သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီကိုဖိတ်ကြားမှု နယူးဇီလန်ရောက်မြန်မာ့အရေးလှုပ်ရှားသူတွေကန့်ကွက်


New Zealand Flag Referendum
New Zealand Flag Referendum

နယူးဇီလန်နိုင်ငံ ဝယ်လင်တန် (Wellington) မြို့မှာကျင်းပမယ့် အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာမြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပေးပါက လက်ရှိနယူးဇီလန်အစိုးရသစ်ကို ပြုတ်ကျတဲ့အထိ ကန့်ကွက်မှုတွေကို ဆက်လုပ်သွားမယ်လို့ နယူးဇီလန်နိုင်ငံမှာနေထိုင်နေတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

လာမယ့်ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာလုပ်မယ့် အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီဘက်က အလယ်အလတ်အဆင့်ရှိတဲ့ အရာရှိတယောက်ကို ဖိတ်ကြားဖို့ နယူးဇီလန် အစိုးရသစ်က ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလို ကန့်ကွက်မှုတွေ ဖြစ်လာတာပါ။ အစိုးရသက်တမ်း ရက် ၁၀၀ သာရှိသေးတဲ့ နယူးဇီလန် အစိုးရက အခုလို စစ်ကောင်စီကို ဖိတ်ကြားတာဟာ အစိုးရရဲ့ ဂုဏ်သိက္ခာနဲ့ ရပ်တည်ချက်ကို ဖော်ပြနေတာလို့ မြန်မာ့အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဒီလို လုပ်ဆောင်တာကိုလည်း နယူးဇီလန်မှာ နေထိုင်သူတွေက ကျေနပ်မှု မရှိဘူးလို့လည်း မြန်မာအရေး လှုပ်ရှားသူ အမျိုးသမီးတဦးက VOA ကို အခုလိုပြောပါတယ်။

“စစ်ကောင်စီကိုဖိတ်တာက သူတို့ကို ထောက်ခံတာဖြစ်တဲ့အတွက် စိတ်ထဲ စနိုးစနောင့်ဖြစ်တယ်လေ။ အထူးတလည် ဖိတ်တယ်ဆိုတာဟာ သူတို့ကို လူရာသွင်းတာဖြစ်တဲ့အတွက် ဒီက နေထိုင်သူတွေအားလုံကတော့ မကျေနပ်ကြပါဘူး။”

နယူးဇီလန်ရောက် မြန်မာ့အရေး ဦးဆောင်လှုပ်ရှားသူ ဦးစွမ်းမြိုင်ကတော့ နယူးဇီလန်မှာလုပ်မယ့် အာဆီယံအစည်းအဝေး မတိုင်ခင် နယူးဇီလန် အစိုးရထံကို ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာကို အဖွဲ့ပေါင်း ၃၀ လောက်ပါဝင်လက်မှတ်ထိုးပြီး ဧပြီလ ၁ ရက်က ပေးပို့ခဲ့တယ်လို့ VOA ကို ပြောပါတယ်။

ဒီအိတ်ဖွင့်ပေးစာမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို နယူးဇီလန်မှာ လုပ်မယ့်အာဆီယံအစည်းအဝေးကို တက်ရောက်ခွင့် မပေးရေးအပါအဝင်၊ ဗီယက်နမ်နိုင်ငံမှာ မေလ ၈ ရက်ကနေ ၁၀ ရက်အထိ နယူးဇီလန်က ပူးတွဲသဘာပတိအဖြစ်လုပ်မယ့် အာဆီယံဒေသတွင်း ကာကွယ်ရေးအရာရှိတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲလိုမျိုး စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေပါဝင်တဲ့ အစည်းအဝေးတွေကို လက်ခံကျင်းပခြင်း၊ ပါဝင်ဆွေးနွေးခြင်းမလုပ်ဖို့ တောင်းဆိုထားပါတယ်။

တကယ်လို့ နယူးဇီလန်အစိုးရအနေနဲ့ အိတ်ဖွင့်ပေးစာပါ တောင်းဆိုချက်တွေကို အလေးမထားဘူးဆိုရင် ပါလီမံရှေ့ အပါအဝင်၊ အာဆီယံအစည်းအဝေးလုပ်တဲ့ နေ့တွေမှာပါ တနိုင်ငံလုံးမှာ ရှိတဲ့ မြန်မာ့အရေး ဆောင်ရွက်နေသူတွေက ဆန္ဒပြပွဲတွေလုပ်ဆောင်သွားမှာဖြစ်သလို၊ နယူးဇီလန် အစိုးရကိုလည်း အခုထက်ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ လုပ်ဆောင်သွားမယ်လို့ မြန်မာ့အရေး ဦးဆောင်လှုပ်ရှားသူ ဦးစွမ်းမြိုင်က VOA ကို ပြောပါတယ်။

“ပါလီမန်ဖွင့်တဲ့နေ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက် ဖြစ်မယ်။ အဲဒီရက်မှာ ကျွန်တော်တို့ ကြိုးစားနေတာက ၉ ရက်နေ့မှာ ပါလီမန်ရှေ့မှာ သွားပြီးတော့ကျနော်တို့ရဲ့ အသံကိုထုတ်ဖော်နိုင်ရေးပေါ့။ အဲဒီလို မပေးခဲ့ဘူးဆိုလို့ရှိရင်တော့ အစည်းအဝေးကျင်းပတဲ့ နေ့မှာ ကျွန်တော်တို့ နောက်တကြိမ် ဒီထက်ပိုပြီးတော့ လက်ရှိ အာဏာရနေတဲ့ နယူးဇီလန်ရဲ့ အစိုးရကို ပိုပြီးတော့ ပြစ်တင်တဲ့ ပိုပြီးတော့ ဝေဖန်တဲ့ ရှုတ်ချတဲ့ စကားတွေနဲ့ ပြင်းပြင်းထန်ထန်တွေ သူတို့ကို စွပ်စွဲ ပြောဆို ကန့်ကွက်ကြရမှာပါပဲလေ။ အဲဒီဟာတွေကိုတော့ ကျွန်တော်တို့ အဆင့်ဆင့်သွားမယ်လို့ ကြိုးစားနေတယ်။ နောက် နိုင်ငံတကာမှာ ရှိနေတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ Global Campaign လုပ်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အဲဒီလို အားလုံး လက်မှတ်ပါဝင်ထိုးဖို့ လက်ရှိ အစိုးရကို အဲဒီလိုမျိုးတွေ ပြင်နေပါတယ်။"

အရင် အစိုးရဟောင်း လက်ထက်ကတော့ မြန်မာစစ်ခေါင်းဆောင်တွေကို နယူးဇီလန်နိုင်ငံကို ခရီးသွားလာမှုတွေကို တားမြစ်တာအပါအဝင်၊ ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမဲ့လက်ရှိ အာဏာရလာတဲ့ အစိုးရသစ်လက်ထက်မှာတော့ အခုလို စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။

လက်ရှိ နယူးဇီလန် ဝန်ကြီးချုပ် Christopher Luxon ကတော့ မြန်မာစစ်ကောင်စီအပေါ်ထားတဲ့ နယူးဇီလန် အစိုးရရဲ့ သဘောထားက ပြောင်းလဲမှု မရှိကြောင်းနဲ့ အခုကျင်းပမယ့် အာဆီယံအစည်းအဝေးဟာ နိုင်ငံရေးအရ ကိုယ်စားပြုသူတွေ ပါဝင်မှာ မဟုတ်ဘဲ၊ အလယ်အလတ်အဆင့်ရှိတဲ့ အရာရှိတွေရဲ့ ဆွေးနွေးပွဲဖြစ်ကြောင်းနဲ့ နယူးဇီလန်ဟာ အာဆီယံရဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် အာဆီယံအစည်းအဝေးကို လက်ခံကျင်းပတာမှာ အာဆီယံအဖွဲ့ရဲ့ သဘောဆန္ဒအတိုင်း ပြုလုပ်တာ ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတခုဖြစ်တဲ့ Radio New Zealand (RNZ) နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။

မြန်မာ့အရေး ဦးဆောင်လှုပ်ရှားသူ ဦးစွမ်းမြိုင်ကတော့ ဘယ်အစိုးရကမှ နိုင်ငံသားကို ကျော်လွန်ပြီး လုပ်ခွင့် မရှိတဲ့အတွက် နယူးဇီလန် အစိုးရအနေနဲ့ သွေးစွန်းနေတဲ့ စစ်ကောင်စီနဲ့ တတန်းတည်းထိုင်ပြီးတော့ လူရာသွင်းစကားပြောမယ်ဆိုရင် လက်ရှိ နယူးဇီလန် အစိုးရကို ရှေ့ဆက်တဲ့ နိုင်ငံရေး သက်တမ်းတွေမှာ အစိုးရ ဆက်မဖြစ်ဖို့တောင်းဆိုသွားမယ်လို့ပြောသွားပါတယ်။

Forum

XS
SM
MD
LG