သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ စာနာမှုအကူအညီတွေ ဟန့်တားမှုအတွက် အစ္စရေးကို ကုလသတိပေး


နေရပ်စွန့်ခွာနေကြရတဲ့ ပါလက်စတိုင်းဒေသခံများ (ဧပြီ ၁၅၊ ၂၀၂၄)
နေရပ်စွန့်ခွာနေကြရတဲ့ ပါလက်စတိုင်းဒေသခံများ (ဧပြီ ၁၅၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ကို စာနာမှုအကူအညီတွေ တင်ပို့၊ ဖြန့်ချီမှုတွေကို အစ္စရေးက တရားမဝင် ကန့်သတ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မနေ့ ဧပြီလ ၁၆ ရက်နေ့မှာ ပြောပါတယ်။ ဂါဇာမှာရှိတဲ့ အရပ်ဘက်အဆောက်အဦတွေကိုလည်း အစ္စရေးက ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးပစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Volker Türk ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က ပြောပါတယ်။

ဂါဇာမှာ ချက်ခြင်းအပစ်အခတ်ရပ်စဲပြီး ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ပြန်လွတ်ပေးတဲ့အပြင် စာနာမှုအကူအညီတွေကိုလည်း အဟန့်အတားမရှိ ချက်ခြင်း တင်ပို့ခွင့်ပြုဖို့ လူ့အခွင့်အရေးမဟာမင်းကြီးက ထပ်မံတောင်းဆိုကြောင်း Ravina Shamdasani က ပြောပါတယ်။

ဒီအတောအတွင်း - အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေလွတ်ပေးရေးဆိုင်ရာ ဆွေးနွေးမှုတွေဟာ အင်မတန် နူးညံ့သိမ်မွေ့တဲ့အဆင့်ကို ရောက်နေတယ်လို့ ကာတာနိုင်ငံ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Sheikh Mohammed bin Abdulrahman Al Thani က ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

လက်ရှိကြုံနေရတဲ့ အခက်အခဲ အဟန့်အတားတွေကို ကျော်လွှားပြီး သဘောတူညီမှုရနိုင်အောင် သူတို့အနေနဲ့ အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေကြောင်း သူကပြောပေမဲ့ ဘယ်ကိစ္စက အဟန့်အတားဖြစ်နေတယ်ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

ဂါဇာကမ်းမြောင်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်မှုတွေ အဆိုးရွားဆုံး အခြေအနေဖြစ်ပေါ်ပြီး စာနာမှုဆိုင်ရာ ကပ်ဘေးကြီးနဲ့ ကြုံတွေ့ရမယ့် အခြေအနေဖြစ်နေချိန်မှာဘဲ ကာတာနဲ့ အီဂျစ်နိုင်ငံတို့က ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုကို ဆက်လက် လုပ်ဆောင်နေကြတာပါ။

Forum

XS
SM
MD
LG