြန်စမယ်ဆိုပြီး ပြောပါတယ်။ အခုလို အခြေအနေ ဖြစ်လာတဲ့အခါကြတော့ အစ္စရေးကလည်း လက်တုံ့ပြန်မယ်ဆိုရင် ဂါဇာအခြေအနေက ဘယ်လိုဖြစ်သွားနိုင်ပါလဲ။ အခြေအနေတွေက ဒီ့ထက် ပိုဆိုးလာနိုင်ပြီးတော့ ကမ္ဘာစစ်ထိ ဦးတည်နိုင်ပါသလား။

ဖြေ ။ ။ ဂါဇာအခြေအနေကို အရင်ပြောမယ်ဆိုရင်တော့၊ ဂါဇာအခြေအနေ ပိုဆိုးမှာပေါ့လေ။ ဂါဇာမှာ ပြေလည်မှုရရှိဖို့ ညှိနှိုင်းရတာ သိပ်ပြီးတော့ ခက်ခဲသွားပါလိမ့်မယ်။ အခုတောင်မှ ဟာမက်စ်က အပစ်အခက်ရပ်စဲဖို့ ငြိမ်းချမ်းရေး ဆွေနွေးဖို့ကိစ္စကို ပယ်ချထားပြီး ဖြစ်တယ်ဆိုတော့၊ ဒီကိစ္စဖြစ်ပြီးနောက်ပိုင်းမှာ ပိုပြီးတော့ အကျပ်အတည်းနဲ့ ကြုံလာရနိုင်ပါတယ်။ ဒုက္ခသည်တွေ ပြဿနာဖြစ်နေတဲ့ဟာတွေက သိပ်ပြီးတော့ စိုးရိမ်စရာပါ။ သူတို့အတွက်ကတော့ အထူးစိုးရိမ်စရာကောင်းပါတယ်။ အခြေအနေ ပိုဆိုးလာနိုင်ပါတယ်။ တချိန်ထဲမှာဘဲ ဟာမက်စ်ဘက်ကလည်း ပိုပြီးတော့ တိုက်ခိုက်မှု့တွေ လုပ်လာနိုင်တယ်။ အစ္စရေးကလည်း ပိုပြီးတော့ မညှာမတာ တိုက်ခိုက်နိုင်တယ်။ ကမ္ဘာ့အတိုင်းအတာနဲ့ဆိုရင်တော့ နိုင်ငံနှစ်ခုကြားမှာ State-to-State ဖြစ်လာရင်တော့ နောက်က သူတို့နိုင်ငံကြီးတွေ ပါလာနိုင်မလား။ အဲ့ဒီလိုဆိုရင်တော့ နိုင်ငံကြီးတွေ ပါလာမယ်ဆိုရင်တော့ ကမ္ဘာစစ်ဖြစ်တယ်လို့ ပြောလို့ရတာပေါ့လေ။ အီရန်ဘက်ကလည်း ရုရှားတို့ ဘာတို့ပါလာ၊ ဒီဘက်ကလည်း အမေရိကန်နဲ့ မဟာမိတ်တွေ ပါလာမယ်ဆိုရင်တော့။ ဒါပေမဲ့ အဲ့ဒီလောက်ထိ ဖြစ်ဖို့တော့ လောလောဆယ်မှာ အလားအလာ မရှိသေးဘူး ထင်ပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ အရှေ့အလယ်ပိုင်း မဟာမိတ်တွေဖြစ်တဲ့ ဆော်ဒီအာရေးဗီးရား၊ အီဂျစ်၊ ဂျိုဒန်တို့ကလည်းဘဲ ဒီဟာကို မတိုးချဲ့ပါစေနဲ့။ တကယ်လို့သာ ကမ္ဘာစစ်ဖြစ်ဖို့နေနေသာသာ ဒေသတွင်းစစ်ပွဲအဆင့် လုပ်ရင်တောင်မှ သူတို့တွေဟာ အခက်အခဲနဲ့ ကြုံတွေ့ရမှာ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။ ဆိုတော့ သူတို့ သိပ်စိုးရိမ်တယ်။ ကျန်တဲ့ ကမ္ဘာ့နိုင်ငံကြီးတွေကလည်း စစ်မဖြစ်ချင်ကြပါဘူး။ အခု ယူကရိန်းမှာ ဖြစ်နေကြတာနဲ့တင် သူတို့ တော်တော်လေး စိတ်ဒုက္ခရောက်နေကြပါပြီ။ ဒီစစ်ပွဲကိုလည်း အဲ့ဒီလောက်ထိတော့ မကျယ်ပြန့်စေချင်ကြဘူး ထင်ပါတယ်။ ဒါ့ကြောင့်လည်းပဲ စစ်ပွဲ မကျယ်ပြန့်အောင်ထိန်းဖို့အတွက် လူတိုင်းက ဒါကို လိုအပ်နေကြတာ ဖြစ်ပါတယ်။ ကမ္ဘာစစ် ဖြစ်လောက်မယ့် အခြေအနေထိတော့ မစိုးရိမ်ရသေးဘူးလို့ ယူဆပါတယ်။

မေး ။ ။ အဲ့ဒီတော့ ဒီလိုစစ်ပွဲတွေကြောင့် ဒီအခြေအနေတွေကြောင့် ယူကရိန်း-ရုရှား စစ်ပွဲတွေအပေါ်မှာ အာရုံလျော့သွားနိုင်ပါသလား။ ယူကရိန်းကို ပေးမယ့် အကူအညီတွေကော နှောင့်နှေးသွားနိုင်ပါသလား။

