သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ အဖွဲ့ဝင်တွေ ပြည်ဝင်ခွင့်လျှောက်လွှာ နယူးဇီလန်ဆိုင်းငံ့


စစ်ကောင်စီကို အသိအမှတ်မပြုဖို့ သြစတြေးလျ-အာဆီယံ အစည်းအဝေးပြ်ပမှာ ဆန့်ကျင်ဆန္ဒပြနေကြတဲ့ သြစတြေးလျရောက်မြန်မာများ (မတ် ၄၊ ၂၀၂၄)
စစ်ကောင်စီကို အသိအမှတ်မပြုဖို့ သြစတြေးလျ-အာဆီယံ အစည်းအဝေးပြ်ပမှာ ဆန့်ကျင်ဆန္ဒပြနေကြတဲ့ သြစတြေးလျရောက်မြန်မာများ (မတ် ၄၊ ၂၀၂၄)

နယူးဇီလန်နိုင်ငံမှာ အခုသီတင်းပတ်နှောင်းပိုင်းကျင်းပမယ့် နယူးဇီလန်-အာဆီယံ ဆွေးနွေးပွဲကို တက်ဖို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားကြတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို နယူးဇီလန်အစိုးရက ဗီဇာထုတ်ပေးဖို့ ဆိုင်းငံ့လိုက်ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ စစ်ကောင်စီကိုယ်စားလှယ်တွေကို ဒီစည်းဝေးပွဲမှာ တက်ခွင့်ပြုမယ့်ကိစ္စကို နယူးဇီလန်မှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေက ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေ လုပ်ဆောင်ပြီး ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြတာကြောင့် နယူးဇီလန်အစိုးရက အခုလို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်တာလို့လည်း Myanmar Accountability Project မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

နယူးဇီလန်အစိုးရကို အဲဒီလို ဥပဒေကြောင်းအရ ဗဟိုတရားရုံးမှာ တရားစွဲဆိုခဲ့တဲ့အတွက် စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးဖို့ ဆိုင်းငံ့ထားလိုက်တယ်ဆိုတာကို အမည်မဖော်လိုတဲ့ အစိုးရအရာရှိက ပြောခဲ့တယ်လို့ ဒီကိစ္စကို ဦးဆောင် လှုပ်ရှားနေတဲ့ မစုဒါလီသန်းက ပြောပါတယ်။

ဥပဒေကြောင်းအရ ကန့်ကွက်မှုတွေရှိနေတာကြောင့် နယူးဇီလန်အစိုးရအနေနဲ့ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးဖို့ ဆိုင်းငံ့ထားတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချလိုက်တဲ့ကိစ္စကို မြန်မာနိုင်ငံမှာ တရားမဝင်အာဏာယူပြီး အုပ်ချုပ်နေတဲ့ စစ်ကောင်စီကိုလည်း အသိပေး အကြောင်းထားပြီးလောက်ပြီလို့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

နယူးဇီလန် အာဆီယံ အစည်းအဝေး တက်ရောက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ တစုံတရာ ပြောဆိုတာ မကြားရသေးပါဘူး။

နယူးဇီလန် ဗဟိုတရားရုံးက မြန်မာစစ်ကောင်စီကိုယ်စားလှယ်တွေ နယူးဇီလန်ကို လာရောက်ခွင့် လုံးဝ ပိတ်ပင် ကန့်သတ်ကြောင်း ဆုံးဖြတ်ချက် မချသေးပေမယ့် နယူးဇီလန်-အာဆီယံ စည်းဝေးပွဲကို စစ်ကောင်စီဘက်က တက်နိုင်မယ့် အခွင့်အလမ်း နည်းသွားသလို သူတို့ တက်ခွင့်ရရေး နယူးဇီလန်အစိုးရကို ဖိအားပေး လုပ်ဆောင်ဖို့လည်း အချိန် မလုံလောက်တော့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီကို နိုင်ငံတကာအသိုက်အဝန်းမှာ တရားဝင်အသိအမှတ်ပြုရာ ရောက်စေမယ့် လုပ်ရပ်တွေကို သူတို့အနေနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ကန့်ကွက် ဆန္ဒပြသွားမှာဖြစ်ကြောင်း နယူးဇီလန် ဗဟိုတရားရုံးမှာ ဒီအမှုကို ပူးတွဲ လျှောက်ထားသူနောက်တဦးဖြစ်တဲ့ ဦးလှအေး ကလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် နယူးဇီလန်အစိုးရဟာ စစ်ကောင်စီအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တဲ့အပြင် စစ်ကောင်စီအဖွဲ့ဝင်တွေကိုလည်း ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်ပင်ထားခဲ့တာကြောင့် အခုသီတင်းပတ်ထဲ ကျင်းပဖို့ရှိတဲ့ နယူးဇီလန်-အာဆီယံ စည်းဝေးပွဲကိုတက်ဖို့ စစ်ကောင်စီကို ဖိတ်ကြားတဲ့လုပ်ရပ်ဟာ သူ့ဥပဒေကို သူပြန်ချိုးဖောက်ရာရောက်တဲ့အတွက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေက တရားရုံးမှာ ဦးတိုက် လျှောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG