သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ရိုဟင်ဂျာ ၁,၀၀၀ ကျော် အဓမ္မစစ်သားစုဆောင်းခံခဲ့ရ" ကုလလူ့အခွင့်အရေးကိုယ်စားလှယ်


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်Tom Andrews ( Feb. 2, 2024)
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်Tom Andrews ( Feb. 2, 2024)

အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကို အသက်သွင်းလိုက်ပြီးနောက်မှာ ရှောင်ပုန်းပြေးဖို့မလွယ်ဘဲ သွားလာခွင့်ပိတ်ပင်ခံထားရတဲ့ ရိုဟင်ဂျာတထောင်ကျော်ကို စစ်သားအဖြစ် အဓမ္မစုဆောင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

“လူသားဒိုင်းအဖြစ်အသုံးချဖို့ ရိုဟင်ဂျာလူငယ် ၁,၀၀၀ ကျော်လောက်ဟာ စစ်သားအဖြစ် အတင်း အဓမ္မစုဆောင်းခံခဲ့ရပြီးပြီလို့ ကျနော်တို့ ခန့်မှန်းပါတယ်။” လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ လေ့လာရေး ဌာန Southeast Asia Junction က ဧပြီလ ၂၄ ရက် (ဗုဒ္ဓဟူးနေ့က) ကျင်းပတဲ့ မြန်မာစစ်မှုထမ်းဥပဒေရဲ့ လူငယ်တွေ အပေါ် သက်ရောက်မှုအကြောင်း ဆွေးနွေးပွဲမှာ အွန်လိုင်းကတဆင့် တက်ရောက်တဲ့ တွမ်အင်ဒရူးစ်က အဲဒီလို ပြောသွားတာပါ။

ဒီလို ရိုဟင်ဂျာတွေကို အဓမ္မစုဆောင်းတာကို စစ်တပ်ဘက်က အမြဲငြင်းဆိုပြီး နိုင်ငံသားတွေကိုပဲ စစ်မှုထမ်းခိုင်းတာလို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ သူ့ရဲ့ စောင့်ကြည့်လေ့လာထားတဲ့ မှတ်တမ်းတွေကို အခြေခံပြီး ရိုဟင်ဂျာတွေ အတင်းအကြပ် စစ်တပ်ထဲ စုဆောင်းခံရတဲ့ အတွေ့အကြုံက စိတ်ကူးကြည့်လို့တောင် မရဘူးလို့ ပြောပါတယ်။ ကိုယ့်ရဲ့ လူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်တဲ့အထိ စွပ်စွဲခံရတဲ့အမှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်ထဲမှာ ပြန်ပြီး အတင်းအကြပ်စစ်မှုထမ်းဖို့ ဖိအားပေးခံရတာကို တွေးကြည့်ရင် မယုံနိုင်စရာ လို့ ဆိုပါတယ်။ ဒီ စစ်တပ်ကပဲ ရိုဟင်ဂျာ သန်းနဲ့ချီကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးအောင်လုပ်ခဲ့ပြီး ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေအောက်မှာနေရဖို့ လုပ်ခဲ့တာဖြစ်လို့ ဒီလုပ်ရပ်ဟာ အထူးတလည် ယုတ်မာတဲ့လုပ်ရပ်လို့ တွမ်အင်ဒရူးစ်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လူငယ်တွေက ရှေ့တန်းက အဓိက ဦးဆောင်နေတာဖြစ်လို့ ဒီ စစ်မှုထမ်းဥပဒေဟာ မြန်မာနိုင်ငံတဝန်းကလူငယ်တွေကိုလည်း ပစ်မှတ်ထားလုပ်ခဲ့တာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က အဲဒီဆွေးနွေးပွဲမှာ ထောက်ပြသွားပါတယ်။ လူငယ်တွေရဲ့ ထိရောက်အောင်စွမ်းဆောင်နိုင်မှု၊ စည်းရုံးမှု၊ လှုပ်ရှားနိုင်မှု စွမ်းရည်နဲ့ ရေရှည် အဆက်မပြတ် စိုက်လိုက်မတ်တပ် တော်လှန်ဆန့်ကျင်နေတာတွေကြောင့် စစ်ကောင်စီက သူ့အတွက် အလွန့်ကို အန္တရာယ်များတဲ့ လူငယ်တွေကို အထူးပစ်မှတ်ထားလာတာလို့ သူက ပြောပါတယ်။

Forum

XS
SM
MD
LG