ဖြေ ။ ။ အစကတည်းက အမေရိကန် Congress တို့ ဘာတို့က ဒီစစ်ပွဲ ဖြစ်လာထဲက အစ္စရေးကို ပိုပြီး အကူအညီ ပေးချင်ကြတယ်။ ယူကရိန်းကို ပေးတာကို ဆိုင်းငံ့ချင်ကြတယ်။ ဆွဲချချင်တယ်၊ ဘာညာလုပ်နေကြပါတယ်။ ဒါပေမဲ့ ယူကရိန်းသမ္မတကတော့ စောစောက ပြောခဲ့သလိုဘဲ Wake up call ပဲ ဒို့အပါအဝင် အမေရိကန်နဲ့ မဟာမိတ်တွေကို ပိုပြီးတော့ ပေးပါလို့ ပြောပါတယ်။ ဒီကိစ္စကြောင့်နဲ့တော့ တိုက်ရိုက်မဟုတ်ဘူး။ အချိန်အခါကိုယ်နှိုက်က ယူကရိန်းစစ်ပွဲကို နည်းနည်းလေး အကူအညီပေးဖို့ လက်တွန့်လာတယ်။ နောက်ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်ကပဲ ရှရှားဘက်က ပြန်ပြောတယ် ဒီယူကရိန်း စစ်ပွဲ အဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ၂၀၂၂ တုန်းက တူရကီ ကြားဝင်ညှိနှိုင်းဆွေးနွေး ပေးခဲ့တဲ့အတိုင်း ဆွေးနွေးမယ်ဆိုရင် ငါတို့ဆွေးနွေးမယ်ဆိုတာ ပြန်ပြီးပြောလာ တွေ့ရတယ်။ အဲ့မှာ တူရကီကပြောခဲ့တာကို ကျနော်မှတ်မိသလောက် ပြောပြရမယ်ဆိုရင် ယူကရိန်းက အနောက်နိုင်ငံနဲ့ သိပ်မကပ်ပါနဲ့။ အမေရိကန်ဘက်ကို သိပ်မပါနဲ့။ နောက်ပြီးတော့ ယူကရိန်းမှာ ရှိတဲ့ လက်နက်တပ်ဆင်ထားတာရှိရင် လျှော့ချလိုက်ပါ။ အဓိက အဲ့နှစ်ခုကို ပြောတယ်။ အဓိက ရှရှား စိုးရိမ်တာက ယူကရိန်းဟာ နေတိုးအဖွဲ့ဝင် ဖြစ်ပြီးတော့ အမေရိကန်လူ ဖြစ်ပြီးတော့၊ ရှရှားကို သူ့နယ်စပ်မှာ တချိန်းလုံး ရန်စနေမှာကို စိုးရိမ်တဲ့သဘော။ အဲ့ဒါကြောင့် တိုက်ရတယ်ဆိုတာကို သူတို့ပြန်ပြောတဲ့သဘော ဖြစ်ပါတယ်။ ဒီဟာကြောင့် အဲ့ဒီ့ကိစ္စမှာ စစ်ရှိန်မြင့်လာစရာ မရှိဘူးလို့ ထင်ပါတယ်။ သူတို့ ဆင်ဆင်ခြင်ခြင် လုပ်လာလိမ့်မယ်လို့ ယူဆပါတယ်။

မေး ။ ။ ဒါပေမယ့် ဒီစစ်ပွဲတွေက အမေရိကန်နဲ့ တခြားဥရောပနိုင်ငံတွေကို ဘယ်လောက်ထိ ရိုက်ခတ်လာနိုင်ပါသလဲ။

ဖြေ ။ ။ အများကြီး ရိုက်ခတ်လာနိုင်ပါတယ်။ အဓိကကတော့ ဓာတ်ဆီစျေးတက်မယ်။ အဲ့ရေနံထွက်တဲ့ဒေသတွေမှာ ဖြစ်ပြီဆိုရင်တော့။ အခုပဲ ကျနော် ခန့်မှန်းချက်တခုကို ဖတ်ခဲ့တယ်။ စီးပွားရေးပညာရှင်ဘဲ ဓာတ်ဆီစျေးဟာ တစ်ဂါလန်ကို ၅‌ ဒေါ်လာအထက်ထိ တက်သွားမယ်လို့ ပြောတယ်။ နောက်ပြီးတော့ Inflation ငွေကြေးဖောင်းပွမှုတက်လာမယ်။ ငွေကြေးဖောင်းပွမှု့ အခြေခံပြီးတော့ ဓာတ်ဆီစျေးတက်၊ ဘာတက်ဆိုရင်တော့ အကုန်လုံး စီးပွားရေးအားဖြင့် ထိခိုက်နစ်နာလာနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အမေရိကန်တင်မကဘူး အမေရိကန်တို့ကတော့ ပြည်တွင်းမှာ စားသုံးသူ ရှိတာပေါ့လေ။ Local customer တွေက များတယ်။ အဲ့ဒီလောက် လူဦးရေးမများတဲ့ နိုင်ငံတွေက ပိုပြီးထိခိုက်နိုင်ပါတယ်။ နောက်ပြီးတော့ အရှေ့အလယ်ပိုင်းကို ဖြတ်ပြီးတော့ သွားနေရတဲ့ လမ်းကြောင်းတွေအတွက် ပိတ်ဆို့သွားနိုင်တဲ့အခါ၊ ပိုပြီးတော့ အဝေးကြီးပတ်သွား ရမယ့်ကိစ္စ ကုန်စည်စီးဆင်းမှု အခက်အခဲ တွေ့လာရမယ်ဆိုတော့ အခက်အခဲတွေကတော့ အများကြီး တွေ့လာနိုင်ပါတယ်။ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့လေ။ တားနိုင်ရင်တော့ အကောင်းဆုံးပေါ့။

မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင်။ ဆွေးနွေးသုံးသပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

Forum

XS
SM
MD
LG