သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန်-အာဆီယံစည်းဝေးပွဲ စစ်ကောင်စီကိုယ်စားလှယ်ကို တက်ခွင့်ပြု


လာအိုနိုင်ငံမှာပြလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ်၊ ယာယီ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက် (ဇန်နဝါရီ ၂၉၊ ၂၀၂၄)
လာအိုနိုင်ငံမှာပြလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ်၊ ယာယီ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက် (ဇန်နဝါရီ ၂၉၊ ၂၀၂၄)

နယူးဇီလန် နိုင်ငံ Wellington မြို့တော်မှာ ဒီနေ့ စတင် ကျင်းပတဲ့ အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် မပေးဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုပေမဲ့ နယူးဇီလန် တရားရုံးက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

အစည်းအဝေး တက်ရောက်မယ့်သူကို သံတမန်အဖြစ် အသိအမှတ်ပြု ဝင်ခွင့်ပေးထားပြီးသားဖြစ်တာကြောင့် နိုင်ငံထဲ ဝင်ခွင့်ပြုသင့်တယ်လို့ တရားသူကြီး Matthew Palmer က ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ကြောင်း နယူးဇီလန်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

တက်ရောက်ခွင့်ပြုသူဟာ သံတမန်တယောက်ဖြစ်တာမို့ သူ့ကို နိုင်ငံထဲဝင်ခွင့်ပြုဖို့ အစိုးရဲ့ ဆုံးဖြတ်ချက်အပေါ် တရားရုံးအနေနဲ့ ပြန်သုံးသပ်တဲ့နေရာမှာ အကန့်အသတ်တွေရှိတယ်လို့ မြန်မာအဖွဲ့ရဲ့ အကျိုးဆောင်ရှေ့နေ Sam Lowery အပြောကို The Press သတင်းစာမှာ ဖော်ပြပါတယ်။ တရားရုံးအနေနဲ့ ခရီးသွားကန့်သတ်ချက်ကို သံတမန်တွေအပေါ် ထုတ်ပြန်လို့ မရဘူးလို့ တရားရုံးက ပြောပါတယ်။

အစည်းအဝေးတက်ခွင့်ပြုပေမဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျူရှုတာ မဟုတ်ဘူးလို့ တရားသူကြီး Matthew Palmer ကပြောပါတယ်။ သူရရှိထားတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေအရ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားထုအပေါ် ရာဇဝတ်မှုကျူးလွန်မှုတွေအတွက် စစ်ကောင်စီမှာ တာဝန်ရှိတယ်ဆိုတာ ညွှန်ပြနေတယ်လို့ ဆုံးဖြတ်ချက်ချစဉ်မှာ တရားသူကြီးက ပြောကြားခဲ့ပါတယ်။

တရားရုံးဆုံးဖြတ်ချက်ကို မြန်မာ့အရေးလှုပ်ရှားသူတွေက ကန့်ကွက်ပြီး ဆက်လက်ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံစစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲကဆိုရင် မြန်မာတာဝန်ရှိသူတယောက် နယူးဇီလန်နိုင်ငံမှာ ပထမဆုံး အစည်းအဝေးလာတက်မှာ ဖြစ်ပါတယ်။ နယူးဇီလန်-အာဆီယံ အစည်းအဝေး တက်ရောက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ တစုံတရာ ပြောဆိုခြင်း မရှိသေးပါဘူး။ နယူးဇီလန်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲမှာရော လာအိုနိုင်ငံမှာ မေလကျရင်ကျင်းပမယ့် နယူးဇီလန်က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ဆွေးနွေးပွဲတွေမှာပါ စစ်ကောင်စီကို တက်ခွင့်မပြုဖို့ အရပ်ဖက်အဖွဲ့အစည်း ၄၀၀‌ ကျော်က နယူးဇီလန် အစိုးရကို အိတ်ဖွင့်စာ ပေးပို့ တောင်းဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG